Tuesday, January 6, 2015

ISIS အဖွဲ့တွင်း ၀င်ရောက်သည့် အီရတ်လျှို့ဝှက်ထောက်လှမ်းရေးရဲတပ်ဖွဲ့ဝင် ၈ ဦး ကွပ်မျက်ခံရ

အီရတ်အစိုးရသတင်းပေးအဖြစ် စွပ်စွဲခံရသူ အီရတ်ရဲတပ်ဖွဲ့ဝင် ၈ ဦးအား ကွပ်မျက်သည့် ဓါတ်ပုံများကို IS အဖွဲ့က ထုတ်လွှင့်လိုက်သည်။ အဆိုပါဓါတ်ပုံများသည် နောင်တွင်ထုတ်လွှင့်မည့် ဗီဒီယိုမှ ဖမ်းယူထားခြင်းဖြစ်သည်။
“တရားစီရင်သည့်နေ့”ဟုအမည်ပေးထားသည့် အဆိုပါဓါတ်ပုံများတွင် အီရတ် ၈ ဦးအား (အမေရိကန် က အကြမ်းဖက်သမားအား ဖမ်းဆီးစစ်ဆေးသည့်)ဂွမ်တာနာမိုဘေး အကျဉ်းစခန်းမှ အကျဉ်းသားဝတ်စုံနှင့် ဆင်တူသော လိမ္မော်ရောင် ၀တ်စုံများဖြင့် မြင်တွေ့ရသည်။

နေ့ခင်းကြောင်တောင် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများပြုလုပ်လေ့ရှိသော ဆိုးသွမ်းလှသည့် IS အဖွဲ့ဝင်များက အဆိုပါအီရတ် ၈ ဦး၏အနောက်တွင် ပစ္စတိုကိုင်၍ မတ်တပ်ရပ်နေသည်ကို မြင်တွေ့ရသည်။

ကွပ်မျက်ခံရသူအချို့၏ အမည်နာမများ ဖော်ပြထားပြီး မိုက်ခရိုဖုန်းများ တပ်ဆင်ပေးထားသည်ကို တွေ့ရရာ ၎င်းတို့အား မကွပ်မျက်မီ ဗီဒီယိုအင်တာဗျုး ပြုလုပ်ခဲ့ဖွယ်ရှိသည်။

အဆိုပါ ၈ဦးအဖွဲ့၏ ခေါင်းဆောင်မှာ ရဲမှူး ဟာဆန်ဆာလေးဘနော့ရှ် ဆိုသူဖြစ်ပြီး ဘနော့ရှ်နှင့် ရဲတပ်ဖွဲ့ဝင် ၇ ဦးတို့သည် ဆူနီမွတ်စလင်အဖြစ် ပြောင်းလဲခံယူပြီးမှ IS အဖွဲ့နှင့် ပူးပေါင်းခဲ့သူများဖြစ်ကြောင်း IS သတင်းမီဒီယာ က ထုတ်ပြန်သည်။

၎င်းတို့ ၈ ဦးသည် IS အဖွဲ့ဝင်ဖြစ်လာပြီးချိန်မှစ၍ အီရတ်အစိုးရအတွက် လျှို့ဝှက်ထောက်လှမ်းပေးခဲ့သည်ဟုဆိုသည်။

ယင်းတို့သည် မဟာမိတ်တပ်ဖွဲ့များအတွက် လေကြောင်းမှတိုက်ခိုက်မှုပြုနိုင်ရန် ပစ်မှတ်များအပါအ၀င် ထောက်လှမ်းရရှိသည့် သတင်းများကို အီရတ်အစိုးရထံ ပေးပို့ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။

အာမက်ဘာဆေးလ်ရာမဒန်ဆိုသည့် လူငယ်မှာ IS တပ်ဖွဲ့ဝင်တို့၏ နေအိမ်တည်နေရာများကို ထောက်လှမ်းသတင်းပေးခဲ့သည်ဟုဆိုသည်။
မာဝမ်ဟာဘိဆာအိဒ် ဆိုသူက ပစ်မှတ်နေရာများနှင့်ပတ်သက်၍ သတင်းပေးခဲ့သည်ဟု ဆိုသည်။

ဓါတ်ပုံများတွင် အဆိုပါ စွပ်စွဲခံ ၈ဦးအား မျက်စိကို အ၀တ်စဖြင့် ပိတ်စည်းထားပြီး လက်နောက်ပြန်ကြိုးတုပ်ကာ IS အဖွဲ့ဝင်တို့က တဦးချင်းစီကို လည်ဂုတ်မှ ကိုင်လျက် ယူဖရေးတီးမြစ်ဟု ယူဆရသော မြစ်ကမ်းနားတလျောက် ဆွဲခေါ်သွားပုံကို တွေ့ရသည်။

ထို့နောက် ၎င်းတို့အား ဒူးထောက်ထိုင်စေပြီး IS တပ်သားများက ဦးခေါင်းကို ပစ္စတိုဖြင့် ပစ်ကာ ကွပ်မျက်ခဲ့သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

0 comments:

Post a Comment