Tuesday, January 6, 2015

ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များကို မူးယစ်ဆေးဝါးနှင့် မှောင်ခိုစီးပွားရေး လုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုမရှိစေရန်အတွက် ထိန်းသိမ်းကြပ်မတ်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တိုက်တွန်းပြောကြား


တပ်မတော်၏ ကိုယ်ပွားအဖွဲ့စည်းများဖြစ်သည့် ပြည်သူ့စစ်များနှင့် နယ်ခြားစောင့်တပ်များအနေဖြင့် တပ်မတော်သားများကဲ့သို့ ကျင့်ဝတ် ၊ စည်းကမ်း ၊ ဥပဒေများကို တိကျစွာလိုက်နာရန်လိုအပ်ပြီး မူးယစ်ဆေးဝါးနှင့် တရားမ၀င်မှောင်ခိုစီးပွားရေး လုပ်ငန်းများတွင် ပါဝင်ပတ်သက်မှု မရှိစေရန် အတွက် ထိန်းသိမ်းကြပ်မတ်ရန် လိုအပ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
နေပြည်တော်တွင် ဇန်န၀ါရီလ ၅ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့သည့် ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့များမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု နိုင်ငံပိုင် သတင်းစာများနှင့် တပ်မတော်ပိုင် မြ၀တီ သတင်းစာတို့တွင် ဖော်ပြချက်အရ သိရသည်။

ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များမှ ကိုယ်စားလှယ် ၂၆ ဦးတက် ရောက်ခဲ့သည့် ယင်းတွေ့ဆုံပွဲတွင် ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ၏ တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်မှုများနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေမှုများကိုလည်း ကျေးဇူးတင်ရှိကြောင်းကိုလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားခဲ့သည်။
ပြည်သူ့စစ်အဖွဲ့ပေါင်း ၅၀၀၀ ကျော်ရှိသည့် မြန်မာနိုင်ငံတွင် လွတ်လပ်ရေး ရပြီးနောက်ပိုင်းမှ စတင်ကာ ရပ်ရွာကာကွယ်ရေးအတွက် ရည်ရွယ်ပြီး တပ်မတော်နှင့် အစိုးရတို့၏ အထောက်ပံ့ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
နယ်ခြားစောင့်တပ်များမှာမူ ယခင်တပ်မတော် အစိုးရလက်ထက်က အပစ်ရပ် ထားခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်ပြီး ၂၀၀၈ အခြေခံ ဥပဒေ ကို လက်ခံကာ ယင်းဥပဒေအရ တပ်မတော်၏ ထိန်းချုပ်မှု အောက်တွင် နယ်ခြား စောင့်တပ်အဖြစ် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် ဒေသအချို့ရှိ ပြည်သူ့စစ် နှင့် နယ်ခြားစောင့်တပ် အချို့သည် မူးယစ်ဆေးဝါးနှင့်တရားမ၀င် မှောင်ခို ကုန်သွယ်ရေး လုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုများ ရှိကြကြောင်း ဒေသခံ ပြည်သူမျာအချို့က ဆိုကြသည်။
ကျန်တော်တို့ဘက်မှာဆိုရင် ဘိန်းစိုက်တာကအစ ပအိုဝ့်ပြည်သူ့စစ်ကို လိုင်းကြေး ပေးမှ စိုက်လို့ရတာ ဟု ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့နယ်မှ ဘိန်းစိုက်တောင်သူ တဦးက ပြောသည်။

လေ့လာသူများ၏ အဆိုအရမူ မူးယစ်ဆေးနှင့် မှောင်ခိုကုန်သွယ်မှု လုပ်ငန်းများ တွင် ပြည်သူ့စစ်နှင့် BGF များသာ မက တိုင်းရင်းသား လက်နက်ကိုင်များနှင့် အောက်ခြေ အာဏာပိုင်များပါ ပါဝင်ပတ်သက်မှု ရှိကြောင်း ဆိုကြသည်။
အဓိကက တရားဥပဒေ စိုးမိုးရေး မရှိလို့ဖြစ်တာပါ ပြည်သူ့စစ်နဲ့ BGF ကိုပဲ ပြောလို့တော့မရဘူး ။ ဒါပေမဲ့ တပ်မတော်လက်အောက်မှာရှိတဲ့အတွက် သတိပေးတာလည်း ဖြစ်နိုင်တယ်။ မူးယစ်ဆေးလို ကိစ္စမှာတော့ တိုင်းရင်းသား လက်နက်ကိုင်တွေကော အောက်ခြေ အာဏာပိုင်တွေ ပါပတ်သက်နေတဲ့ အတွက် အခုလို ဘုံးဗောလအော ထွက်နေတာပါ။ တရား ဥပဒေစိုးမိုးရေး အတွက်ပါ ဆောင်ရွက်သင့်တယ်။ ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြောခွင့်ရ ဦးစိုင်းလိတ်က ပြောသည်။

Photo : Senior General Min Aung Hlaing
Yangon Media Group

0 comments:

Post a Comment