Tuesday, November 4, 2014

မြို့တော်ခန်းမအတွင်းမှ ဘုန်းကြီးတစ္ဆေများ


မြေနီကုန်းခုံးကျော်တံတား တည်ဆောက်ရေးလုပ်ငန်းခွင်ကို မြင်တွေ့ရစဉ်/ဓာတ်ပုံ−ကျော်ဇင်သန်း

မြေကြွက်ကြီးများ ဥဒဟိုပြေးလွှားနေသည့် နောက်ဖေးလမ်းကြားများ၊ လကမ္ဘာ၏ မျက်နှာပြင်ကဲ့သို့ ဖြစ်နေသည့် လမ်းမများ၊ ရေလွှမ်းနေသည့် မြို့တော်၏ အဓိကလမ်းမများနှင့် အချိန်မရွေး အောက်သို့ပြုတ်ကျသွားနိုင်သည့် မြောင်းဖုံးများ၊ ဈေးသည်များဖြင့် ပြည့်နေသည့် ပလက်ဖောင်းများ စသည့် မြင်ကွင်းများသည် ရန်ကုန်မြို့သူ၊ မြို့သားများအတွက်တော့ အဆန်းမဟုတ်။မထူးဆန်းသည့် မြင်ကွင်းများအကြား လကမ္ဘာ၏ မျက်နှာပြင်ကဲ့သို့ ဖြစ်နေသည့် ရန်ကုန်လမ်းမများပေါ် နေ့စဉ်လျှောက်နေသည့် ရန်ကုန်မြို့သားများ သတိမထားမိသည့် အချက်တစ်ခုကိုတော့ တိုင်းဒေသကြီးလွှတ်တော် အမတ်အချို့နှင့် တိုင်းရင်းသားရေးရာဝန်ကြီးအချို့က သတိထားမိခဲ့သည်။

ပြီးခဲ့သည့်နှစ်များအတွင်းက တိုင်းဒေသကြီးအတွင်းရှိ လမ်းမအချို့တွင် ကတ္တရာလမ်းခင်းရန်အတွက် တစ်မိုင်လျှင် ကျပ်သိန်းပေါင်း ၁,၈၀၀ သုံးစွဲရန် ရန်ကုန်အာဏာပိုင်များက ဆုံးဖြတ်ခဲ့ကြသည်။ ထိုပမာဏသည် တိုင်းပြည်၏ ဖွံ့ဖြိုးမှုအနည်းဆုံး၊ နောက်အကျဆုံးဖြစ်သည့် ရခိုင်ပြည်နယ်တွင် ဖောက်လုပ်သည့် လမ်းများထက်ပင် တစ်မိုင်လျှင် ကျပ်သိန်း ၄၀၀ ပိုမိုများပြားနေကြောင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ထောက်ပြခဲ့သည်။

အကယ်၍သာ ရန်ကုန်တိုင်းဒေသကြီး အာဏာပိုင်များက လမ်းဖောက်လုပ်ရေးလုပ်ငန်းများတွင် ရခိုင်ပြည်နယ်၌ လုပ်ကိုင်နေသူများအား ငှားရမ်းလုပ်ကိုင်စေမည်ဆိုပါက တစ်မိုင်ဖောက်တိုင်း မူလတန်းကျောင်းတစ်ကျောင်း ဆောက်လုပ်နိုင်သည့် ငွေပမာဏ ပိုထွက်လာမည်ဖြစ်သည်။

‘‘တစ်မိုင်ဖောက်လိုက်တိုင်း မူလတန်းကျောင်းတစ်ကျောင်း ဆောက်လို့ရတယ်’’ဟု သင်္ဃန်းကျွန်းမဲဆန္ဒနယ်အမှတ် (၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်က ဝေဖန်ခဲ့သည်။

မြို့တော်ရန်ကုန်၏ ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ကိုင်နေသည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် အစိုးရသစ်လက်ထက်တွင် ပွင့်လင်းမြင်သာမှုအနည်းဆုံးနှင့် အငြင်းပွားဖွယ်ဆုံးဖြတ်ချက်များ အများအပြား ချမှတ်ခဲ့သည့်၊ ခေတ်ဟောင်းမှ ရုန်းမထွက်နိုင်သေးသည့် အဖွဲ့အစည်းတစ်ခုအဖြစ် ဝေဖန်မှုများ ခံရလျက်ရှိသည်။

‘‘ခြစားမှုကိစ္စမှာ ပိုပြီးတောင်ဆိုးလာတယ်လို့ ပြည်သူလူထုက ကျွန်မကို တိုင်ကြားတာတွေ့ရတယ်။ အထူးသဖြင့် မြေဂရန်ပေါ့။ မြေယာစီမံခန့်ခွဲမှုဌာနလို နေရာမျိုးဆိုရင် ပြည်သူလူထုရဲ့ တိုင်ကြားချက်တွေ အများကြီးရတယ်’’ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက ပြောသည်။

တပ်မတော်အရာရှိများသာ နှစ်ပေါင်းများစွာ အုပ်စိုးခဲ့သည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ခေတ်အဆက်ဆက်တွင် ဝေဖန်မှုအပြင်းအထန်ခံခဲ့ရသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

တပ်မတော်အရာရှိများကိုသာ နှစ်ပေါင်းများစွာ ခန့်အပ်ခဲ့သော ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ဥက္ကဋ္ဌနေရာဖြစ်သည့် မြို့တော်ဝန်နေရာကို အစိုးရသစ်လက်ထက်တွင်လည်း အစဉ်အလာများအတိုင်း တပ်မတော်အရာရှိဟောင်းတစ်ဦးဖြစ်သော ဦးလှမြင့်ကိုပင် ဆက်လက်ခန့်အပ်ခဲ့သည်။ သို့သော်လည်း မြို့တော်ဝန်သစ်သည် ဂျပန်၊ ဘရာဇီး စသည့် နိုင်ငံများတွင် သံအမတ်အဖြစ် ဆယ်စုနှစ်တစ်ခုနီးပါး လုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်သဖြင့် ယခင် မြို့တော်ဝန်များထက် ပြည်သူများအတွက် ပိုမိုလုပ်ဆောင်နိုင်မည့်သူတစ်ဦးအဖြစ်လည်း အမှတ်ပေးခဲ့ကြသည်။

သို့သော်လည်း မြို့တော်ဝန်သစ်နှင့် ၎င်းဦးဆောင်သည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ပြီးခဲ့သည့်နှစ်များအတွင်း ပြည်သူများ ယုံကြည်မှုရနိုင်သည့် အခွင့်အရေးများကို အသုံးမချနိုင်ခဲ့ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က ဝေဖန်ခဲ့သည်။

‘‘နိုင်ငံတကာက မြို့တော်ဝန်တွေဆိုရင် သူတို့ရဲ့ မြို့တော်သူ မြို့တော်သားတွေကို ထွက်ပြီးတွေ့တာ။ သူတို့ဘာတွေလုပ်နေတယ်ဆိုတာ အမြဲရှင်းပြလေ့ရှိတယ်။ အရင်က နယူးယောက်မြို့တော်ဝန်ဆိုရင် ရုံးတက်ရုံးဆင်းတာတောင် မြေအောက်ရထားနဲ့ သွားတာမျိုးတွေလုပ်တယ်။ အခုက ရန်ကုန်မှာ ဘယ်သူက မြို့တော်ဝန်လုပ်နေလဲဆိုတာတောင် သာမန်လူကမသိဘူး’’ဟု မြောက်ဥက္ကလာပနေ ဦးအောင်ကျော်နိုင်ကပြောသည်။


ကမ်းနားလမ်းပေါ်တွင် တည်ဆောက်နေသည့် လူကူးခုံးကျော်တံတား/ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

မြို့တော်ဝန်နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်များ မည်သည့်လုပ်ငန်းများ လုပ်ဆောင်နေသည်ကိုသိရှိရန် သာမန်ပြည်သူများအတွက် သာမက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရှိ လွှတ်တော်အမတ်များအတွက်ပင် ခက်ခဲလှသည်။

‘‘စီမံကိန်းတွေ အကောင်အထည်ဖော်တဲ့နေရာမှာလည်း လွှတ်တော်ကို တင်ပြတာ မရှိသလောက်ပဲ။ ဘယ်သောအခါမှ လွှတ်တော်ကို တင်ပြသလဲဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေ မေးခွန်းထုတ်တဲ့အခါမှသာလျှင် လွှတ်တော်ကိုတင်ပြတာများတယ်’’ဟု ဒေါ်ညိုညိုသင်းကပြောသည်။

စီမံကိန်းအချို့သည် စာရွက်ပေါ်တွင်သာ ပြီးစီးနေပြီး လက်တွေ့တွင် ပြီးစီးမှုမရှိသည့်ကိစ္စများ အများအပြားရှိခဲ့သည်။ ရန်ကုန်မြို့ဆင်ခြေဖုံးရှိ ရွှေပြည်သာမြို့နယ်တွင် ပေ ၅,၀၀၀ ကျော် အရှည်ရှိသည့် လမ်းမတစ်ခုသည် စာရွက်ပေါ်တွင်သာ ပြီးစီးနေ၍ တိုင်းဒေသကြီးလွှတ်တော်တွင် အပြင်းအထန်ဝေဖန်မှုများ ခံခဲ့ရသည်။

မြို့တော်ဝန်နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်မည့် စီမံကိန်းများကို သာမန်ပြည်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များအတွက် ခက်ခဲသော်လည်း လွယ်ကူစွာ သိခွင့်ရသူများတော့ရှိသည်။

ထိုသူများက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ လုပ်ငန်းများတွင် အလွယ်တကူ ၀င်ရောက်လုပ်ကိုင်ခွင့်ရသည့် အခွင့်အရေးများရှိနေကြောင်း ဝေဖန်ခံနေရသည်။

ရန်ကုန်အခြေစိုက် ဂမုန်းပွင့်ကုမ္ပဏီသည်လည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ လုပ်ငန်းအများအပြားကို ခေတ်အဆက်ဆက်လုပ်ပိုင်ခွင့်ရပြီး လက်ရှိအချိန်တွင်လည်း စည်ပင်၏ မျက်နှာသာပေးမှု အများဆုံးခံရသည့် ကုမ္ပဏီများအနက်မှ တစ်ခုအဖြစ် ပြောဆိုကြသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက စီးပွားရေးအဆောက်အအုံများ တည်ဆောက်ရန် တင်ဒါခေါ်ယူရာ၌ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၂၅၀ ဖြင့် ဆန်ခါတင်ပထမဆင့်ဝင်ထားသည့် Sun Mon Star ကုမ္ပဏီကို လျစ်လျူရှုပြီး အမေရိကန် ဒေါ်လာ ၉၃ သန်းသာ ရင်းနှီးမြှုပ်နှံရန် အဆိုပြုထားသည့် ဂမုန်းပွင့်ကို ရွေးချယ်ခဲ့ခြင်းကြောင့် Sun Mon Star ကုမ္ပဏီက ပြစ်တင်ဝေဖန်ခဲ့သည်။

‘‘တင်ဒါတင်တဲ့ အဖွဲ့ပေါင်း စုစုပေါင်းလေးဖွဲ့ ရှိပါတယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်ရုံးကနေ နောက်ဆုံးဆန်ခါတင်နှစ်ဖွဲ့ကို ခေါ်ယူရှင်းလင်းစေတဲ့ မှတ်တမ်းတွေကို ပြန်ကြည့်ရင် အဖြေမှန်ပေါ်လာပါလိမ့်မယ်။ တင်ဒါစည်းကမ်းအတိုင်း ပြည့်ပြည့်စုံစုံတင်ပြနိုင်တဲ့အဖွဲ့ဟာ ကျွန်တော်တို့ တစ်ဖွဲ့တည်းပဲရှိပါတယ်’’ဟု Sun Mon Star ကုမ္ပဏီမှ တာဝန်ရှိသူက သြဂုတ်အတွင်းက 7 Day အား ပြောသည်။

Sun Mon Star ကို ရွေးချယ်ခြင်းမရှိဘဲ ဂမုန်းပွင့်ကို ရွေးချယ်ခြင်းမှာ တင်ဒါမူဝါဒပိုင်း၏ စည်းကမ်းပိုင်းအချို့နှင့် ငြိစွန်းနေခြင်းကြောင့်ဖြစ်ကြောင်း စည်ပင်ဘက်က တုံ့ပြန်ခဲ့သည်။

‘‘ကမ္ဘာအေးမှာဆိုလည်း ဂမုန်းပွင့်ကုန်တိုက်က ကားရပ်တဲ့နေရာမှာ ဈေးပွဲတော်လုပ်တယ်။ ကားတွေက လမ်းမပေါ်ရပ်တယ်’’ဟု ရန်ကုန်မြို့ခံ ဦးဝင်းမြိုင်ကပြောကြားသည်။

ယင်းကဲ့သို့သော အဖြစ်အပျက်မျိုးသည် ရန်ကုန်မြို့အတွင်း မှိုလိုပေါက်နေသည့် ဈေးဝယ်စင်တာတိုင်းနီးပါးတွင် ဖြစ်ပေါ်နေသော်လည်း ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဂမုန်းပွင့်ကုန်တိုက်ရှေ့တွင်သာ လူထူထပ်သည့် နေရာတစ်ခုအဖြစ် သတ်မှတ်ပြီး လူကူးခုံးကျော်တံတားတည်ဆောက်ရန် ဆုံးဖြတ်ခဲ့သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ လုပ်ငန်းတာဝန်များထဲတွင် မြို့သစ်များ တည်ထောင်ရန်ဆိုသည့် အချက်သည်လည်း အပါအဝင် ဖြစ်သည်။ မြို့တော်ဝန်သစ် လက်ထက်တွင် ရန်ကုန်တစ်ဖက်ကမ်း ပန်းလှိုင်မြစ်နှင့် တွံတေးတူးမြောင်းအကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ-တွံတေး ကားလမ်းကြား မြေဧကသုံးသောင်းကျော်တွင် အမေရိကန်ဒေါ်လာ ရှစ်ဘီလီယံနှင့် ငွေကျပ် ဘီလီယံ ၇,၀၀၀ အကုန်အကျခံပြီး ရန်ကုန်မြို့သစ်တစ်ခု တည်ဆောက်ရန် ဆုံးဖြတ်ခဲ့သည်။

သို့သော်လည်း အဆိုပါစီမံကိန်းသည် အခြားစီမံကိန်းများနည်းတူ လူသူသိရှိရန် ခက်ခဲလှပြီး အစဉ်အလာအတိုင်း လျှို့ဝှက်စီစဉ်ခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ကန်ဒေါ်လာ ၁၅ ဘီလီယံနီးပါး တန်ကြေးရှိသည့် စီမံကိန်းကြီးလုပ်ဆောင်ရန် ရုံးခန်းပင် မည်မည်ရရမရှိခဲ့သည့် မြန်မာ့စေတနာမြို့သစ်အများပိုင်ကုမ္ပဏီအား လုပ်ကိုင်ခွင့်ပေးပြီးခြင်း၊ ပွင့်လင်းမြင်သာမှုမရှိသည့် စီမံကိန်းအဖြစ် ဝေဖန်ခံရခြင်းတို့ကြောင့် စီမံကိန်းတင်ပြပြီး လေးရက်ခန့်အကြာတွင် မြို့တော်ဝန်က ပြန်လည်ရုပ်သိမ်းခဲ့သည်။

ထို့အပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ နောက်ထပ်တာဝန်တစ်ခုမှာ မြို့တော်တွင်းရှိ ကျူးကျော်အဆောက်အအုံများ ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းဖြစ်သော်လည်း လက်တွေ့တွင် စည်ပင်ကိုယ်တိုင်ပင် ပြည်သူပိုင်မြေနေရာများ ကျူးကျော်မှုကြောင့် ပြစ်တင်ဝေဖန်ခံခဲ့ရသည်။

ရန်ကုန်မြို့ သင်္ဃန်းကျွန်းဈေးလမ်းပိုင်မြေတွင် ရန်ကုန်မြို့တော် အရှေ့ပိုင်းခရိုင် စည်ပင်သာယာရေးကော်မတီက အဆောက်အအုံဆောက်လုပ်ခဲ့ခြင်းကြောင့် ရပ်ကွက်နေသူများ၊ ဈေးသူဈေးသားများက ကန့်ကွက်ခဲ့သေးသည်။ အဆိုပါပြဿနာကို တရားလွှတ်တော်က ကြားဝင်ဖြေရှင်းပေးရသည်အထိ ဖြစ်ခဲ့ရပြီး အငြင်းပွားရာမြေနေရာသည် စည်ပင်မြေနေရာမဟုတ်ဘဲ လမ်းမြေတွင် စည်ပင်က ကျူးကျော်ထားကြောင်း ပေါ်ပေါက်ခဲ့သည်။

ပြုပြင်ပြောင်းလဲရေးသမားအဖြစ် ချီးကျူးခံနေရသည့် သမ္မတဦးသိန်းစိန် တိုက်ရိုက်ရွေးချယ်ထားသည့် မြန်မာနိုင်ငံ၏ လူဦးရေအများဆုံးဖြစ်သည့် မြို့တော်ဟောင်း ရန်ကုန်၏ မြို့တော်ဝန်လက်ထက်တွင် တွေ့ရခဲ့သည့် အမှိုက်သိမ်းလှည်းများ၊ သန့်ရှင်းသပ်ရပ်သည့် အများသုံးအိမ်သာများ၊ အပန်းဖြေစရာကစားကွင်းများကို စတင်တွေ့မြင်ခဲ့ရသည်။

အလားတူ ယခင်က တွေ့မြင်နေကျဖြစ်သည့် ပွင့်လင်းမြင်သာမှုမရှိသည့် အဖြစ်အပျက်များ၊ အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်များကိုလည်း တွေ့မြင်နေရဆဲဖြစ်သည်။

အပြင်ပန်းပြောင်းလဲမှု အချို့ရှိနေသော်လည်း နာမည်ကျော် မြန်မာဗိသုကာလက်ရာများ ဖုံးလွှမ်းနေသည့် မြို့တော်ခန်းမကြီးထဲမှ ဆုံးဖြတ်ချက်များ၊ လုပ်ဆောင်မှုများကတော့ ဝေဖန်ခံနေရဆဲဖြစ်သည်။

‘‘စည်ပင်ဆိုရင် အရင်ကလည်း ဒီအတိုင်းပဲ အခုခေတ်မှာ ပိုတောင်ဆိုးတယ်ဆိုပြီး လူတွေက ပြောကြတယ်။ ဒါပြည်သူလူထုရဲ့ မှတ်ချက်ပေါ့။ ဦးလှမြင့် တက်လာခါစမှာ ဟုတ်မလိုလိုနဲ့ စည်ပင်လေးတွေ ပေါ်လာတယ်။ နေရာအနှံ့ အလုပ်လုပ်ကြတယ်။ ဒါပေမဲ့ ရုံးထဲကိုသွားရင်တော့၊ ရုံးထဲကကိစ္စတွေ ကြည့်လိုက်ရင်တော့ အရင်ကအတိုင်းပဲ။ ဘာမှမထူးဘူး’’ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက ပြောသည်။ ခေတ်အဆက်ဆက် အစိုးရထိပ်ပိုင်းအရာရှိများနှင့် ရင်းနှီးသူများသာ ခန့်အပ်ခံခဲ့ရသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ အဆင့်မြင့်အရာရှိများအား အကျင့်ပျက်ခြစားမှုများဖြင့် အရေးယူခဲ့ကြောင်း မည်သည့်အချိန်ကမှ ထုတ်ပြန်ခြင်းမရှိခဲ့။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကြွေးကြော်နေသည့် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် တိုင်ကြားစာဗရပွနှင့် မြို့တော်စည်ပင် အဆင့်ဆင့် အရာရှိ အရာခံ ၀န်ထမ်းများမှာ ခုံနေရာမြဲနေဆဲဖြစ်သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လက်အောက်ရှိ လုပ်ငန်းအချို့
- City FM အသံလွှင့်လုပ်ငန်း
- မြို့တော်သတင်းစာ
- ငှားရမ်းခအနည်းဆုံး ကျပ်သုံးသိန်းမှ ၁၅ သိန်းအထိ ပေးရသည့် မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာခန်းမ
- ရင်းနှီးမတည်ငွေ ကျပ်သန်း ၃၃,၀၀၀ ကျော် တန်ဖိုးရှိသည့် တစ်နေ့တန် ၅၀၀ ကျ ဘိလပ်မြေစက်ရုံ
- တစ်ရက်ပျမ်းမျှ အုတ်ချပ် ၃၀,၀၀၀ ကျော် ထုတ်လုပ်နိုင်သည့် မှော်ဘီအုတ်စက်ရုံ
- ဥတိုဂေါက်ကွင်း၊ အပန်းဖြေစခန်းနှင့် ဟိုတယ်။
- စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ။


7Day Daily

0 comments:

Post a Comment