Thursday, December 12, 2013

အကွဲအပြဲသံသရာ (သို့မဟုတ်) နိဂုံးမချုပ်သေးသော မြန်မာနိုင်ငံ၏ နိုင်ငံရေးကျိန်စာ


မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းကိုကြည့်လျှင် ခေတ်အဆက်ဆက်တွင် ခေါင်းဆောင်ပိုင်း မညီညွတ်ရာမှ  အကွဲအပြဲဇာတ်လမ်းများ ပေါ်ပေါက်ခဲ့ရာ တိုင်းပြည်အတွက်များစွာ နစ်နာခဲ့ ရသည်။ ကုန်းဘောင်ခေတ် ပဒေသရာဇ်မင်းဆက် နောက်ဆုံးကာလတွင် ပြုပြင်ပြောင်းလဲရေး လုပ်လိုသော  ကင်းဝန်မင်းကြီး ဦးဆောင်သောအဖွဲ့နှင့် ပြုပြင်ပြောင်းလဲရေးမလုပ်လိုသော ဆင်ဖြူမရှင်မိဖုရားကြီးနှင့် ယောအတွင်းဝန်ဦးဘိုးလှိုင်တို့ ခေါင်းဆောင်သော အဖွဲ့နှစ်ခု၏ အကွဲအပြဲမှ အစပြုပြီး မြန်မာနိုင်ငံသည် တိုင်းတစ်ပါးကိုလိုနီလက်အောက်သို့ ကျရောက် သွားသည်အထိ ရင်နင့်စရာဖြစ်ခဲ့ရသည်။ ထို့အတူ ကိုလိုနီခေတ် လွတ်လပ်ရေးကြိုးပမ်းမှု တွင်လည်း ခေါင်းဆောင်ပိုင်း မညီညွတ်မှုကြောင့် တို့ဗမာအစည်းအရုံး၊ ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေ စသည်ဖြင့် အဖွဲ့ပေါင်းများစွာ ကွဲထွက်သွားသဖြင့် နှစ်ပေါင်း ၁၀၀ ကျော် ကျွန်သက် ရှည်ကြာခဲ့ရပြန်သည်။ လွတ်လပ်ရေးရပြီးချိန်တွင်လည်း နိုင်ငံကိုဦးဆောင်ခဲ့သည့် ဖဆပလ နှစ်ခြမ်းကွဲကာ တည်မြဲ၊ သန့်ရှင်းဟူ၍ လည်းကောင်း၊ ဦး၊ ဗိုလ်၊ သခင်ဟူ၍ လည်းကောင်း၊  ရဲဘော်ဖြူ၊ ရဲဘောဝါ ဟူ၍လည်းကောင်း၊ ကွန်မြူနစ် ပါတီတွင်လည်း အလံနီ၊ အလံဖြူ ဟူ၍လည်းကောင်း အစိတ်စိတ်အမွှာမွှာ ဂိုဏ်းဂဏများစွာပေါ်ပေါက်ခဲ့ရာ နောက်ဆုံး တပ်မတော် က အာဏာသိမ်းသည်အထိ အကွဲအပြဲဇာတ်လမ်းများ ဇာတ်သိမ်းမလှဖြစ်ခဲ့ ရသည်။ ယခုအခါ နိုင်ငံတော်ကြီးကို ဒီမိုကရေစီစနစ်ဖြင့်  အသစ်တစ်ဖန် ပြန်လည် တည်ဆောက်ရန် ကြိုးပမ်းနေချိန်တွင်လည်း အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် အတိုက် အခံများကြားတွင် ညီညွတ်မှုတည်ဆောက်နိုင်ရန် အရေးကြီးပါသည်။ ပြီးခဲ့သောလပိုင်းက နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းတွင် အစိုးရအဖွဲ့နှင့် လွှတ်တော်ကြားတွင် ပွတ်တိုက်မှုများ ရှိနေကြောင်း ထုတ်ဖော်ပြောဆိုမှုများရှိခဲ့သည်။

ထို့အတူ ယခုရက်ပိုင်းတွင်  အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း သူမအနေဖြင့် နိုင်ငံတော်သမ္မတ၊ လွှတ်တော် နာယက၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့နှင့် လေးပွင့်ဆိုင်နိုင်ငံရေး ဆွေးနွေးလိုကြောင်း တရားဝင်တောင်းဆိုရာတွင် အစိုးရအဖွဲ့က ထိုသို့လေးပွင့်ဆိုင်တွေ့ဆုံရန် အချိန်မကျ သေးကြောင်း တရားဝင်ကြေငြာချက်တစ်စောင် ထွက်ပေါ်လာခဲ့သည်ကို တွေ့ရသည်။ ယင်းအချက်သည် လက်ရှိအစိုးရအနေဖြင့် အမှန်တကယ် ပြုပြင်ပြောင်းလဲလိုစိတ် မရှိခြင်းကို  ပြသနေခြင်းဖြစ်ပြီး၊ သမ္မတနှင့် ကာချုပ်၏ စကားစဉ် ရှေ့နောက်မညီကြောင်း စသည်ဖြင့် သြစတေးလျခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ခဲ့သည်ကို တွေ့ရသည်။ ထိုသို့ ရှိနေချိန်တွင် သမ္မတ ဦးသိန်းစိန်၏ မင်းသားမလုပ်ရသဖြင့် ပတ်မကြီးထိုးဖောက်လိုသော စိတ်ဓာတ်မျိုး မထားရှိသင့်ဘူးဟု မိန့်ခွန်းထွက်ပေါ်လာသည်ကို တွေ့ရသည်။ ယင်းအပြင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်လည်း ပွတ်တိုက်မှုများ ရှိနေသည်ကိုတွေ့နိုင်သည်။ မြန်မာ့ နိုင်ငံရေးသည် အဘက်ဘက်မှ ပွက်တိုက်မှုများ ရှိနေသည်မှာ ငြင်းကွယ်၍ မရသော အနေအထား ဖြစ်နေသည်။ ထို့ကြောင့် အတိတ်က အဖြစ်အပျက် သမိုင်းသင်ခန်းစာများကို ရယူပြီး နိုင်ငံတည်ငြိမ်အေးချမ်းစေရန် မြန်မာ့နိုင်ငံရေး ကျွမ်းကျင်သူများက ဝေဖန် ပြောကြား လိုက်သည်။

သမိုင်းထဲကအကွဲအပြဲ

မြန်မာ့သမိုင်းမှာ ခေါင်းဆောင်တွေ မညီညွတ်လို့ အကွဲအပြဲဇာတ်လမ်းများစွာ ပေါ်ပေါက် ခဲ့သည်။ ထိုသို့ဖြစ်ရခြင်းမှာ မြန်မာတို့၏ Political Culture (နိုင်ငံရေးယဉ်ကျေး) မှုကြောင့်ဟု ဆိုနိုင်ကြောင်း၊ ထိုယဉ်ကျေးမှုကြောင့်လည်း တိုင်းရင်းသားလူမျိုးစုတွေအကြား ယုံကြည်မှု ပျောက်ကွယ်ပြီး နှစ်ပေါင်းများစွာ ပြည်တွင်းစစ်ပေါ်ပေါက်ခဲ့ရပုံကို မြန်မာ့နိုင်ငံရေး လေ့လာ သုံးသပ်သူ စာရေးဆရာ ဦးကျော်ဝင်းက ယခုလိုပြောသည်။

ယင်းက “မြန်မာ့ပြည်မှာ အကွဲအပြဲများတယ်ဆိုတာ ငြင်းလို့မရဘူး။ ဒါဟာ ကျွန်တော်တို့ရဲ့ Political Culture ကြောင့်ပဲ။ အဲ့ဒီ Political Culture  ဆိုတာ သမိုင်းအဆက်ဆက် ဖြတ်သန်းခဲ့တဲ့ သာမန်လူတွေရဲ့ ရင်ထဲအသည်းထဲ စွဲနေတဲ့ စိတ်ဒဏ်ရာတွေပဲ။ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ ပဒေသရာဇ်ခေတ်ရှိမယ်၊ နယ်ချဲ့ကိုလိုနီခေတ်ရှိမယ်၊ နောက်ပိုင်း ပြည်တွင်း စစ် လွတ်လပ်ရေးခေတ် ရှိမယ် စသည်ဖြင့် ပေါ့လေ၊ သိပ်သာယာတာမရှိခဲ့ဘူး။ ခါးသီးတဲ့ အတွေ့ အကြုံတွေက အစွဲအလမ်းတစ်ခု ဖြစ်လာတယ်။ ဒီ Culture ရဲ့ ထင်ရှားတဲ့ လက္ခဏာက ပြည်တွင်းစစ်ပဲ၊ ပြည်တွင်းစစ်က မယုံကြည်မှုက စတင်တာပဲ။ ဒီလောက် ပြည်တွင်းစစ် နှစ်ပေါင်းများစွာ ဖြစ်လာခဲ့တဲ့နိုင်ငံမှာ ယုံကြည်မှု အားနည်းတယ်ဆိုတာ သဘာဝ ကျပါတယ်။ ဒီအားနည်းချက်တွေကိုသိပြီး တတ်နိုင်သလောက် အကွဲအပြဲတွေ မဖြစ်အောင်၊ ဖြစ်ခဲ့ရင်လဲ ဆိုးဆိုးရွားရွားမဖြစ်အောင် ထိန်းသိမ်းကြဖို့လိုတယ်” ဟု သူက ပြောသည်။

Power Elite နဲ့ Political Elite တွေက အပြန်အလှန်နားလည်မှုရှိဖို့လိုတယ်

ယခုကဲ့သို့ လွှတ်တော်သက်တမ်းနုနု၊ အစိုးရသက်တမ်း နုနုကာလတွင် နိုင်ငံ၏ အင်စတီကျူး ရှင်းသည် ခိုင်မာမှုတောင့်တင်းခြင်း မရှိသေးသည့်အတွက် ခေါင်းဆောင်များကြားမှာ အပြန် အလှန်နားလည်မှု အလွန်အရေးကြီးကြောင်း၊ အပြောင်းအလဲ လုပ်ငန်းစဉ်များသည် ဖြည်းဖြည်းမှန်မှန်သာ သွားသင့်ကြောင်း၊ နိုင်ငံတွင်းရှိ Political Elite နဲ့ Power Elite အားလုံး ထိန်းထိန်းသိမ်းသိမ်း လုပ်သင့်ကြောင်း၊ ထိုသို့မဟုတ်ပါက ဒီမိုကရေစီ ဖော်ဆောင်ရေးတွင် ရှေ့မတိုးနိုင်သည့် အနေအထားဖြစ်လာနိုင်ကြောင်း ဆရာဦးကျော်ဝင်းက ထောက်ပြခဲ့သည်။

သူက “မြန်မာနိုင်ငံရေုးဟာ Gradual တဖြည်းဖြည်းပြောင်းလာမယ့် အနေအထား ရှိတယ်။ မြန်မာပြည်မှာ စနစ်သစ်နဲ့ဒီမိုကရေစီနဲ့ သွားတဲ့အခါမှာ လိုက်လျောညီထွေမှုရှိတဲ့ အင်စတီကျူး ရှင်း တွေလိုတယ်။ အင်စတီကျူးရှင်းမှာ ၁- Rule of the game ။ ၂- လူနဲ့ အဖွဲ့အစည်း။ ၃- လုပ်ထုံးလုပ်နည်း စုစုပေါင်းသုံးခုရှိပါတယ်။ အာဏာရှင် အင်စတီကျူးရှင်းက အမိန့်နဲ့ အခြေခံတဲ့ အင်စတီကျူးရှင်းတစ်ခုပဲ ဆိုပါတော့။

အရင်ခေတ်ဟောင်း အင်စတီကျူးရှင်းက အသက်ရှိနေသေးတယ်။ ခေတ်သစ်အင်စတီကျူး ရှင်း က စခါစရှိသေးတယ်။ အသက်မဝင်သေးဘူး။ ဒါကြောင့် အင်စတီကျူးရှင်းကို အားကိုးလို့ ရကိုမရသေးဘူး။ အမှန်ဖြစ်သင့်တာက အင်စတီကျူးရှင်းကို အားကိုးရမယ်။  လူအားကိုးလို့ မရဘူး။ လူအားကိုးရင်မှားနိုင်တယ်။ ခုနကစကားကို ပြန်ကောက်ရရင် မြန်မာပြည်ရဲ့ အပြောင်းအလဲဟာ ချက်ချင်းအကောင်အထည်မဖော်နိုင်ဘူး၊ ဖြည်းဖြည်းပဲသွားရမယ်။ ဘာကြောင့်ဒီလိုပြောရလဲဆိုရင် အင်စတီကျူးရှင်းမှာ အသစ်တွေက တည်ဆောက်ဆဲ၊ အဟောင်းတွေကလဲ အသက်ဝင်နေတယ်။ ဒီအခြေအနေမှာ ဘာပဲအားကိုးရလဲဆိုရင် Leadership ပဲ အားကိုးရမယ်။ ခေါင်းဆောင်ကို ယေဘုယျခွဲလိုက်ရင် နှစ်မျိုးပဲရှိတယ်။ Power Elite နဲ့ Political Elite ပေါ့။ ဒီနေရာမှာ Elite ကိုဘာသာပြန်တဲ့နေရာမှာ ပြဿနာရှိတယ်။ ဟိုတုန်းက မြန်မာဘာသာပြန်အများစုက လက်ဝဲသမားတွေဖြစ်နေတော့ မကောင်းတဲ့ အဓိပ္ပာယ် ဖြစ်သွားတယ်။ တကယ့်တကယ် Elite က ကောင်းတာဆိုးတာမပါဘူး။ အဖွဲ့ အစည်းတစ်ခုလုပ်ငန်းတစ်ခုမှာ သူများထက် ခေါင်းတစ်လုံးပိုတဲ့လူပေါ့။ စီးပွားရေးအရ ခေါင်းတစ်လုံးပိုရင် Economic Elite ပဲ။ နိုင်ငံရေးအရ လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းခြင်း ခံရတာက Power Elite ပေါ့။       ပြီးတော့ နိုင်ငံရေးအရ သူများထက် သြဇာပိုကြီးတယ် ဆိုရင် တော့ Political Elite ပေါ့။ မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ Key Player မှာ Power Elite နဲ့ Political Elite ပေါ့။ Power Elite မှာ ထပ်ခွဲလိုက်ရင် အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်ပေါ့။ Political Elite ကတော့ ဒေါ်အောင်ဆန်းစုကြည်ပေါ့၊ မြန်မာပြည်ရဲ့ အပြောင်းအလဲ အေးအေး ညောင်းညောင်းဖြစ်ဖို့ ဒီ Elite လေးခု (key player) ပေါ့ဗျာ။ အဲဒီလေးခုကြားမှာ အပြန်အလှန် နားလည်မှုနဲ့ ညှိနှိုင်း ဆွေးနွေးအဖြေရှာရမှာပဲ” ဟု ဦးကျော်ဝင်းက ပြောသည်။




လေးပွင့်ဆိုင်ဆွေးနွေးပွဲဘယ်လိုလဲ

သို့သော် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အမှန်တကယ် လုပ်ပိုင်ခွင့်အာဏာရှိသူမှာ လွှတ်တော်သာ ဖြစ်နေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ ၁၀၉ ဦး အစီရင်ခံစာ မည်သို့ထွက်လာမည်ကို မသိသေးသော အခြေအနေဖြစ်နေကြောင်း၊ ထို့ပြင် တိုင်းရင်းသားအဖွဲ့များ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည်လည်း အဖြေမထွက်သေးတဲ့ အခြေ အနေ ဖြစ်နေသောကြောင့် အစိုးရဘက်က လေးပွင့်ဆိုင်တွေ့ဆုံရန် တုံ့နှေးနေဟန် ရှိကြောင်း ယင်းက သုံးသပ်ပြောကြားသည်။

ယင်းအခြေအနေကို သူက “အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ လေးပွင့်ဆိုင် ဆွေးနွေးပွဲ လုပ်ဖို့ ကမ်းလှမ်းလိုက်တာကို ကြိုဆိုပါတယ်။ သို့သော် လုပ်နည်းလုပ်ဟန်ကတော့ ပညာရှိ သတိဖြစ်ခဲများ ဖြစ်သွားသလား။ ဘာလို့လဲဆိုတော့ ဒီနေ့သွားနေတဲ့ လမ်းကြောင်းက အခြေခံ ဥပဒေပြင်ရေးနဲ့ တိုက်ရိုက်ပတ်သက်နေတယ်။ အခြေခံဥပဒေပြင်ဆင်ရေးကို တကယ် အဆုံး အဖြတ်နဲ့ နောက်ဆုံးလုပ်ပိုင်ခွင့် အာဏာကိုင်ထားတဲ့ လွှတ်တော်မှာပဲရှိနေတယ်။ လွှတ်တော် မှာလဲ အခြေခံဥပဒေလေ့လာသုံးသပ်ရေး ကော်မတီကို အဖွဲ့ဝင် ၁၀၉ ဦးနဲ့ ဖွဲ့ထားတယ်။ နောက်တစ်ချက်က အခြေခံဥပဒေပြင်ဆင်ရေးကို သူ့ချည်းသီးခြားလုပ်လို့ မရဘူး။ ဒီမှာ ညီညွတ်ရေးဖြစ်စဉ်တွေ အများကြီးရှိတယ်။ ညီညွတ်ရေးဖြစ်စဉ်မှာ လူမျိုးစုတွေက လူမျိုးစု အခွင့်အရေးတောင်းဖို့ အများကြီးရှိတယ်။ အဲဒီမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေက အခုထိ အဖြေမရသေးဘူး။ လိုင်ဇာမှာ ပြီးသွားတယ်။ အခု ဘားအံမှာ ထပ်လုပ်မယ်ပြောတယ်။ အဲဒါလဲ ယာယီရပ်ဆိုင်းထားတယ်။ ဒါပြီးရင် အစိုးရနဲ့ထပ်တွေ့ရဦးမယ်။ အကုန် တန်းလန်းတွေ ချည်းပဲ။ အဲဒီအခြေအနေမှာ လေးပွင့်ဆိုင်ဆိုတာကြီးနဲ့ လုပ်လိုက်ရင် ပြဿနာနည်းနည်း ရှိတယ်။ အစိုးရဘက်က တုံ့ပြန်ပုံကတော့ မတွေ့ဘူးလို့ငြင်းပယ်တဲ့ သဘောမျိုးတော့ ကျွန်တော် နားမလည်ပါဘူး။ အချိန် နည်းနည်းစောသေးတယ်။ အကြောင်းကြောင်းကြောင့် ဆိုင်းတဲ့သဘောပေါ့။ ပြီးတော့ ဒါဟာလဲ သမ္မတက တရားဝင်ပြောတာမဟုတ်ဘဲ ပြောရေး ဆိုခွင့်ရှိသူကတစ်ဆင့် သိရတယ်။ ဒီတော့ တစ်ဖက်က အစိုးရရဲ့ တုံ့ပြန်ပုံက မရိုင်းဘူးလို့ ကျွန်တော်ထင်တယ်။ သူလဲ သူဟာနဲ့သူ အစီအစဉ်ရှိမှာပေါ့။ ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုတာကလဲ သူဖြစ်ချင်တဲ့ဆန္ဒကို  ကျွန်တော်တို့လေးစားတယ်။ သို့သော် တောင်းဆိုပုံ တောင်းဆိုနည်းက တစ်ဖက်နဲ့တစ်ဖက် အဆင်မသင့်ရင် နားလည်မှုလွဲသွားနိုင်တယ်။ အခု ငြင်းတာလဲမဟုတ်သေးဘူး။ သို့သော် တုံ့ပြန်ပုံကို NLD ဘက်က သိပ်အားရပုံမပေါ်ဘူး။ စိုးရိမ်တာက နှစ်ဖက်နားလည်မှုလွဲသွားရင် ဒီနေ့ ကျွန်တော်တို့ အပြောင်းအလဲအတွက် မကောင်းဘူးပေါ့။ နောက်ကြောင်းမပြန်တောင် အရှိန်နှေးသွားမယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ယင်းသို့တွေ့ဆုံရန် တောင်းဆို မှုအား ငြင်းပယ်စရာမရှိကြောင်း၊ သို့ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးသည် ယင်းပုဂ္ဂိုလ် လေးဦးနှင့် သက်ဆိုင်သည့်ကိစ္စ မဟုတ်ဘဲ နိုင်ငံသားအားလုံးနှင့် သက်ဆိုင်သည့် ကိစ္စဖြစ်ပြီး အသက်တမျှအရေးကြီးသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရေးအတွက် နိုင်ငံတော်၏ ကံကြမ္မာအား ယင်းလူပုဂ္ဂိုလ်လေးဦး၏ ဆုံးဖြတ်ချက်နှင့် ဆုံးဖြတ်ပါက အာဏာရှင် စရိုက်လက္ခဏာမျိုး ဖြစ်သွားနိုင်ကြောင်း ဦးခင်မောင်ဆွေက ပြောသည်။

ယင်းက “ဒီလေးဦးဟာ သူတို့ရဲ့ သဘောထားနဲ့ သူတို့ရဲ့အယူအဆနဲ့ပဲ ပြင်စေ၊ ဖျက်စေ၊ ရေးစေ၊ ဟိုလိုသွားစေ၊ ဒီလိုမသွားနဲ့ဆိုလို့ရှိရင် ဒီလေးဦးလက်ထဲကို တိုင်းပြည်ရဲ့ အချုပ် အခြာအာဏာ လုပ်ပိုင်ခွင့်ကို ပုံပေးရာမကျဘူးလားဟု ပြောဆိုသည်။

အကွဲအပြဲတွေ ထပ်မဖြစ်အောင် ညီညွတ်ကြဖို့လိုပြီ

မြန်မာနိုင်ငံတွင် လက်နက်ကိုင်တော်လှန်ရေးကြောင့် တိုင်းပြည်နှင့်လူထု များစွာ နစ်နာခဲ့ ရသည်။ ယေဘုယျအားဖြင့် အစိုးရတိုင်းတွင် ပြဿနာ ရှိနေသဖြင့် မိမိဖြစ်ချင်သည့် ဆန္ဒ တစ်ခုကိုပဲ ရှေ့တန်းမတင်ဘဲ တိုင်းပြည်မျက်နှာကို ကြည့်ပြီး ညီညွတ်သင့်ကြောင်း ဦးသုဝေကပြောသည်။

သူက “လက်ရှိအချိန်မှာ ဘယ်သူပဲ အုပ်ချုပ်အုပ်ချုပ် အခုမှစပြီး ဒီမိုကရေစီကျင့်သုံးရတော့ ပြည့်ပြည့်ဝဝမဖြစ်သေးဘူး။ လိုအပ်တာအများကြီး ရှိသေးတယ်။ ဒေါ်စုက ထက်မြက်မှု အများ ကြီးရှိပါတယ်။ ဒါပေမဲ့သူက အုပ်ချုပ်ရေး အတွေ့အကြုံမရှိပါဘူး။ အုပ်ချုပ်ရေးဆိုတာ တကယ် တမ်း အတွေ့အကြုံနဲ့ သဘောတရားမတူဘူး။ ကိုယ်က သဘောတရားမှာ တော်နေပေမယ့် အတွေ့အကြုံမရှိရင် မဖြစ်ဘူး။ ဒါကြောင့် ဖြစ်နိုင်ရင် တပ်မတော် ခေါင်းဆောင်ရော၊ ဒေါ်စုရော ညီညီညွတ်ညွတ်နဲ့ တိုင်းပြည်အတွက် လုပ်သွားရင်တော့ အကောင်းဆုံးပေါ့ဗျာ။ အခုဟာက ညီညွတ်တာတော့လိုချင်တယ်။ ငါ့ဆန္ဒအတိုင်းဖြစ်ရမယ်ဆိုတော့ အဲဒါလိုနေတယ်။ အလျှော့ ပေးရေးထက် ငါလိုချင်တာကိုရယူ၊ ညီညွတ်ရေးလုပ်မယ်ကများနေတယ်” ဟု သူက ပြောသည်။

Power Elite ပွတ်တိုက်မှုကို ထိန်းသင့်တယ်

အစိုးရနှင့် အတိုက်အခံ၊ အစိုးရနှင့် လွှတ်တော်ဆက်ဆံရေးတွင် ထိန်းထိန်းသိမ်းသိမ်းဖြင့် လုပ်ကိုင်သင့်ကြောင်း၊ ပွတ်တိုက်မှုကို မထိန်းနိုင်ပါက ဘရိတ်ပေါက်ပြီး တိုင်းပြည်အတွက် ဆိုးကျိုးများဖြစ်လာနိုင်ကြောင်းကို စာရေးဆရာ ဦးကျော်ဝင်းက ထောက်ပြခဲ့သည်။
         သူက “သမ္မတ၊ လွှတ်တော်၊ တပ်မတော် သုံးခု ဆက်ဆံရေးဟာ သမ္မတမိန့်ခွန်းထဲမှာလဲ ပါတယ်။ လွှတ်တော်နဲ့ အစိုးရကြားမှာ ပွတ်တိုက်မှုရှိနေတယ်။ ဘာကြောင့် ပွတ်တိုက်မှု ဖြစ်လဲဆိုတော့ အသစ်ဖြစ်နေတဲ့ အင်စတီကျူးရှင်း ဖြစ်နေတယ်။ အင်စတီကျူးရှင်းထဲမှာ လွှတ်တော်တို့၊ အစိုးရတို့၊ တပ်မတော်တို့ အားလုံးပါတယ်။ အားလုံး အသစ်ဖြစ်နေတယ်။ အတွေ့အကြုံသိပ်မရှိဘူး။ ဒါဟာ အပြောင်းအလဲတိုင်းမှာ ကြုံတွေ့နေကျမို့ သဘာဝကျတယ်။ သို့သော် ဒီပွတ်တိုက်မှုကို မထိန်းနိုင်ရင် ဘရိတ်ပေါက်သွားနိုင်တယ်” ဟု ပြောသည်။

သမိုင်းထဲက အကွဲအပြဲတွေကို သင်ခန်းစာယူသင့်တယ်

ဒီမိုကရေစီတွင် အားပြိုင်မှုရှိခြင်း၊ မျှော်မှန်းချက်ထားခြင်းသည် အပြစ်မဟုတ် သော်လည်း အစွန်းရောက်ပါက အန္တရာယ်ရှိနိုင်ကြောင်း သမိုင်းထဲက သင်ခန်းစာယူပြီး ခေါင်းဆောင်များ အနေဖြင့် ညီညွတ်သင့်ကြောင်း ဦးသုဝေက ပြောသည်။

“ဦးသိန်းစိန်က ပြန်ရွေးမယ်ဆိုရင် ဦးရွှေမန်းနဲ့ ထိပ်တိုက်ပေါ့။ ဒီကြားထဲမှာ ဒေါ်စုလဲ ပါလာ တယ်။ သူကလဲ အားကြီးတစ်ခုပေါ့နော်။ အခုတော့ သုံးယောက်ပြိုင်ပေါ့။ အဲဒီ သုံးယောက် အပြင် မပြောဘဲနဲ့ သမ္မတမှန်းနေတဲ့လူလဲ ရှိတာပဲ။ တိုင်းရင်းသား လူမျိုးစုထဲကလဲ မှန်းတဲ့သူ ရှိမှာပဲ။ ဒီမိုကရေစီမှာ မျှော်မှန်းချက်ရှိတာတို့ ပြိုင်တာတို့ကတော့ အပြစ်မရှိပါဘူး။ မျှော်မှန်း ချက်သိပ်ကြီးသွားရင် အစွန်းရောက်တာမျိုးဖြစ်တတ်တယ်။ ဒါကြောင့် သမိုင်းထဲက အဖြစ် အပျက် တွေကို သင်ခန်းစာယူပြီး ညီညီညွတ်ညွတ် ဖြေရှင်းသင့်ပါတယ်” ဟု ပြောသည်။

ယနေ့ခေတ်မြန်မာ့နိုင်ငံရေးမှာ ပါတီအဖွဲ့အစည်းများအကြားတွင် နိုင်ငံတည်ဆောက်ရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး စသည့် မဟာဗျူဟာများတွင် သဘောထားကွဲလွဲမှုများ ရှိနိုင်တော့မည် မဟုတ်ကြောင်း ဦးခင်မောင် ဆွေက သုံးသပ်သည်။

“မဟာဗျူဟာကတော့ ကွဲစရာမရှိတော့ဘူး။ နိုင်ငံတည်ဆောက်ရေးကိုပဲ ဆက်သွားမှာလား၊ တက်တဲ့အစိုးရ ငါ့ရန်သူဆို တိုက်တဲ့ဟာတွေပဲ ကွဲမှာပေါ့။ ကွဲစရာ အဲ့ဒီဟာ နှစ်ခုပဲ ရှိတယ်။ တက်တဲ့အစိုးရ ရန်သူလို သဘောထားပြီးတော့ တိုက်နေတဲ့ သဘောထားရှိတဲ့ အုပ်စုတွေ ရှိမယ်ဆိုရင်တော့ သဘောထားကွဲလွဲဖို့ ဆက်ရှိမယ်။ အဲဒီမှာ ပုဂ္ဂိုလ်နိုင်ငံရေး စွက်ဖက်မှု တွေပါလာနိုင်တယ်။ ပုဂ္ဂိုလ်နိုင်ငံရေး စွက်ဖက်မှုတွေကို ညီညွတ်ရေးနဲ့ ထိန်းရမှာပေါ့။ ဒီမိုကရေစီ တပ်ပေါင်းစု ပုံစံမျိုးနဲ့ ညီညွတ်ရေးစာမျက်နှာမှာ ပြတ်သားတဲ့ ခေါင်းဆောင် မှုမျိုးကို ရရှိလိမ့်မယ်” ဟု သုံးသပ်သည်။

ယခုအခါ မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ တစ်သွေးတစ်သံ တစ်မိန့် စစ်အုပ်ချုပ်မှု အောက်မှ ဒီမိုကရေစီနိုင်ငံတော် သစ်ဆီသို့ အစပျိုး တက်လှမ်းနေချိန်ဖြစ်သည်။ ယင်းကာလတွင် သက်ဆိုင်ရာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ အတိုက်အခံ အင်အားစုများနှင့် တိုင်းရင်းသား အဖွဲ့အစည်းများ အားလုံးသည် တိုင်းပြည်အနာဂတ်အတွက် ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်း လုပ်ဆောင်သွားရန် အလွန်အရေးကြီးသည်။ ထို့အပြင် ထိုအဖွဲ့အစည်းများအကြားတွင် ဖြစ်ပေါ်နေသော ပွတ်တိုက်မှုများကို သမိုင်းထဲကသင်ခန်းစာရယူပြီး ညှိနှိုင်း ဆွေးနွေးအဖြေရှာ သောနည်းဖြင့် ဝိုင်းဝန်းကြိုးပမ်းသွားကြရန် တိုက်တွန်းရေးသားလိုက်ရပါသည်။

ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ(၉) အမှတ်(၂၄) ပါ အကွဲအပြဲသံသရာ (သို့မဟုတ်) နိဂုံးမချုပ်သေးသော မြန်မာနိုင်ငံ၏ နိုင်ငံရေးကျိန်စာ ဆောင်းပါးမှ ကောက်နှုတ်ကူးယူ ဖော်ပြသည်။

မင်းညီ၊ လင်းအောင်၊ မင်းအောင်ခိုင် ရေးသားသည်



မြန်မာ့နိုင်ငံရေးဆောင်းပါးများ

0 comments:

Post a Comment