Friday, November 14, 2014

IS အဖွဲ့ခေါင်းဆောင် ဘက်ဒါဒီ၏ အသံဖိုင်ကို ထုတ်ပြန်

ဘဂ္ဂဒက်၊ နိုဝင်ဘာ ၁၄။ အစ္စလာမ်မစ် နိုင်ငံတော် အဖွဲ့ IS သည် ၎င်းတို့၏ ခေါင်းဆောင် အဘူဘက်ကာ အယ်လ်ဘက် ဒါဒီ၏ အသံဖိုင်ဟု ဆိုသော ဖိုင်တစ်ခုကို ထုတ်ပြန် လိုက်သည်ဟု နိုဝင်ဘာ ၁၄ ရက်က ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အမေရိကန် ဦးဆောင် သော လေကြောင်း တိုက်ခိုက်မှု များကြောင့် ဘက်ဒါဒီ သေဆုံး (သို့မဟုတ်) ဒဏ်ရာရ သွားခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ အပြီး ရက်အနည်းငယ် အကြာတွင် ယခု ကဲ့သို့ အသံဖိုင် ထုတ်ပြန် လိုက်ခြင်းလည်း ဖြစ်သည်။



အသံဖိုင် ထွက်ပေါ်လာခဲ့သည့် IS တို့၏ ခေါင်းဆောင် အဘူဘေကာ။

လူမှုမီဒီယာမှ တစ်ဆင့် ထုတ်ပြန် လိုက်သော အသံဖိုင် ထဲတွင် အသံရှင်က IS အဖွဲ့ တိုက်ခိုက်ရေး သမား များသည် “တပ်သား တစ်ဦးတည်းသာ ကျန်ရစ်တော့ လျှင်တောင် တိုက်ခိုက်မှုကို ဘယ်တော့မှ ရပ်တန့် လိမ့်မည် မဟုတ်”ဟု ဆိုခဲ့သည်။ ထိုအသံဖိုင်မှာ အစစ်အမှန် ဖြစ်ဖွယ်ရှိ ပြီး လတ်တလော ပြောဆို သွင်းယူ ထားသော အသံဖိုင် ဖြစ်ဖွယ် ရှိကြောင်း သတင်း ထောက်များက ဆိုခဲ့ ကြသည်။ ဘက်ဒါဒီ သေဆုံးသွားပြီ ဖြစ်ကြောင်း သတင်းများကို ချေဖျက်နိုင်ရန် ရည်ရွယ်၍ ထိုအသံဖိုင်ကို ထုတ်ပြန်ခြင်း ဖြစ်ဖွယ်ရှိ ကြောင်းလည်း ဘီဘီစီမှ လေ့လာသုံးသပ် သူများက ဆိုကြသည်။ပြီးခဲ့သည့် သီတင်းပတ်က အီရတ်နိုင်ငံ မိုဆူးလ်မြို့ အနီးတွင် အမေရိကန် ဦးဆောင်သော လေကြောင်း တိုက်ခိုက်မှု တစ်ခုကြောင့် IS အဖွဲ့ ခေါင်းဆောင် ဘက်ဒါဒီ သေဆုံး (သို့မဟုတ်) ဒဏ်ရာရ သွားခဲ့ကြောင်း သတင်း များထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။ နိုဝင်ဘာ ၁၃ ရက်က ထုတ်ပြန် ခဲ့သော ၁၇ မိနစ်ကြာ အသံဖိုင် ထဲတွင် ထိုလေကြောင်း တိုက်ခိုက်မှုကို တိုက်ရိုက် ရည်ညွှန်း ပြောဆို ထားခြင်း မရှိသော်လည်း နောက်ပိုင်း ဖြစ်ရပ် အချို့ကို ပြောဆို ထားသည်။

အမေရိကန် ကာကွယ်ရေး ၀န်ကြီး ချက်ဟက်ဂယ်လ်က အမေရိကန် ဦးဆောင်သော ညွန့်ပေါင်း အဖွဲ့သည် IS အဖွဲ့အား တိုက်ခိုက်လျက် ရှိရာတွင် အောင်မြင် မှုများ ရရှိနေကြောင်း ဆိုခဲ့သော်လည်း ခက်ခဲ၍ ကြာရှည်မည့် တိုက်ပွဲ တစ်ရပ် အတွက် ပြင်ဆင် ထားရ လိမ့်မည် ဖြစ်ကြောင်းလည်း ပြောခဲ့သည်။

အီရတ်တွင် အမေရိကန်သည် နောက်ထပ် တပ်ဖွဲ့ဝင် ၁,၅၀၀ ခန့် ချထားမည် ဆိုသည့် အမေရိကန် သမ္မတ ဘားရက် အိုဘားမား၏ ဆုံးဖြတ်ချက်နှင့် ပတ်သက် ၍လည်း အဖွဲ့၏ အသံဖိုင် ထဲတွင် ပြောဆို ထားသည်။ မိုဆူးလ်မြို့ လေကြောင်း တိုက်ခိုက်မှု အပြီး သိပ်မကြာမီတွင် ထိုဆုံးဖြတ်ချက်ကို အမေရိကန်က ကြေညာ ခဲ့ခြင်း ဖြစ်သည်။

အသံဖိုင် ထဲမှ ပြောဆိုမှု ထဲတွင် အာခံမှု ရောစွက်နေကာ သွေးထိုး လှုံ့ဆော် ထားသော အသံ ဖြစ်ကြောင်း ဘီဘီစီ၏ အာရပ်ရေးရာ အယ်ဒီတာ ဆီဘက်စတီ ယန် အာ့ရှားက ဆိုခဲ့ပြီး အသံနေ အသံထားနှင့် ဘာသာစကား အသုံးအနှုန်းမှာ IS အဖွဲ့ခေါင်းဆောင် ဘက်ဒါဒီ၏ အသံမျိုးနှင့် အသုံးအနှုန်းမျိုး ဖြစ်ကြောင်း ဆိုခဲ့သည်။ IS အဖွဲ့ကို အားပေး ထောက်ခံကြသူများ အနေဖြင့် ကမ္ဘာ အ၀န်းတွင် ဂျီဟတ် မီးတောင်များ သဖွယ် ပေါက်ကွဲ ပစ်ကြရန် အသံဖိုင်က တိုက်တွန်း လှုံ့ဆော် ထားသည်။

IS အဖွဲ့၏ ရန်သူများ ကိုလည်း “ဂျူးများ၊ ခရူးဆိတ်စစ်ပွဲ ဆင်နွှဲသူများ၊ သစ္စာဖောက်များ၊ မကောင်းဆိုးဝါးများ”ဟု အသံရှင်က ပြောဆို ပုတ်ခတ်ခဲ့ပြီး အမေရိကန်နှင့် မဟာမိတ်များမှာ “ကြောက်လန့် အားနည်း နေကြကာ စွမ်းအားမရှိ” ဟုလည်း ပြောဆို ခဲ့သည်။

အသံဖိုင် ထဲတွင် ဆော်ဒီ အာရေးဘီးယား ခေါင်းဆောင်များ ကိုလည်း “မြေဦးခေါင်း”ဟု ခေါ်ဆို ပုတ်ခတ်ထားကာ၊ ဆီးရီးယားနှင့် အီရတ်တွင် အမေရိကန် ဦးဆောင် ပြုလုပ်နေသော စစ်ရေး တိုက်ခိုက်မှုများမှာ ကျရှုံး နေသည် ဟုလည်း ပြောဆို ခဲ့သည်။

Ref: BBC

Mizzima

0 comments:

Post a Comment