Friday, November 14, 2014

ကင်ညာမှ ရိုးရာအစွဲအရ မိန်းမကိုယ် လှီးဖြတ်သည့် ဓလေ့အကြောင်း တစ်စေ့တစ်စောင်း

ရိုက်တာ သတင်းဌာနမှ ဓာတ်ပုံ သတင်းထောက် ဆီးဖရိတ် မိုဒိုလာက ကင်ညာနိုင်ငံ ကျေးလက် တောနယ်ပိုင်း တစ်နေရာသို့ သွား ရောက်ကာ တိုင်းပြည် အတွင်း ဥပဒေဖြင့် တားမြစ်ထား သော်လည်း ရိုးရာစွဲကာ ပြုလုပ်နေကြဆဲဖြစ်သည့် အပျိုပေါက်အရွယ် မိန်းကလေးများကို ဓလေ့ထုံးစံအရ မိန်းမကိုယ် လှီးဖြတ်သည့် ပွဲတစ်ခုသို့ သွားရောက် လေ့လာကာ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့သည်။ မိုဒိုလာသည် ဘာရင်ဂို စီရင်စုရှိ ပိုကော့ လူမျိုးစုများ နေထိုင် ရာသို့ သွားရောက်ကာ မှတ်တမ်း ဓာတ်ပုံများ ရိုက်ကူး ခဲ့ခြင်း ဖြစ်သည်။ မိုဒိုလာ၏ မှတ်တမ်းများကို ဗြိတိန် သတင်းစာ Daily Mail က ဖော်ပြခဲ့ရာ တစ်ဆင့် ပြန်လည် ဖော်ပြ လိုက်ပါသည်။




မိန်းမကိုယ် လှီးဖြတ်ပြီးနောက် နာကျင်မှုကြောင့် ငိုကြွေးနေသည့် မိန်းကလေး။ ဓာတ်ပုံ - Daily Mail

ကင်ညာ နိုင်ငံသည် ယင်းဓလေ့ကို ဥပဒေဖြင့် တားမြစ် ပိတ်ပင်ထားသည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်သော်လည်း အာဖရိက မျိုးနွယ်စု များတွင် မိန်းကလေး တစ်ဦးကို အိမ်ထောင်ရက်သား ချထားပေး နိုင်ရန် အတွက် အရွယ်ရောက် မိန်းမသား တစ်ဦး ဘဝသို့ ပြောင်းလဲ ပေးခြင်း အဖြစ် ပြုလုပ်သည့် ဓလေ့စွဲ အယူအဆကြောင့် ယင်းသို့ မိန်းမကိုယ် လှီးဖြတ်ကာ အရွယ်ရောက်သည့် မိန်းမသား ဘဝ ကူးပြောင်းခြင်းသည် ဥပဒေထက်ပင် ဒေသခံ လူမျိုးများ အတွက် ပိုအဓိကကျ အရေးပါ နေခြင်း ဖြစ်သည်။



မိန်းမကိုယ် လှီးဖြတ်သည့် အခမ်းအနား ပြုလုပ်နေစဉ်။ ဓာတ်ပုံ - Daily Mail

မိုဒိုလာ ရိုက်ကူးလာသည့် ဓာတ်ပုံများတွင် ရိုးရာ ဓလေ့ ထုံးစံ အတိုင်း မိန်းမကိုယ် လှီးဖြတ်မည့် ပိုကော့မျိုးနွယ် မိန်းကလေး လေးဦးတို့ ကို ဆေးဖြူများ လိမ်းကျံလျက် သားရေနယ် တစ်ခုစီကို ခြုံကာ ကျောက်တုံးပေါ်တွင် ဆောင့်ကြောင့်ထိုင် နေကြသည်ကို တွေ့ ရသည်။ ယင်းမိန်းကလေး များ၏ နာကျင်မှုကြောင့် မျက်ရည်အရွှဲသားဖြင့် ငိုယို နေသည် ကိုလည်း မိုဒိုလာက မှတ်တမ်းတင် ထားနိုင်ခဲ့သည်။



မိန်းမကိုယ် လှီးဖြတ်မည့် မိန်းကလေးများကို ဆေးအဖြူများ လိမ်းကြံနေစဉ်။ ဓာတ်ပုံ - Daily Mail

ယင်းဓလေ့သည် အသက်အန္တရာယ်ပါ ရှိသည့် ဓလေ့ ဖြစ်ခြင်းကြောင့် ကင်ညာ အစိုးရက လွန်ခဲ့သည့် သုံးနှစ်မှ စတင်ကာ ဥပဒေထုတ် တားမြစ်ထား သော်လည်း ကင်ညာ အမျိုးသမီး များ၏ လေးပုံ တစ်ပုံက ယင်းဓလေ့ အတိုင်းမိန်းမကိုယ် လှီးဖြတ်ထား ကြသည်။

"ဒီဓလေ့က အမြဲတမ်း ဖြစ်သွားမှာပါ။ မိန်းကလေးတွေ အနေနဲ့ အိမ်ထောင် သားမွေး ပြုတော့မယ်ဆို အရေပြား လှီးဖြတ် ကြရတယ်။ ဒါက သူတို့ကို အရွယ်ရောက်သူ ဖြစ်စေ တယ်လေ"ဟု အာဏာပိုင်များက ဥပဒေနှင့် အရေးယူ လာမည်ကို ကြောက်ရွံ့ ၍ အမည်မဖော်သူ ဖခင် တစ်ဦးက ပြောသည်။ ၎င်း၏ သမီး တစ်ယောက်သည် မိုဒိုလာ ရောက်ရှိနေသည့် ပွဲက မိန်းကလေး လေးဦး အနက်က တစ်ဦး ဖြစ်သည်။



ရိုးရာအခမ်းအနားကို ထိတ်လန့်တကြား ဆင်နွှဲ ကြရမည့် မိန်းကလေး လေးဦး။ ဓာတ်ပုံ - Daily Mail

ပွဲတော်ညတွင် တောက်ပ ပြိုးပြက်သည့် ဝတ်စုံများ ဝတ်ဆင်ကြကာ မီးပုံပတ်လည် ဝိုင်းဖွဲ့ ၍ မိန်းမကိုယ် လှီးခံရသည့် မိန်းကလေး များကို ဝိုင်းရံ သီဆို ကခုန်ကြသည်။ မိန်းမကိုယ် လှီးဖြတ်ခြင်းသည် ပိုကော့မျိုးနွယ်အသိုင်းအဝန်းတွင် အခရာကျသည့် ဓလေ့ တစ်ရပ် ဖြစ်သည်။ "ဒီလိုလုပ်လို့ နာကျင် တာက သူ့ အတွက် ခွန်အားပါ။ ကျန်တဲ့ သူတွေကို သူမှာ အစွမ်းရှိကြောင်း ပြသ လိုက်ခြင်းလည်း ဖြစ်တယ်လေ။ ဒီလို အလုပ်ခံတဲ့ သမီးကြောင့် ကျွန်မတို့ အတွက်လည်း ဂုဏ်ရှိတာပေါ့"ဟု မိခင် တစ်ဦးကလည်း ပြောသည်။

မိန်းမကိုယ် လှီးဖြတ်ခြင်း ဆိုသည်မှာ မိန်းမကိုယ် အပြင် နှုတ်ခမ်းနှင့် အစေ့တို့ အပါအဝင် လိင်စိတ် စေ့ဆော်ရာ အင်္ဂါများကို ဖယ်ရှားခြင်း ဖြစ်သည်။ ထိုသို့ လှီးဖြတ် ဖယ်ရှား ပြီးနောက် ယောနိ မွေးလမ်းကြောင်းကို ပြန်လည် ချုပ်ကာ လိင်အာသီသ ဆန္ဒကို လျော့ကျ စေအောင် ပြုလုပ်ခြင်း ဖြစ်သည်။ လှီးဖြတ်ရာတွင် ဘရိတ်ဓား အပြင် မှန်ကွဲစနှင့် ကတ်ကြေး တို့ကိုလည်း အသုံးပြု တတ်ကြသည်။



လှီးဖြတ်ရာတွင် သုံးခဲ့သည့် ဘလိတ်ဓား၊ တစ်ခါတစ်ရံတွင် ပုလင်းကွဲနှင့် ကတ်ကြေးတို့ ကဲ့သို့သော အရာများကိုပါ အသုံးပြုလေ့ ရှိသည်။ ဓာတ်ပုံ - Daily Mail

မိန်းမကိုယ် လှီးဖြတ်ခြင်းကို အာဖရိကနှင့် အရှေ့  အလယ်ပိုင်း တို့တွင် ပြုလုပ်ကြသည်။ နိုင်ငံပေါင်း ၂၉ နိုင်ငံတွင် ယင်းသို့ ပြုလုပ်ကြရာ အမျိုးသမီးပေါင်း ၁၂၅ သန်းကျော် မိန်းမကိုယ် လှီးဖြတ်ခြင်း ပြုလုပ် ထားကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။ ကင်ညာ နိုင်ငံတွင် ယင်းကဲ့သို့ လုပ်ဆောင် ရာမှ လူသေဆုံး ပါက သေဒဏ်ပေး နိုင်သည် အထိ ဥပဒေ ထုတ်ထားသည်။ ယင်းသို့ မိန်းမကိုယ် လှီးဖြတ် ခြင်းသည် သွေးလွန်ခြင်း၊ သတိမေ့ လဲခြင်းနှင့် ကလေး မီးဖွားရ ခက်ခြင်း တို့ကိုလည်း ဖြစ်စေ နိုင်သည်။



လှီးဖြတ်မှုကြောင့် ကျဆင်းနေသည့် သွေးများ။ ဓာတ်ပုံ - Daily Mail

ကင်ညာတွင် ယင်းဓလေ့နှင့် ပတ်သက်ကာ ကိုင်တွယ် ဖြေရှင်းရေး အဖွဲ့ ကို မတ်လ အတွင်းက ဖွဲ့ စည်း ခဲ့သည်။ ယင်းအဖွဲ့ က စစ်ဆေး နေသည့် အမှုပေါင်း ၅၀ လက်တလော အချိန်တွင် ရှိနေသည်။ ယင်းဓလေ့ ပျောက်ကွယ် သွားရေးတွင် တာဝန်ရှိသူ များက ဒေသခံ မျိုးနွယ်စု များ၏ သဘောထား များကို ပြောင်းလဲ စေနိုင် မည်ဟု အကောင်းဖက်က ရှုမြင်နေ သော်လည်း အမြစ်တွယ်နေပြီ ဖြစ်သည့် ရိုးရာ ဓလေ့တစ်ရပ် ဖြစ်သောကြောင့် စိန်ခေါ်မှု များစွာ ရှိနေသည်။

"စိန်ခေါ်မှု ထောင်သောင်း ချီပြီး ရှိနေတာပါ။ ဒါပေ့မယ်လည်း တစ်နေ့နေ့တော့ ဒါက နိဂုံးချုပ် သွားမှာပါ" ဟု ဖြေရှင်းရေး အဖွဲ့  ခေါင်းဆောင် ခရစ္စတင်း နန်ဂျာလာက ပြောခဲ့သည်။

Ref: Daily Mai

Mizzima

0 comments:

Post a Comment