Tuesday, September 2, 2014

ဒုတိယမြောက် အမေရိကန် ဓားစာခံ တစ်ဦးကို ခေါင်းဖြတ်သတ်သည့် ဗီဒီယိုကို IS အဖွဲ့ ထုတ်ပြန်



အစ္စလာမ်မစ် နိုင်ငံတော် (IS)အဖွဲ့သည် ၎င်းတို့ ဖမ်းဆီးထားသည့် ဒုတိယမြောက် အမေရိကန် နိုင်ငံသား တစ်ဦးအား ခေါင်းဖြတ်သတ်ခဲ့ကြောင်း သတင်းရရှိသည်။

အသက်(၃၁)နှစ်ရှိ စတီဗန်ဆော့လော့ဖ်ကို ခေါင်းဖြတ်သတ်နေသည့် ဗီဒီယိုကို IS အဖွဲ့က ထုတ်ပြန် ပြသခဲ့သည်။ ဆော့လော့ဖ်သည် သတင်းထောက် ဂျိမ်းစ်ဖိုလေအပြီး IS တို့၏ ခေါင်းဖြတ်သတ်ဖြတ်မှုကိုခံရသည့် ဒုတိယမြောက် အမေရိကန် နိုင်ငံသား ဖြစ်လာသည်။ ထို့အပြင် IS တို့က မိမိတို့ ဖမ်းဆီးထားသည့် ဗြိတိန် နိုင်ငံသား တစ်ဦးကိုလည်း ခေါင်းဖြတ်ပစ်မည်ဟု ဗီဒီယိုထဲတွင် ခြိမ်းခြောက်ထားသည်။အမေရိကန်က အီရတ်နှင့် ဆီးရီးယားတို့တွင် လှုပ်ရှားနေသည့် IS စစ်သွေးကြွများကို လေကြောင်းမှ တိုက်ခိုက်နေမှုကို IS အဖွဲ့က ယခုကဲ့သို့ လက်တုံ့ပြန်နေခြင်း ဖြစ်သည်။ ဖိုလေကို သတ်ဖြတ်သည့် ဗီဒီယို ထွက်ပေါ်လာပြီးနောက် ဆော့လော့ဖ်၏ မိခင်က မိမိ၏ သားဖြစ်သူကို အသက်ချမ်းသာပေးရန် IS aခါင်းဆောင် အဘူဘေကာ အယ်လ်ဂ္ဂဒက်ဒီကို ရည်ညွှန်း တောင်းပန်ခဲ့ဖူးသည်။ ဆော့လော့ဖ်သည် (၂၀၁၃)ခုနှစ် ကတည်းက ဆီးရီးယားတွင် ပြန်ပေးဆွဲ ခံခဲ့ရသူ ဖြစ်သည်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဂျော့ရှ်အားနက်စ်က အမေရိကန် အစိုးရအနေဖြင့် ယခုကိစ္စကို မှန်ကန်ခြင်းရှိ၊ မရှိ စိစစ်နေကြောင်း ပြောကြားခဲ့သည်။ အမေရိကန်၏ လေကြောင်းထိုးစစ်များက IS အဖွဲ့၏ စစ်ရေးလှုပ်ရှားမှုများကို ရပ်တန့်သွားစေပြီး အီရတ်နှင့် ကာဒစ်ရှ် တိုက်ခိုက်ရေးသမားများကို စစ်ရေး သာလာစေသည်။ အမေရိကန် တိုက်လေယာဉ်များကို တိုက်ရိုက်တုံ့ပြန်ရန် မဖြစ်နိုင်သည့်နောက် IS တို့သည် အနောက်နိုင်ငံများကို တုန်လှုပ်စေမည့် သတင်းအချက်အလက်ဖြင့် စစ်ဆင်ခြင်း နည်းလမ်းကို အသုံးပြုနေခြင်း ဖြစ်နိုင်ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။

(၂)မိနစ်ခွဲမျှ ကြာမြင့်ပြီး A Second Message to America ဟု အမည်ပေးထားသည့် ဗီဒီယိုကို သဲကန္တာရ တစ်ခုအတွင်း ရိုက်ကူးထားသည်။ အဆိုပါ ဗီဒီယိုတွင် ဆော့လော့ဖ်ကို ခေါင်းဖြတ်သတ်သည့် IS စစ်သွေးကြွမှာ ဖိုလေကို သတ်ဖြတ်သူပင် ဖြစ်နိုင်ကြောင်း ယူဆမှုများ ရှိနေသည်။ ဗီဒီယိုထဲတွင် လူသတ်သမားသည် အနက်ရောင်ဝတ်စုံကို အလွန်လုံခြုံစွာ ဖုံးဖိဝတ်ဆင်ထားပြီး ဆော့လော့ဖ်မှာ လိမ္မော်ရောင် ဝတ်စုံနှင့် ရှိနေသည်။

ဆော့လော့ဖ်သည် အသတ်မခံရမီ အမေရိကန်သမ္မတ ဘာရတ်အိုဘားမားထံ လိပ်မူသည့် အမေရိကန်ဆန့်ကျင်ရေး ဝါဒဖြန့် စာတစ်စောင်ကို ဖတ်ကြားပြခဲ့ရသည်။ ထို့နောက် ဖိုလေကို သတ်ဖြတ်စဉ်ကအတိုင်း ဗြိတိသျှ လေသံဖြင့် စကားပြောသည့် လူသတ်သမားက “ငါပြန်လာပြီ အိုဘားမား။ ငါပြန်လာပြီ။ ဘာဖြစ်လို့လဲဆိုတော့ ငါတို့ အလေးအနက် သတိပေးထားလျက်နဲ့ အစ္စလာမ်မစ် နိုင်ငံတော်အပေါ် အထက်စီးဆန်ဆန် မူဝါဒမျိုး မင်းက ထားရှိခဲ့တဲ့ အတွက်ပဲ”ဟု ပြောကြားခဲ့သည်။ အဆိုပါ ဗီဒီယိုသည် ဗြိတိသျှ ဓားစာခံတစ်ဦးကိုလည်း အလားတူ ခေါင်းဖြတ်သတ်မည်ဆိုသော ခြိမ်းခြောက်မှုဖြင့် အဆုံးသတ်သွားသည်။

အားနက်စ်က အမေရိကန် အစိုးရသည် ဆော့လော့ဖ်၏ မိသားစုနှင့်အတူ ဝမ်းနည်း စိတ်မကောင်း ဖြစ်မိကြောင်း ပြောကြားခဲ့သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး ဂျန်ဆာကီက “ဒီဗီဒီယိုသာ အမှန်တကယ် ဖြစ်တယ်ဆိုရင် ကျွန်မတို့ အနေနဲ့ အခုလို ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်မျိုးကို အင်မတန် အော်ဂလီဆန်မိပါတယ်”ဟု ပြောကြားခဲ့သည်။ သူမက IS တို့လက်တွင် အမေရိကန် နိုင်ငံသား နောက်ထပ် အရေအတွက် အနည်းငယ် ဖမ်းဆီးခံထားရဆဲဟု ယုံကြည်ရကြောင်းလည်း ဆက်လက် ပြောဆိုသွားသည်။

အမေရိကန်သည် ပြီးခဲ့သည့်လက အီရတ်မြောက်ပိုင်းရှိ IS အဖွဲ့၏ စစ်ရေးပစ်မှတ်များကို အကြိမ်(၁၂၀)မျှ လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး ဖြစ်သည်။

_Ref: BBC

7Day Daily

0 comments:

Post a Comment