Saturday, November 1, 2014

အပေးအယူလုပ်ဖို့ လိုအပ်နေတဲ့ ၄၃၆ ပြင်ဆင်ရေး

လွှတ်တော်အတွင်းရှိ တပ်မတော်သား ကိုယ်စားလှယ်အချို့ကို စက်တင်ဘာလ အတွင်းက တွေ့ရစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

လက်ရှိ မြန်မာ့နိုင်ငံရေးမှာ ဒီမိုကရေစီ အင်အားစုတွေနဲ့ ပြည်သူတွေရဲ့ ကြီးမားတဲ့ မျှော်လင့်ချက်
ကတော့ အငြင်းပွားဖွယ်ရာတွေ ပြည့်နှက်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်နိုင်ရေး
ပါပဲ။သို့ပေမဲ့ လွန်ခဲ့တဲ့ သီတင်းပတ်က ထွက်ပေါ်လာတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး
အကောင်အထည်ဖော်မှု ကော်မတီရဲ့ အစီရင်ခံစာမှာ တင်ပြထားတဲ့ တပ်မတော်ရဲ့
သဘောထားတွေက ဒီမိုကရေစီ လိုလားသူ တွေနဲ့ ပြည်သူလူထုရဲ့ မျှော်လင့်ချက်ကို
ေ၀၀ါးစေခဲ့ပါတယ်။

စာမျက်နှာ ၁၁၆ မျက်နှာပါဝင်တဲ့ ကော်မတီရဲ့ အစီရင်ခံစာမှာ ပြည်သူလူထု ငါးသန်းကျော်
လက်မှတ်ရေးထိုးတောင်းဆိုထားတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အပါအ၀င် ဒေါ်အောင်ဆန်းစုကြည်
သမ္မတ ဖြစ်ခွင့်ကို တားဆီးထားတဲ့ ပုဒ်မ ၅၉(စ)၊ မြန်မာ့နိုင်ငံရေးရဲ့ အဓိက အခန်းကဏ္ဍမှာ
ပါဝင်နေတဲ့ တပ်မတော်ရဲ့ ဦးဆောင်မှု၊ တိုင်းရင်းသားဒေသတွေရဲ့ လုပ်ပိုင်ခွင့် အခွင့်အရေးစတဲ့
ပုဒ်မတွေကို ပြင်ဆင်ဖို့ ကော်မတီဝင်တွေရဲ့ သဘောထားမှတ်ချက်နဲ့အတူ ပြင်ပနိုင်ငံရေးအင်အားစု
တွေရဲ့ အမြင်တွေကို ပေါင်းစပ်ဖော်ပြထားပါတယ်။

အစီရင်ခံစာ တစ်ခုလုံးကို ခြုံကြည့်မယ်ဆိုရင် အတိုက်အခံ ပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ် (အန်င်အယ်လ်ဒီ) ပါတီအပါအ၀င် အခြားဒီမိုကရေစီ အင်အားစုတွေက တပ်မတော်ရဲ့
ပါဝင်မှု အခန်းကဏ္ဍကို လျှော့ချဖို့ မှတ်ချက်ပေးကြပေမယ့် တပ်မတော်ဘက်တော့ နောက်ဆုတ်ဖို့
စိတ်ကူးမရှိတဲ့အပြင် တပ်ရဲ့ အနာဂတ် ရပ်တည်မှုကို ပိုမိုခိုင်မာစေချင်တဲ့ သဘောထားတွေ
ထည့်သွင်းလာတာကို တွေ့ရပါတယ်။

ဒါပေမဲ့ ကော်မတီရဲ့ အစီရင်ခံစာဟာ သဘောထားမှတ်ချက်တွေသာ ဖြစ်ပြီး ဒီမှတ်ချက်တွေကို
အတည်ပြုဖို့အတွက် လာမယ့် နိုဝင်ဘာလ ၁၃ ရက်နေ့က စပြီး ပြည်ထောင်စုလွှတ်တော်မှာ
စတင် ဆွေးနွေးရတော့မှာပါ။

အစီရင်ခံစာပါ မှတ်ချက်တွေကို အတည်ပြုဆွေးနွေးနိုင်ဖို့ လွှတ်တော်နာယက သူရဦးရွှေမန်းက
အချိန်ကာလ တစ်ပတ်သာ သတ်မှတ်ထားတာကြောင့် လွှတ်တော် ကိုယ်စားလှယ်တွေက
ကိုယ်ဆွေးနွေးမယ့် ခေါင်းစဉ်အလိုက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပါပြီ။

ဆွေးနွေးတဲ့ အခါမှာလည်း ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေတဲ့ မှတ်ချက်တွေအတွက်
လွှတ်တော်တွင်းမှာ အချေအတင် ဆွေးနွေးမှုတွေလည်း ရှိလာနိုင်တယ်လို့ ကိုယ်စားလှယ်တွေက
ဆိုပါတယ်။

"ကိုယ်စားလှယ် တော်တော်များတော့ ဆွေးနွေးဖြစ်မှာပါ။ အရေအတွက်တော့ တိတိကျကျ
ပြောလို့ မရသေးဘူး။ အားလုံးကတော့ ကိုယ်ဆွေးနွေးမယ့် အကြောင်းအရာအလိုက်
သေချာလေ့လာနေတယ်။ ဘယ်လို ရလဒ်မျိုးပဲ ရလာသည်ဖြစ်စေ ကျွန်တော်တို့ကတော့
ပြည်သူတွေရဲ့ စစ်မှန်တဲ့ ဆန္ဒကို တင်ပြပေးရမှာပဲ"လို့ အင်န်အယ်လ် ဒီပါတီကိုယ်စားပြု
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောပါတယ်။

ဆွေးနွေးမယ့် ကိုယ်စားလှယ်အရေ အတွက်က ၇၀ နီးပါးလောက်ရှိနိုင်ပြီး အတိအကျကိုတော့
မပြောနိုင်သေးဘူးလို့ ကော်မတီအဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

"ကျွန်တော်တို့ ပါတီကတော့ ခုနစ်ယောက်လောက် ဆွေးနွေးဖြစ်မယ်ထင်တယ်။ ဘယ်သူ
ဘာဆွေးနွေးမလဲ ဆိုတာကတော့ အစည်းအဝေးခေါ်ပြီး ညှိနှိုင်းကြမယ်"လို့ ရှမ်းတိုင်းရင်းသားများ
ဒီမိုကရက်တစ် ပါတီ ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမောင်တင်က
ဆိုပါတယ်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆွေးနွေးမှုတွေအတွက် လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့
ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပေမယ့် ဗီတိုအာဏာ ဆုပ်ကိုင်ထားတဲ့ တပ်မတော်ဘက်က
ပြင်ဆင်ရေးရဲ့ အဓိက သော့ချက် ပုဒ်မ ၄၃၆ ကို မပြင်လိုဘူးလို့ မှတ်ချက်ပြုထားတာကြောင့်
သူတို့ရဲ့ ဆွေးနွေးမှုတွေက ဘယ်လောက်အထိ သက်ရောက်မှု ရှိမယ်ဆိုတာကိုတော့
မပြောနိုင်သေးပါဘူး။

၄၃၆ ကို ပြင်ဆင်ဖို့ တပ်ဘက်က ငြင်းဆန်နေတဲ့ အချိန်မှာ ပြည်ထောင်စု လွှတ်တော်
ကိုယ်စားလှယ် ဦးရေရဲ့ ၇၅ ရာခိုင်နှုန်းကျော်အစား ကိုယ်စားလှယ်အရေအတွက် သုံးပုံ နှစ်ပုံ
ဒါမှမဟုတ် စုစုပေါင်း အမတ်ဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကျော်နဲ့ ပြင်နိုင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့
တခြားပါတီတွေက အကြံပြုထားပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကတော့ တိကျ ရေရာတဲ့ အကြံပြုချက်မပေးဘဲ
"ပြည်သူများ နှင့် ပြည်သူ့ကိုယ်စားလှယ်များ၏ အရေးပါမှု အခန်းကဏ္ဍကို အခြေအနေ
အချိန်အခါနှင့် လိုက်လျောညီစွာ တိုးမြှင့်ပေးရမည်"လို့ အကြံပြုထားတဲ့အတွက် ပါတီရဲ့
အကြံပြုချက်က ပြင်ဆင်ရေးကို လက်ရှောင်နေတယ်လို့ ဝေဖန်ခံနေရပါတယ်။

အတိုက်အခံလွှတ်တော်ကိုယ်စားလှယ် တွေအနေနဲ့ ပြင်ဆင်ရေးအတွက် ဘယ်လိုပဲ ပြင်ဆင်ထား
ပါစေ နောက်ဆုံး မဲခွဲ ဆုံးဖြတ်တဲ့အခါ ဗီတိုအာဏာ ပိုင်ဆိုင်ထားတဲ့ တပ်မတော်နဲ့ ကြားနေတဲ့
ကြံ့ခိုင်ရေး ပါတီတို့က တစ်သားတည်း ရပ်တည်လိုက်မယ်ဆိုရင် သေချာပေါက် အရှုံးနဲ့
ရင်ဆိုင်ရမှာတော့ မလွဲမသွေပါဘဲ။

လွှတ်တော် နာယက သူရ ဦးရွှေမန်းကသာ သူမကြာခင်က မိတ်ဆက်လိုက်တဲ့ ဗြောင်မဲပေးတဲ့
စနစ်နဲ့သာ မဲခွဲဆုံးဖြတ်လိုက်မယ်ဆိုရင် အနိုင်၊ အရှုံး မဲရလဒ်ကလည်း အပြတ်အသတ်ကို
ကွာမယ့် အနေအထားရှိပါတယ်။

"အရပ်သားတစ်ပိုင်း အစိုးရမှာ အာဏာ သုံးရပ် ခွဲဝေကျင့်သုံးတယ် ဆိုပေမယ့် ပြည်သူအားလုံး
နားလည်တာက တစ်ဖွဲ့ တည်းလို့ပဲ မြင်တာပဲ။ အခုလွှတ်တော်မှာ ကိုယ်စားလှယ် အများဆုံး
ရထားတဲ့ ကြံ့ခိုင်ရေးနဲ့ စစ်တပ်ကလည်း တစ်သားတည်းပဲ။ ဒီလို လွှတ်တော်မျိုးမှာ တိုင်းပြည်
အတွက် ဒီလောက်အရေးကြီးတဲ့ ကိစ္စကို မဲခွဲဆုံးဖြတ်လို့ ရှုံးတယ်ဆိုရင် ဒါ နိုင်ငံရေး အရ
အင်အားနဲ့ အနိုင်ကျင့်မှုပဲ။ ဒါကြောင့် တပ်မတော်အနေနဲ့ ပြန်ပြီး သုံးသပ်စေချင်တယ်။ ပြန်ပြီး
ဆွေးနွေညှိနှိုင်းပြီးမှ ဆုံးဖြတ်သင့်တယ်"လို့ ၈၈ မျိုးဆက်(ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)
က ကိုမြအေး က ပြောပါတယ်။

ပုဒ်မ ၄၃၆ နဲ့ ပုဒ်မ ၆ (စ)မှာ ဖော်ပြထားတဲ့ နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှာ တပ်ရဲ့
အစဉ်တစိုက်ပါဝင်မှုကို ပြင်ဆင်ဖို့ ကာကွယ်နေပေမယ့် တပ်ဘက်က ကာလုံ ရဲ့ အခန်းကဏ္ဍကို
မြှင့်တင်ဖို့ ကြိုးပမ်းတာဟာ မြန်မာနိုင်ငံရေးမှာ မတည်ငြိမ်မှုတွေကို ဖြစ်လာမှာကို စိုးရိမ်စိတ်တွေ
လွန်ကဲနေပုံရပြီး အတိုက်အခံတွေပေါ်မှာလည်း သံသယစိတ်တွေ စိုးမိုးနေတယ်လို့ နိုင်ငံရေး
အင်အားစုတွေက သုံးသပ်ပါတယ်။

ပုဒ်မ ၄၃၆ ကို မပြင်နိုင်ရင်တောင် တပ်ဘက်က သဘောတူရင် ကျန်တဲ့အချက်တွေကို ပြင်ဖို့
အခွင့်အလမ်းရှိနေပေမယ့် မျှော်လင့်ချက်က အလွန်နည်းပါတယ်။

"ဖြစ်သင့်တာက ရှိနေတဲ့ သံသယတွေ ကို ပွင့်ပွင့်လင်းလင်းဆွေးနွေး အဖြေရှာပြီး ကောင်းမွန်တဲ့
သမိုင်းကြောင်းတစ်ခုကို တည်ဆောက်သင့်တယ်။ ဒီလိုမှမဟုတ်ဘူး ဆိုရင် အဆိုးသံသရာထဲမှာ
တ၀ဲလည်လည် ဖြစ်နေဦးမှာပဲ" လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က
ပြောပါတယ်။

ပုဒ်မ ၄၃၆ ကို ပြင်ခြင်း၊ မပြင်ခြင်းဟာ ၂၀၁၅ ရွေးကောက်ပွဲကို အကြီးအကျယ် သက်ရောက်မှု
မရှိနိုင်ပေမယ့် အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးအပေါ်မှာ လူထုရဲ့ ယုံကြည်မှုလျော့ကျနိုင်သလို
နှစ်ပေါင်း ၂၀ ကျော်မှ ဖြစ်ထွန်းလာတဲ့ လွှတ်တော်ရဲ့ သမိုင်းပုံရိပ်ကိုလည်း ထိခိုက်စေမှာပါ။

ဒါ့ပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့လည်း ခိုင်မာတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ဖို့
မလွယ်နိုင်ပါဘူး။

တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင် တွေပါဝင်တဲ့ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ
ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာကတော့ ဖွဲ့စည်းပုံဥပဒေ ပြင်ဖို့ တပ်ဘက်က
အလျော့ပေးမယ့် သဘောမရှိဘူးလို့ သုံးသပ်ပါတယ်။

"လက်ရှိ ငြိမ်းချမ်းရေး စားပွဲဝိုင်းမှာတောင် တပ်ဘက်က တင်းမာမှုတွေရှိနေတာ။ ဒါကို ပြင်ဖို့ဆိုတာ
လက်ခံဖို့ ခက်လိမ့်မယ်ထင်တယ်။ ငြိမ်းချမ်းရေးကလည်း ဒီအပေါ်မှာ မူတည်နေတာပဲ။ အခြေခံ
ဥပဒေကို မပြင်ဘဲနဲ့ စစ်မှန်တဲ့ ဖက်ဒရယ် တည်ဆောက်လို့ မရဘူးလေ"လို့ ဦးနိုင်ဟံသာက
ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းညွှန့်လွင် က တပ်ဘက်က
ကာလုံရဲ့ အခန်းကဏ္ဍကို မြှင့်တင်ချင်တယ်ဆိုရင် ပုဒ်မ ၄၃၆ ကို ပြင်ဖို့ အလျော့အတင်း
လုပ်သင့်တယ်လို့ သုံးသပ်ပါတယ်။

"နှစ်ခုစလုံးတော့ မရနိုင်ဘူး။ ကာလုံမှာ သူတို့လိုချင်တာ ထပ်ဖြည့်ချင်တယ်ဆိုရင် ပုဒ်မ ၄၃၆
ကိုတော့ ပြင်ပေးရမှာပဲ။ ပြည်သူလူထု ငါးသန်းကျော်ကလည်း ပြင်ဖို့ တောင်းဆိုတာကိုလည်း
သူတို့ ထည့်စဉ်းစားသင့်တယ်"ဆိုပါတယ်။

လက်ရှိအခြေအနေအရ ပုဒ်မ ၄၃၆ ပြင်နိုင်ဖို့ ရာခိုင်နှုန်း နည်းနေပေမယ့် အကယ်၍ မပြင်နိုင်ဘူး
ဆိုရင် နိုင်ငံရေး ပါတီတွေအနေနဲ့ ဘာဆက်လုပ်မလဲဆိုတာ အခုအချိန်အထိ တိတိကျကျ
ပြောနိုင်ခြင်း မရှိသေးပါဘူး။

နိုင်ငံရေး ပါတီတွေရဲ့ ပင်မရည်မှန်းချက်က ရွေးကောက်ပွဲ ၀င်ရေးဖြစ်တဲ့အတွက် ပါတီတွေအနေနဲ့
၂၀၁၅ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့တော့ မစဉ်းစားလောက်ဘူးလို့ ဦးစိုင်းညွန့်လွင့်က
ပြောပါတယ်။

မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းကတော့ လာမည့် ရွေးကောက်ပွဲ
မတိုင်မီ ပုဒ်မ ၄၃၆ ကို ပါတီတွေက အဆိုပြုထားတဲ့အတိုင်း မပြင်နိုင်ဘူးဆိုရင် လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပါတီကိုသာ ရွေးကောက်ပွဲ ၀င်စေပြီး သူ့အနေနဲ့ လွှတ်တော်
ပြင်ပနိုင်ငံရေးနဲ့ ပါတီတည်ဆောက်ရေးကိုသာ ခြေစုံပစ်ဝင် ဦးဆောင်သင့်တယ်လို့
အကြံပြုပါတယ်။

အစိုးရနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းမှာတော့ လက်ရှိနိုင်ငံရေး အကျပ်အတည်းတွေကို အဖြေရှာဖို့
ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုတဲ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲလို ဆွေးနွေးမှုတွေ
အောက်တိုလာလ ၃၁ ရက်မှာ ကျင်းပမယ်လို့ သတင်းတွေထွက် ပေါ်နေပါတယ်။

နိုင်ငံရေး လေ့လာသူတွေကတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဒီလိုအခွင့်အရေး ရခဲ့ရင်တောင်
လတ်တလော အကျပ်အတည်းတွေ ကျော်လွှားဖို့ တဒင်္ဂသဘောတူချက်မျိုး မဟုတ်ဘဲ စစ်မှန်တဲ့
ဒီမိုကရေစီ နိုင်ငံဖြစ်လာဖို့ ထိပ်ပိုင်းခေါင်းဆောင်တွေဆီက တိကျသေချာတဲ့ အပေးအယူတစ်ခု
ရယူလာနိုင်ဖို့က အရေးအကြီးဆုံးဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။

Myanmar Times

0 comments:

Post a Comment