Friday, December 6, 2013

ချောက်ရေနံမြေဆေးရုံမှ တာဝန်ခံ ဆရာဝန်ကြီး ဒေါက်တာရဲညွန့်နှင့် တွေ့ဆုံခြင်း

နိုင်ငံရှိ ရေနံမြေများအနက် သက်တမ်း အရှည်ဆုံးနှင့် အကြီးမားဆုံး ရေနံမြေ တစ်ခုဖြစ်သည့် ချောက်ရေနံမြေတွင် ရေနံဝန်ထမ်းများနှင့် မိသားစုဝင်များအပေါ် ကျန်းမာရေး စောင့်ရှောက်မှု အပိုင်းတွင် လိုအပ်ချက်များ ရှိနေသည်ဟု ဒေသခံ လုပ်သားများက ပြောကြားမှုကြောင့် ရေနံမြေ လုပ်သားများနှင့် မိသားစုဝင် များအပေါ် ကျန်းမာရေး စောင့်ရှောက် ပေးနေမှုနှင့် ပတ်သက်၍ သိရှိနိုင်ရန် ချောက်ရေနံမြေ ဆေးရုံမှ တာဝန်ခံ ဆရာဝန်ကြီး ဒေါက်တာရဲညွန့်နှင့် The Voice သတင်းစာတို့ သီးသန့် တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။
Voice : ဒီဆေးရုံက ရေနံဝန်ထမ်းတွေပဲ ကုပေးတာလား။ အပြင်လူနာ တွေကော ကုပေးပါသလား ဆရာ။
Dr. YN : ဒီဆေးရုံကို BOC (Burma Oil Coporation) ကုမ္ပဏီက ဆောက်ခဲ့တာ။ အခုမှ MOGE ဖြစ်သွားတာပေါ့။ ဟိုတုန်းကတော့ ဂက်စ်က မထွက်သေးဘူးလေ။ နောက်ပိုင်းမှ ရေနံကော ဂက်စ်ကော ထွက်လာတော့ Myanmar Oil and Gas Enterprise (မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း) ဖြစ်သွားတာပေါ့။ ဟိုတုန်းက Myanma Oil Coporation ပဲ။ ကိုယ်မှတ် မိသလောက်တော့ ဟိုတုန်းကတော့ BOC ဆိုတာ နိုင်ငံခြား ကုမ္ပဏီပဲ။ လွတ်လပ်ရေး ရပြီးခါစက။ အဲဒီကနေ ထူထောင်လိုက်တာပေါ့။ အဓိက ကုပေးတာတော့ ဝန်ထမ်းတွေပေါ့။ ရေနံဝန်ထမ်းတွေပဲ။ ဝန်ထမ်းတွေနဲ့ သူရဲ့မိသားစု။ အခုနောက်ပိုင်းကျတော့ ကိုယ်တို့ တာဝန်ယူတဲ့အချိန် ရောက်လာ တော့ ရေနံဝန်ထမ်း မိသားစုအပြင် အပြင်က လာတက်မယ် ဆိုရင်လည်း ကိုယ့်စရိတ်နဲ့ ကိုယ်ပေါ့၊ လိုတဲ့ဆေးကိုဝယ်။ လိုတဲ့ဆေး ဝယ်ခိုင်းပြီးတော့ ကိုယ်တို့က ကုပေးတာပေါ့။ (ရေနံဝန်ထမ်း များကိုလည်း ထိုနည်းတူပင် ကုသပေးပါသည်။)
Voice : အခုဆေးရုံ လည်ပတ်ဖို့ ငွေကြေးတွေကျ ဘယ်လိုရလဲဆရာ။
Dr. YN : ငွေကြေးတွေက လူမှုဖူလုံရေးက ထောက်ပံ့တာ ရှိတယ်။ တစ်နှစ်ကို နှစ်ကြိမ်၊ ခြောက်လတစ်ကြိမ်။ အဲဒါရန်ကုန်မှာ သွားထုတ်ရတယ်။ ရုံးချုပ်မှာ ကိုယ်တို့ဆေးခန်း ရှိတယ်။ အဲဒီကနေ သွားထုတ်တယ်။ တခြားဆေးခန်းတွေလည်း ရှိတယ်။ ဆေးရုံက ဒီတစ်ရုံပဲရှိတာ ရေနံမှာ MOGE အနေနဲ့ပေါ့။ ပြီးတော့ ဖြန့်ပေးတာပေါ့။
Voice : ခြောက်လတစ်ကြိမ် ထုတ်တာက ငွေထုတ် ပေးတာလား။
Dr. YN : ငွေထုတ်ပေးတာ မဟုတ်ဘူး။ ဆေးတွေပဲ ချပေးလိုက်တာ။ နောက် Local Purchase ပေါ့နော်။ လိုအပ်တဲ့ ဆေးတွေ ဝယ်သုံးတာတော့ ဒီမှာပဲ။ အဲဒါတော့ မန်နေဂျာရဲ့ (မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း ချောက်လမ်းရွာ ရေနံမြေ အထွေထွေမန်နေဂျာ) ခွင့်ပြုချက် လိုတာပေါ့။ မန်နေဂျာကလည်း ရုံးချုပ်က Admin (စီမံ) ဌာနကို တင်ပြရသေးတာပေါ့။ အဲဒါ တစ်လကို တစ်သိန်းနဲ့ခြောက်သောင်း ဌာနက ချပေးတယ်။
Voice : အထူးသဖြင့် ဘာရောဂါတွေနဲ့ လာတက်ကြတာ များလဲ။
Dr. YN : ဝန်ထမ်းတွေဆိုတော့ သိတဲ့အတိုင်းပဲ။ ဝန်ထမ်းတွေက Test Well (ရေနံစမ်းသပ် တူးဖော်မှု) တွေ ထွက်ရတယ်။ ဝေးလံတဲ့ ဒေသတွေမှာ ရေနံသွားတူး ရတာပေါ့။ မိသားစု မိန်းမနဲ့ ကလေးတွေ ခွဲပြီး သွားရတာပေါ့။ အရက်နဲ့ ပတ်သက်တဲ့ ရောဂါတွေ များတယ်။ အရက်သောက်တာ အစာအိမ်တို့ အသည်းတို့ ထိတာပေါ့။
Voice : ဒီလို အရက်စွဲနေတဲ့ ဝန်ထမ်းတွေကို ဆေးရုံက ဘယ်လို ကုသမှုပေးလဲ ဆရာ။
Dr. YN : အဲဒါကျတော့ ဆေးရုံ တက်ခိုင်းတာပေါ့။ တချို့ အရက်ဖြတ်ချင်တဲ့သူ ကျလည်း ဖြတ်ပေးတာပေါ့။ အားဆေးတွေ ဘာတွေနဲ့ နောင်လုံးဝ မသောက်အောင်ပေါ့။ စိတ်နိုင်တဲ့ သူကျလည်း လုံးဝ ပြတ်သွားတာပေါ့။ တချို့ကျလည်း နှစ်ခါသုံးခါလောက် ပြန်တက်ရတယ်။
Voice : အခုဆရာတို့ ဆေးရုံမှာ ဝန်ထမ်း ဘယ်နှယောက်လောက် ရှိလဲ။
Dr. YN : ဝန်ထမ်းက အမြဲတမ်း ဝန်ထမ်းကော ယာယီနေ့စား ဝန်ထမ်းကော ပေါင်းလိုက်လို့ ရှိရင် ခုနစ်ဆယ့်ခြောက်ယောက် ရှိတယ်။ ဆရာဝန်က အခုလက်ရှိ ငါးယောက်ရှိတယ်။ နောက် သွားဆရာဝန် တစ်ယောက် ရှိတယ်။ စစ္စတာက ငါးယောက်ရှိတယ်။
Voice : ဆေးရုံဝန်ထမ်းတွေ လစာထုတ်တော့ ဘယ်မှာထုတ်ရလဲ။
Dr. YN : လစာထုတ်တာက ဟိုး MOGE မှာ ဌာနပေါင်း သုံးဆယ်လောက်ရှိမယ်။ ကိုယ်ဌာန အပါအဝင်ပေါ့၊ ရေနံဆေးရုံ အပါအဝင်။ ဘဏ္ဍာရေးဌာန ဆိုတာ ရှိတယ်။ ဘဏ္ဍာရေးဌာနမှာ ဌာနမှူး ရှိတယ်။ သူကမှ စာရေးနဲ့ လစာထုတ်ရက် ဆိုရင် လာပြီးတော့ ထုတ်ပေးတာပေါ့။
Voice : ဒါဆို ဆရာတို့က MOGE ဝန်ထမ်းတွေပဲပေါ့။
Dr. YN : ကိုယ်တို့က တကယ်တမ်းဆိုရင် ဆရာမတွေ ဆရာဝန်တွေက ကျန်းမာရေး ဝန်ထမ်းတွေပဲပေါ့။ ကျန်းမာရေး ဝန်ကြီးဌာနက ဝန်ထမ်း။ ဒါပေမဲ့ လက်ရှိမှာ စွမ်းအင် ရောက်နေတဲ့ အခါကျတော့ လစာက အခုစွမ်းအင်ကပဲ ပေးနေတာ။ ဆရာ ဆရာမတွေကတော့ ကျန်းမာရေး ဝန်ထမ်းတွေ ဖြစ်တဲ့အတွက် ကိုယ်တို့ Promotion (ရာထူးတိုး) တွေ Transfer (နယ်ပြောင်း) တွေကတော့ ကျန်းမာရေးကပဲ ကိုင်တယ်။ လစာ ခံစားခွင့်ကတော့ ကျန်းမာရေးဌာနက တစ်ခြား ဝန်ထမ်းတွေနဲ့ တန်းတူပဲ။
Voice : အရေးပေါ်လူနာတွေ ရောက်လာရင်ရော ဘယ်လိုလုပ်ပါသလဲ။ ဒီဆေးရုံမှာတင် ကုသပေးတာလား။
Dr. YN : Emergency က ပြည်သူ့ဆေးရုံ ရှိတယ်။ ပီစီကေ့စ် (Police Case) ပေါ့။ ပီစီကေ့စ်ဆိုတာ ရဲနဲ့ ပတ်သက်တဲ့ ဆိုင်ကယ် Accident (ဆိုင်ကယ်တိုက်မှု) တို့ ကား Accident (ကားတိုက်မှု) တို့ကျ ဒီမှာ လက်မခံဘူး။ ဟိုဘက်မှာ အမှုတွေဘာတွေ ဖွင့်ရသေးတာကိုး၊ တရား ရင်ဆိုင်ရမှာ ဆိုတော့။ အခုနောက်ပိုင်းကျတော့ မန်နေဂျာကြီးရဲ့ ညွှန်ကြားချက်အရ ပီစီကေ့စ်တွေလည်း လက်ခံပါ ဆိုတော့ သွားပြီး အမှုဖွင့်ခိုင်း လိုက်တာပေါ့။ အမှုဖွင့်လိုက်တာနဲ့ လိုအပ်တဲ့ ကုသမှု ပေးပါတယ်။
Voice : ဒီလိုပါ ဆရာလူနာရဲ့ရောဂါ အရေးပေါ် အသည်းအသန် ဖြစ်နေရင် ဒီဆေးရုံ ပစ္စည်းတွေနဲ့ ကုသမှု ပေးနိုင်လား ပြောတာပါ။
Dr. YN : Facilities (ဆေးရုံသုံး ပစ္စည်းတွေ) က ရှိပါတယ်။ ကိုယ်လုပ်ထားတာလည်း ရှိပါတယ်။ ICU (Intensive Care Unit အရေးပေါ်လူနာခန်း) မှာ အောက်ဆီဂျင် စက်လည်း ရှိတယ်။ အခု Patient Monitor စက်ကတော့ ခွဲခန်းထဲမှာပဲ ရှိတယ်။ ICU မှာ မထားနိုင်သေးဘူး။ အဲဒါလည်း အလှူခံထားတယ်။ ကိုယ်တို့ ဒီမှာလာတူးတဲ့ Gold petrol ကုမ္ပဏီဆိုတာ ရှိတယ်။ သူတို့ဆီ အလှူခံထားတယ်။
Voice : Gold petrol က ချောက်နဲ့ ရေနံချောင်းမှာ ရေနံတူးဖော်ခွင့် အများစု ရထားတာဆိုတော့ ဆေးရုံအတွက် ဘာတွေ ထောက်ပံ့ ပေးသလဲဆရာ။
Dr. YN : ထောက်ပံ့ပေးပါတယ်။ ပထမ မော်နီတာ စက်တစ်လုံးကလည်း သူတို့ လှူထားတယ်။ အခုတစ်ခါ သွားဆရာဝန်အတွက် လိုအပ်တဲ့ Instrument (ပစ္စည်းကိရိယာ) တွေပေါ့ အဲဒါက သုံးသိန်းဖိုးလောက် ရှိတယ်။ လှူထားတာ မကြာသေးဘူး။ နောက်ဒီနှစ်ကုန်မှာ ဒီဆေးရုံအတွက် ဆိုပြီး ငွေပဒေသာပင် စိုက်ပေးမယ်။ အဲဒီက ရတဲ့အတိုးနဲ့ ချို့တဲ့တဲ့ ဝန်ထမ်းတွေကို အဲဒီကရတာနဲ့ ဆေးကုပေးမှာပေါ့။
Voice : ဘယ်လောက် မတည်ပေးမှာလဲ။
Dr. YN : ခန့်မှန်းခြေကတော့ အခုစပြီး မတည်မှာက သိန်း ၁၀၀ လောက် မတည်မှာပါ။ ဘဏ်ထဲမှာပဲ ထားမှာပါ။
Voice : ဆရာ နောက်မေးခွန်း တစ်ခုက စိတ်တော့ မရှိပါနဲ့။ ဆရာတို့ ဆေးရုံမှာ ရိုးရိုးဆရာဝန် ငါးယောက်နဲ့ သူနာပြုတွေပဲ ရှိတော့ Surgery လုပ်တာ၊ ခွဲတာ စိတ်တာကျတော့ နိုင်နင်းပါ့မလား။
Dr. YN : Surgery (ခွဲစိတ်) က ဟိုတုန်းက Specialists (အထူးကု ဆရာဝန်တွေ) တွေ ရှိတယ်ကွ။ အခု ၂၀၁၁ ရှစ်လပိုင်းလောက် အထိကို Surgeon (ခွဲစိတ်အထူးကု ဆရာဝန်) တစ်ယောက် ရှိသေးတယ်။ အခုက သူရာထူးတိုးနဲ့ ပြောင်းသွားတော့ မန္တလေးမှာ Worker ဆေးရုံ ရှိတယ်လေ။ အလုပ်သမား ဆေးရုံကို ပြောင်းသွားတာ။ ဟိုတုန်းက အကုန်လုံးရှိတယ်။ ကိုယ်တို့ မရောက်ခင်က ပေါ့နော်။ မေ့ဆေးလည်း ရှိတာပဲ။ ကလေးအထူးကု၊ အထွေထွေ ရောဂါအထူးကု၊ OG၊ ခွဲစိတ်အထူးကု ဆရာဝန်တွေလည်း ရှိတယ်။ အခုလည်း ကိုယ်တို့ တောင်းထားတယ်။ တောင်းထားတာ စာတော့ ကိုယ်တို့ဝန်ကြီး ဌာနကနေပြီးတော့ ကျန်းမာရေးကို ထွက်သွားပြီ။ အထွေထွေရောဂါ အထူးကုရယ်၊ OG ရယ်၊ ခွဲစိတ် အထူးကုရယ် သုံးယောက် တောင်းထားတယ်။ တောင်းထားတာတော့ ရမယ့် သဘောတော့ ရှိပါတယ်။ အဲဒီ ဆရာဝန်တွေ မရှိသေးတဲ့အတွက် ဒီမှာတော့ သာမန်လူနာနဲ့ အရေးပေါ် လူနာဆို Emergency Patient (အရေးပေါ်လူနာ) ကို အရင်လုပ်ပေး ရတာပေါ့။
Voice : ဒီဆေးရုံအတွက် လတ်တလော ဘာတွေလုပ်ပေးဖို့ ရှိသလဲဆရာ။
Dr. YN : ပြုပြင်ပြောင်းလဲမှုက ဘာတွေ ရှိမလဲဆိုရင် စောစောက ငွေပဒေသာပင် စိုက်ပေးမှာ ရှိတယ်။ ကိုယ်တို့ ဆေးရုံအတွက် ပျက်စီးတာတွေကျတော့ ကိုယ်တို့ ရေနံမှာ ဌာနခွဲတစ်ခု ရှိတယ်လေ။ ဆောက်လုပ်ရေး ဆိုတာ။ ပျက်စီးတာရှိရင် သူတို့ဆီကို စာတင်ရတယ်။ မန်နေဂျာကြီးရဲ့ ခွင့်ပြုချက်နဲ့ သူတို့ လာကြည့်တယ်။ လိုအပ်တာရှိရင် ပြင်ပေးမှာပေါ့။
 The Voice

0 comments:

Post a Comment