"သူထောင်က ထွက်လာလာချင်း ပထမဆုံး သတင်းစာရှင်းလင်းပွဲ လုပ်တယ်။ သူ့ကို
ကျွန်မတို့ ပထမဆုံး တွေ့ခဲ့ရတာပါပဲ" ဟု သတင်းဓာတ်ပုံသမား လူစီဂပ်က ၁၉၉၀
ပြည့်နှစ် ဖေဖော်ဝါရီလ၏ အမှတ်တရ ရက်ကို ပြန်လည် ပြောပြနေခြင်းဖြစ်သည်။
ထိုနေ့သည် မင်ဒဲလားသည် ထောင်ထဲတွင် ၂၇ နှစ် နေထိုင်ခဲ့ရပြီး ပြန်ထွက်လာသည့်
ပထမဆုံးရက်လည်း ဖြစ်သည်။
"သူက
လူထုကြီးရှေ့မှာ ရှိတဲ့ စကားပြောစင်မြင့်မှာ နေရာယူလိုက်တယ်။ ပြီးတော့
သူပြောဖို့ မိန့်ခွန်းကို သူ့ဇနီး (ဝင်နီ) ရဲ့ မျက်မှန်ကို ကောက်တပ်ပြီး
ဖတ်လိုက်တယ်။ သူ့မှာ မျက်မှန်လေး တစ်လက်တောင် မရှိခဲ့ဘူး" ဟု ပြောကာ လူစီက
တခစ်ခစ် ရယ်လိုက်သည်။
လူစီကို လူမျိုးရေးခွဲခြားသည့် တောင်အာဖရိက၌ မွေးဖွားခဲ့သည်။ နောက်ပိုင်း နိုင်ငံခြားသို့ ထွက်သွားခဲ့သည်။ ၁၉၇၀ ပြည့်နှစ်များတွင် ဘေရွတ် ပဋိပက္ခများ၌ သတင်းဓာတ်ပုံသမား ဘဝနှင့် သွားရောက်နေထိုင်ခဲ့ပြီး ၁၉၈၀ ပြည့်နှစ်လောက်တွင် ဇာတိမြေသို့ ပြန်လာကာ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေး လှုပ်ရှားမှုများကို လုပ်ကိုင်ခဲ့သည်။ သူမသည် မင်ဒဲလားနှင့် အနီးစပ်ဆုံး သတင်း ဓာတ်ပုံသမားတစ်ယောက်ဟု ဆိုနိုင်သည်။
"သူ ထောင်ကထွက်လာတော့ ပထမဆုံး အင်တာဗျူးခွင့်ရဖို့ ရုပ်သံအစီအစဉ် တစ်ခုကနေ ဒေါ်လာ တစ်သန်းနဲ့ ကမ်းလှမ်းခြင်း ခံရတယ်။ ထောင်ကထွက် လာလာချင်း ဆိုတော့ သူ့မှာသုံးစရာ ငွေလည်းတစ်ပြားမှ မရှိဘူး။ သူ့မိသားစုအတွက် ငွေလိုမှာပေါ့။ ဒါပေမဲ့ သူက အဲဒီကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်တယ်။ သူ ဘာကြောင့် ငြင်းရသလဲဆိုတော့ သူ့ကို လွတ်မြောက်အောင် လုပ်ပေးတာ တောင်အာဖရိက ပြည်သူတွေပါတဲ့။ ဒါကြောင့် သူ့လွတ်မြောက်မှုဟာ ပြည်သူတိုင်းနဲ့ ဆိုင်တယ်။ သီးခြား တစ်ဦးတစ်ယောက်တည်းနဲ့ မပတ်သက်ဘူးလို့ ပြောတယ်" ဟု လူစီကဆိုသည်။
မင်ဒဲလားသည် "ပြည်သူထဲကလူ" တစ်ယောက် ဖြစ်သည်။ သူသည် အဖိနှိပ်ခံ ပြည်သူများထဲက ပြည်သူ တစ်ယောက်သာ ဖြစ်သည်။ သူက ပြည်သူတွေကို "လူအချင်းချင်း ကဲ့ရဲ့ခြင်း မပြုကြပါနဲ့။ ကွဲပြားခြားနား တယ်လို့ မခံစားကြပါနဲ့။ အားလုံးဟာ အတူတူပါပဲ။ ကိုယ့်ဝန်းကျင်က အားလုံးကို ချစ်ခင်ကြပါ" ဟု တိုက်တွန်းခဲ့သည်။
လူစီက မင်ဒဲလားသည် အထူးသီးခြား စံနမူနာ ထားစရာ ပုဂ္ဂိုလ်ကြီးတစ်ယောက် အနေနှင့် ခွဲခြားရှုမြင် ခြင်းကို မကြိုက်။ အဘယ်ကြောင့်ဆိုသော် မင်ဒဲလား ကိုယ်တိုင်က သူ့ကိုယ်သူ ထိုသို့ ဘယ်သောအခါကမျှ မမြင်ခဲ့သောကြောင့် ဖြစ်ကြောင်းလည်း ဆိုခဲ့သည်။
"သူက သူ့ကိုယ်သူ နိမ့်ကျတဲ့သူ တစ်ယောက်လို့ ဘယ်တုန်းကမှ မမြင်ခဲ့ဘူး။ သူက သူ့ကိုယ်သူ အမြဲ ညွှန်းဆိုလေ့ရှိတဲ့ စကားတစ်ခွန်းရှိတယ်။ အဲဒါကတော့ "ကျွန်တော် သူတော်စင်တစ်ယောက် မဟုတ်ပါတဲ့" ဆိုသော လူစီ၏ ပြောစကားသည် မင်ဒဲလား ဆိုသည်မှာ မည်သို့သောသူ ဖြစ်ကြောင်းကို ညွှန်းဆိုပြနေသလို ရှိသည်။
"မင်ဒဲလားသာ မရှိခဲ့ရင် ဒီနိုင်ငံရဲ့သမိုင်းဟာ တစ်မျိုး ပြောင်းသွားနိုင်တယ်" ဟု ပြောသူမှာ ဝင်နီမဒီကီဇဲလာ ဖြစ်သည်။ သူသည် မင်ဒဲလား၏ ဒုတိယဇနီး လည်းဖြစ်သည်။
သူ့ကို သန်းပေါင်းများစွာသော ပြည်သူတို့က အသိအမှတ်ပြုကြသည်။ တစ်ကမ္ဘာလုံး ကလည်း အလေးအမြတ် ပြုကြသည်။ သူသည် သူ့နည်းသူ့ဟန်နှင့် နာမည်ကျော်ခဲ့သူ ဖြစ်သည်။
မင်ဒဲလားကို ၁၉၁၈ ခုနှစ်တွင် တောင်အာဖရိကတိုက် ရွာငယ်လေး တစ်ရွာတွင် မွေးဖွားသည်။ သူ့မူလ အမည်မှာ နယ်လ်ဆင်ရိုလီလာလာ ဖြစ်သည်။ ထိုအဓိပ္ပာယ်မှာ ဒုက္ခပေးသူ ဆိုသည့် သဘောဖြစ်သည်။ နောက်ပိုင်း တောင်အာဖရိကတွင် သူ့ကို မဒီဘာဟု ခေါ်ကြသည်။ လူမျိုးစု အမည်ဖြစ်ပြီး အမည်ပြောင်အဖြစ် မင်ဒဲလားကို မဒီဘာအဖြစ်သာ တောင်အာဖရိကတွင် ခေါ်ဆိုကြသည်။
သူ့အသက် ကိုးနှစ်အရွယ်တွင် ဖခင်ဖြစ်သူ ကွယ်လွန်သွားခဲ့သည်။ ဦးလေးဖြစ်သူနှင့် အတူနေထိုင်ခဲ့ရ သည်။ သူ့ဦးလေးသည် မျိုးနွယ်စု ခေါင်းဆောင်တစ်ယောက် ဖြစ်ပြီး ဒီမိုကရေစီရေးနှင့် တန်းတူညီမျှ ဖြစ်ရေးတို့ အတွက် လုပ်ဆောင်မှုများကို သူ့ဘဝတစ်လျှောက်လုံး တွေ့မြင်ခဲ့ရာမှ အားကျ တုယူခဲ့ရသည်။
မင်ဒဲလားသည် တက္ကသိုလ် တက်သည့်အခါတွင် ဥပဒေဘာသာရပ်ကို သင်ကြားခဲ့သည်။ သို့သော် တက္ကသိုလ်တွင် နိုင်ငံရေး လှုပ်ရှားခဲ့သောကြောင့် ကျောင်းထုတ်ခံခဲ့ရသည်။ ဂျိုဟန်စ်ဘာ့ဂ်မြို့သို့ ပြောင်းရွှေ့သွားပြီး အာဖရိက အမျိုးသား ကွန်ဂရက် (ANC) အဖွဲ့သို့ ဝင်သည်။ ထိုအဖွဲ့သည် တောင်အာဖရိက လူမျိုးရေးခွဲခြားမှု များကို ဆန့်ကျင်နေသည့် နိုင်ငံရေးပါတီ တစ်ခုလည်း ဖြစ်သည်။
၁၉၆၁ ခုနှစ်တွင် လွတ်မြောက်ရေး လှုပ်ရှားမှုတစ်ခု ပြုလုပ်စဉ် ငြိမ်းချမ်းစွာ ဆန္ဒပြနေသော လူအုပ်ကြီးကို ပစ်ခတ်သဖြင့် ၆၉ ဦး ကျဆုံးခဲ့ရသည်။ မင်ဒဲလားသည် ANC ပါတီကိုဦးဆောင်ပြီး လက်နက်ကိုင်လမ်းစဉ် နောက်သို့ လိုက်ကာ တော်လှန်ရေးလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ ANC သည် အကြမ်းမဖက်ရေးကို လက်ကိုင်ထားသော ပါတီဖြစ်သော်လည်း လက်နက်ကိုင် လမ်းစဉ်သို့ လိုက်ခဲ့ရခြင်းနှင့် ပတ်သက်ပြီး မင်ဒဲလားက အကြမ်း မဖက်လိုသော်လည်း ဗျူဟာအရ ထိုသို့ ကြေညာတိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ရှင်းပြခဲ့သည်။
၁၉၆၃ ခုနှစ်တွင် တောင်အာဖရိက အုပ်ချုပ်သူ အာဏာပိုင်များသည် မင်ဒဲလား အပါအဝင် ANC ခေါင်းဆောင်ရှစ်ဦးကို အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်သည် ဆိုသော စွပ်စွဲချက်နှင့် အရေးယူရန် ဆုံးဖြတ်လိုက်သည်။ တရားရုံးတွင် မင်ဒဲလားသည် မိမိကိုယ်မိမိ ခုခံ ကာကွယ်သည့် အနေနှင့် လေးနာရီအကြာ လျှောက်လဲ ခဲ့သည်။ ယင်းလျှောက်လဲချက်သည် သမိုင်းဝင် သူ၏ပြောစကားများ ဖြစ်ခဲ့သည်။
"ကျွန်တော်ဟာ လူဖြူတွေစိုးမိုးမှုကို ဆန့်ကျင် တိုက်ခိုက်ပါတယ်။ အလားတူ ကျွန်တော်ဟာ လူမည်းတွေ စိုးမိုးမှုကိုလည်း ဆန့်ကျင်တိုက်ခိုက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်ဟာ ဒီမိုကရေစီ နည်းကျကျ လွတ်လပ်သော အဖွဲ့အစည်းကို ချစ်မြတ်နိုးပါတယ်။ လူတိုင်း တန်းတူညီမျှ အတူပူးပေါင်း လက်တွဲနေထိုင်နိုင်မှုကို သဘောကျပါတယ်။ ဒီလိုအားလုံး အတူတကွ လက်တွဲပြီး နေထိုင်နိုင်ဖို့ ဆိုရင် ကျွန်တော့်အသက်ကို စွန့်ဖို့လည်း ပြင်ဆင်ပြီးသား ဖြစ်ပါတယ်" ဟု သူက တရားရုံးတွင် ရဲဝံ့စွာ လျှောက်ထားခဲ့သည်။
မင်ဒဲလားကို ခြေထိတ်ခတ်ပြီး ရော့ဘင်ကျွန်း အကျဉ်းထောင်ဆီ ခေါ်သွားစဉ်က အသက် ၄၄ နှစ်သာ ရှိသေးသည်။ သူထောင်က ပြန်လွတ်သောအခါ ၇၁ နှစ် ရှိသွားပြီဖြစ်သည်။
ရော့ဘင်ကျွန်းသည် ကိတ်တောင်းမြို့မှ ၁၁ ကီလိုမီတာ ကွာဝေးသည့် ရေပတ်လည် ဝန်းရံထားသော ကျွန်းဖြစ်ပြီး ရေပြင်တွင် ငါးမန်းတွေကလည်း အလွန် ထူထပ်သည့်နေရာ ဖြစ်သည်။ ရာစုနှစ်ပေါင်းများစွာ ရေတပ်က သိမ်းပိုက် တပ်စွဲထားပြီး စိတ်ရောဂါကု ဆေးရုံ တစ်ရုံ၊ အနာကြီးရောဂါသည်များ ထားသည့် စခန်းတစ်ခု လည်းရှိသည်။ သို့သော် နာမည်ကျော်ရသည်မှာ အကျဉ်းထောင်ကြောင့် ဖြစ်သည်။
မင်ဒဲလားနှင့် အခြားနိုင်ငံရေးသမားများ အတွက် ရော့ဘင်သည် တက္ကသိုလ်တစ်ခုသာ ဖြစ်သည်။ သူက ထောင်ထဲတွင် ခေါင်းဆောင်မှု အရည်အသွေးကို ပြုစု ပျိုးထောင်ခဲ့သည်။ ထောင်ကျ အကျဉ်းသားများအတွင်း ၌သာမက ထောင်အာဏာပိုင် များကိုပါ စည်းရုံးသိမ်းသွင်း ရာတွင် အလွန်တော်သူ တစ်ယောက်ဟု ဆိုနိုင်သည်။
"လွတ်မြောက်ရေးအတွက် ခရီးရှည် လျှောက်လှမ်းခြင်း" ဆိုသည့် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိကို ၁၉၉၄ ခုနှစ်တွင် ရေးခဲ့သူမှာ နယ်လ်ဆင်မင်ဒဲလား ဖြစ်သည်။ ထိုစာအုပ်ထဲတွင် တောင်အာဖရိကတိုက်၏ အသားအရောင် ခွဲခြားသော အကျဉ်းထောင်များ၏ အခြေအနေကို ထင်ထင်ရှားရှား ကွက်ကွက်ကွင်းကွင်း ဖြစ်စေရန် သူရေးသား ဖော်ကျူးခဲ့သည်။ ၁၉၅၀ ပြည့်နှစ်တစ်ဝိုက်တွင် ရာပေါင်းများစွာသော အသားအရောင်ခွဲခြားမှု များကို ဆန့်ကျင်လှုပ်ရှားသူ များသည် ထောင်သွင်း အကျဉ်းချခြင်း ခံရသည်။ အထူးသဖြင့် လူဖြူအစိုးရကို ဆန့်ကျင်သူ မှန်သမျှ ထောင်နန်းစံ ခဲ့ကြရသည်။
"လူတစ်ယောက် ထောင်ထဲရောက်သွားခြင်းအား အဘယ်ကြောင့် ဖြစ်ကြောင်း မည်သူမျှ တိတိပပမသိ လိုက်ကြရ။ နိုင်ငံတော်က ကိုယ့်နိုင်ငံသား များအား အဆင့်အတန်းရှိရှိ ဆက်ဆံခြင်း မခံရ။ အဆင့်မရှိသလို ဆက်ဆံခြင်း ခံရသည်။ တောင်အာဖရိကတွင် အကျဉ်းချထားခြင်း ခံရသော နိုင်ငံသားများကို တိရစ္ဆာန်များ သဖွယ် ဆက်ဆံခြင်း ခံခဲ့ရသည်" ဟု မင်ဒဲလားက ရေးသားခဲ့သည်။
မင်ဒဲလား ထောင်ကလွတ်ပြီး ၁၉၉၄ ခုနှစ် ဧပြီလတွင် တောင်အာဖရိကတွင် ရွေးကောက်ပွဲကို ပြန်လည်ကျင်းပနိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက် နိုင်ခဲ့သည်။ မဲပေးရန် တန်းစီထားသည့် လူတွေက မိုင်နှင့်ချီပြီး ရှိနေသည်။ ရွေးကောက်ပွဲတွင် ANC ပါတီက ၆၂ ရာခိုင်နှုန်း အသာဖြင့် အနိုင်ရခဲ့သည်။ ပါလီမန်တွင် အမတ်နေရာ ၄၀၀ ရှိသည့်အနက် အမတ် နေရာပေါင်း ၂၅၂ နေရာကို ရရှိခဲ့သည်။ မင်ဒဲလားကို အားလုံးက ပါတီခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့ကြသည်။ သို့ဖြစ်ရာ ထိုနှစ် မေလ ၁၀ ရက်နေ့တွင် ပါတီခေါင်းဆောင် မင်ဒဲလားသည် နိုင်ငံတော်သမ္မတ ရာထူး ကို လက်ခံရရှိ သွားခဲ့သည်။ သူက သမ္မတမိန့်ခွန်းအဖြစ် -
"ကျွန်တော်တို့ရဲ့ လှပတဲ့မြေမှာ တစ်ဦးကို တစ်ဦးက ဖိနှိပ်မှုဆိုတာ ဘယ်တော့မှ မရှိစေရဘူး" ဆိုသည့် သမိုင်းဝင်စကားသည် အာဖရိကသားတို့အတွက် ဂုဏ်ယူ ဝင့်ကြွားစရာ ဖြစ်ပါတော့သည်။
Ref: New York Times; Al Jazeera
The Voice

0 comments:
Post a Comment