Thursday, December 5, 2013

ဒီဇင်ဘာ ကိုင်ရိုမြင်ကွင်း

ရဲတစ်ယောက်က ကိုင်ရိုတက္ကသိုလ်မှ အင်ဂျင်နီယာကျောင်းသား တစ်ယောက်ကို သေနတ်နှင့် ပစ်လိုက်ချိန်က စတင်ပြီး ယမ်းပုံ မီးကျလိုက်သလို ကျောင်းသားဆန္ဒပြပွဲများ တစ်နိုင်ငံလုံးတွင် ပေါ်ပေါက်ခဲ့ရသည်။ ထိုအချိန်တွင် အခြေအနေကို အခွင့်ကောင်းယူပြီး အတိုက်အခံတွေ ကလည်း ယာယီအစိုးရကို ဖြုတ်ချရန် လှုံ့ဆော်ကြသည်။ ကျောင်းသားတွေ ဆန္ဒပြသည်က ကျောင်းသားကို ထိသဖြင့် မခံချင်စိတ်နှင့် ဆူပူကြခြင်း ဖြစ်သော်လည်း ဖြုတ်ချခံရသည့် ယခင် သမ္မတဟောင်း မော်စီကို ထောက်ခံသယောင် နိုင်ငံရေးအရောင် ပြောင်းသွားမည်ကို စိုးရိမ်နေ ကြသူတွေ ရှိသည်။
နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေက အီဂျစ်နိုင်ငံ ရဲတပ်ဖွဲ့သည် ကိုင်ရိုတက္ကသိုလ် ရှေ့တွင် ဆန္ဒပြနေသော လူစုကိုခွဲရန် သေနတ်နှင့် ခြောက်လှန့် ပစ်ခတ်လိုက်စဉ် အသက် ၁၉ နှစ်အရွယ် မိုဟာမက် ရီဒါကိုထိမှန်ပြီး သေဆုံးစေခဲ့သည်။ လူ့အခွင့်အရေး လှုပ်ရှားသူများက သေမှုသေခင်း စစ်ဆေးသည့် အစီရင်ခံစာတွင် ရီဒါသည် သေနတ်နှင့် သုံးချက်တိတိ
အပစ်ခံထားရသဖြင့် သေဆုံး ကြောင်း တွေ့လိုက်ရသည်။ လူသေစေမှုမဟုတ်တော့၊ လူသတ်မှုအသွင် ကြံရွယ်ပြီး ပစ်ခတ် သတ်ဖြတ်လိုက်ခြင်း ဖြစ်သောကြောင့် ကျောင်းသားထုကို ထိန်းမနိုင်သိမ်းမရ ဖြစ်သွားခဲ့ရသည်။
ကိုင်ရိုတက္ကသိုလ်ရှေ့တွင် “ကျောင်းပိတ်သည်” ဆိုသည့် စာတန်းကို ကျောင်းသားတွေက ကပ်ထားလိုက် ကြသည်။ တက္ကသိုလ်တစ်ခုလုံး သပိတ်တိုက်ပွဲကိုဆင်နွှဲ ကြသည်။ ဆရာ၊ ဆရာမများလည်း ဆန္ဒပြပွဲတွင် ပူးပေါင်း ပါဝင်လာကြသည်။
ဒီဇင်ဘာလ ၁ ရက်နေ့တွင် အရှိန်က ပိုမြင့်လာပြီး ကျောင်းရှေ့သို့ ရဲကားတစ်စီး ရောက်လာကာ ထပ်မံပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ 
"ကျွန်တော်တို့ ပြည်ထဲရေးဝန်ကြီးနဲ့ အဆင့်မြင့် ပညာဝန်ကြီး နုတ်မထွက်မချင်း ဆက်ပြီး ဆန္ဒပြသွားမယ်။ ရီဒါတက်နေတဲ့ ကျောင်းတစ်ကျောင်းလုံး ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေါသတွေ ထွက်နေကြတယ်" ဟု တက္ကသိုလ် ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ ဟီရှမ်အာဆပ်ဖ်ကပြော ကြားလိုက်သည်။
ရဲတပ်ဖွဲ့အနေနှင့် အကြမ်းဖက် တိုက်ခိုက်ခဲ့ခြင်း မရှိကြောင်း၊ ဆန္ဒပြသူများကို ရဲအရာရှိ များသည် မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ပြီး လူစုခွဲခဲ့ခြင်းသာ ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟာနီ အဘဒဲလာတစ်က သတင်း ထုတ်ပြန်ခဲ့သည်။
ရဲစစ်ဆေးချက် မှတ်တမ်းနှင့် မျက်မြင်သက်သေ တို့၏ ထွက်ဆိုချက်များက ကျောင်းသားများကို ပိုပြီး ဒေါသထွက်စေ ခဲ့သော်လည်း ပြည်ထဲရေးဝန်ကြီးကမူ ထိုကိစ္စကို တွင်တွင်သာ ငြင်းနေခဲ့သည်။ အစိုးရက မလုပ်ဘူးပြောလေ ကျောင်းသားများ၏ ဒေါသကို ဆွလေ ဖြစ်နေသည်။ ပုဂ္ဂလိက ရုပ်သံလိုင်းတစ်ခု ဖြစ်သည့် အယ်လ်နာဟာသည် ကိုင်ရိုတက္ကသိုလ် ကျောင်းအုပ်ကြီး ဂါဘာဂတ်နာဆာနှင့် နိုဝင်ဘာ ၃၀ ရက်နေ့က အင်တာဗျူး ပြုလုပ်ခဲ့ရာ ကျောင်းအုပ်ကြီးက ရီဒါ သေဆုံးရခြင်းနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုကို အပြည့်အစုံ လုပ်ဆောင်ပေးရန် တောင်းဆိုလိုက်သည်။
"လုံခြုံရေး တပ်တွေက ကျောင်းသားတွေ အပေါ်မှာ လိုတာထက်ပိုပြီး အင်အားသုံးခဲ့တာ ထင်ရှားတယ်။ ပြည်ထဲရေးဝန်ကြီးက သေနတ်ကို သုံးပြီး ပစ်ခတ်ခဲ့ခြင်း မရှိဘူးဆိုတဲ့ ငြင်းဆိုချက်ကို ကျွန်တော်တို့ လုံးဝလက်မခံဘူး" ဟု ကျောင်းအုပ်ကြီးက ပြောကြားခဲ့သည်။
အစိုးရက ရီဒါကို မွတ်ဆလင်ညီနောင်များ အဖွဲ့နှင့် ပတ်သက်ခြင်းရှိသည် ဆိုသော စွပ်စွဲချက်အား ကျောင်းအုပ်ကြီးက ငြင်းဆိုထားသည်။ အီဂျစ်တွင် နိုင်ငံရေးက နှစ်ခြမ်းကွဲသွားသည်။ သူ့တွင်လည်း နိုင်ငံရေးခံယူချက် တစ်ခုခု ရှိကောင်းရှိနိုင်သည်။ ထိုခံယူချက်ကြောင့် သူအသက်ပေးခဲ့ရခြင်း ဖြစ်သည်။

ကျောင်းသားလှုပ်ရှားမှု


မွတ်ဆလင်ညီနောင်များ အဖွဲ့နှင့် သူတို့ကို ထောက်ခံသူများသည် သမ္မတ မိုဟာမက်မော်စီကို ဖြုတ်ချခဲ့သူများ နှင့် ပူးပေါင်းလိုက်ပြီး လွန်ခဲ့သည့် လအနည်းငယ် ကတည်းက တက္ကသိုလ်ကျောင်း များတွင် လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။
ရီဒါသေဆုံးခဲ့ရခြင်းက ထိုလှုပ်ရှားနေမှုကို ပိုပြီး အရှိန်မြှင့်ပေးလိုက်သလို ဖြစ်စေခဲ့သည်။ သမ္မတမော်စီ ကို ဖြုတ်ချခဲ့သူ များသည် သူတို့ကိုယ်သူတို့ မည်သည့် ပါတီဝင်မှ မဟုတ်ကြောင်း ထုတ်ဖော်ကြေညာ ထားသောကြောင့် ကျောင်းသားများ စိတ်ဝင်စားသည့် အဖွဲ့အစည်းလည်း ဖြစ်သည်။ ထိုအချိန်တွင် ကိုင်ရိုတက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနမှ ပါမောက္ခ ဆေ့ဖ်အယ်လ်ဒင် အဘဒဲလ် ဖာတာက ဖြုတ်ချခဲ့သော သမ္မတမော်စီအား ထောက်ခံပွဲကို ပြီးခဲ့သည့် လကုန်ပိုင်းတွင် ကျင်းပ ပြုလုပ်ခဲ့သည်။ 
သူတို့က သူတို့ကိုယ်သူတို့ “မဟာမိတ်” များဟုခေါ်ကြပြီး “ဇန်နဝါရီ ၂၅ တော်လှန်ရေးကို ပြန်လည် ဆန်းသစ်ရန်” အတွက် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ပြောကြသည်။
"ရီဒါက ကိုင်ရိုတက္ကသိုလ်ကျောင်းသား ဆိုတော့ ဒေါသကို ပိုပြီးဆွပေးလိုက်သလို ဖြစ်သွားတယ်။ ခုဆိုရင် အီဂျစ်ပြည်သူတွေက တစ်သားတည်း သွေးစည်းသွားကြပြီ။ တစ်ခုတည်းသော ကျောင်းသားလှုပ်ရှားမှုအသွင် ဆောင်သွားပြီ" ဟု ဖာတာကပြောသည်။ သူသည် တစ်ချိန်က မော်စီ၏ သမ္မတဆိုင်ရာ အကြံပေးအဖြစ်လည်း လုပ်ဆောင်ခဲ့သူ ဖြစ်သည်။
ဒီဇင်ဘာ ၁ ရက်နေ့တွင် ကျောင်းသားတွေ ဆန္ဒပြရန် ထွက်လာကြသည်။ သူတို့သည် သမ္မတမော်စီ အပေါ် မေတ္တာစေတနာ ရှိကြ၍တော့ မဟုတ်။ သူတို့ကျောင်းသားထု အတွင်းကို မော်စီထောက်ခံသူတွေ လာရောမှာ သူတို့လည်း စိုးရိမ်နေကြသည်။ သို့သော် အုပ်စုနှစ်စုသည် တစ်စုစီခွဲပြီး ဆန္ဒပြပွဲများ ဆင်နွှဲကြသည်။ ကျောင်းသားတွေက ကျောင်းတံခါးကို ပိတ်ပြီး ကျောင်းဝင်းအတွင်း ၌နေကြသည်။ မော်စီကိုထောက်ခံသူ အုပ်စုက ကျောင်းဝင်းပြင်ပတွင် ဆန္ဒပြကြသည်။ ထိုအချက်ကပင် ကျောင်းသားများသည် မော်စီကို ဆန္ဒမရှိကြောင်း၊ ယခု ဆန္ဒပြနေခြင်းသည် မိမိတို့ကျောင်းသားကြောင့်သာ ဖြစ်ကြောင်း ထင်ရှားစေသည်။
"ကျွန်တော်တို့ ဆန္ဒပြနေတာ မော်စီကို ထောက်ခံနေတာ မဟုတ်ဘူး။ သူလည်း ခုအစိုးရနဲ့ ဘာမှမထူးဘူး။ ကျွန်တော်တို့ ပြည်ထဲရေးဝန်ကြီး ကိုလည်း မထောက်ခံဘူး" ဟု စီးပွားရေးအဓိက ကျောင်းသား အဗ္ဗဒူလာဟာဆန်က ဒီဇင်ဘာ ၁ ရက် ဆန္ဒပြပွဲတွင် ပြောကြားသည်။
မော်စီကို ထောက်ခံသူများသည် ကျောင်းဝင်း အပြင်ဘက် နာဒါရင်ပြင်တွင် စုဝေးနေကြသည်။ ရင်ပြင်တွင် ထိုင်သပိတ်မှောက်နေသည့် အဖွဲ့ နှစ်ဖွဲ့လောက်ရှိ သည်။ သူတို့သည် သြဂုတ်လ အတွင်းက အစုလိုက် အပြုံလိုက် ပစ်ခတ်သတ်ဖြတ်ခြင်း ပြုလုပ်ခဲ့သည့် နေရာတွင် ဆန္ဒပြနေကြခြင်း ဖြစ်သည်။ ထိုအုပ်စုသည် တာဟီရာ ရင်ပြင်ဘက်သို့ ဆက်လက် ချီတက်သွားကြသည်။ စစ်သားတွေက လမ်းတွေကို ပိတ်ထားကြသည်။ ရဲတွေက မျက်ရည်ယိုဗုံးတွေနှင့် လူစုခွဲရန် ပြင်ဆင်နေ ကြသည်။ လူအုပ်စုလည်း ကွဲသွားသည်။
တက္ကသိုလ်ကျောင်းဝင်း နောက်တွင် ရဲတပ်ဖွဲ့ဝင်များ ပုန်းကွယ်နေကြသည်။ နိုင်ငံတော်မီဒီယာအဖွဲ့ ကလည်း အသင့်အနေအထားတွင် စောင့်စားရင်း သတင်းယူရန် ပြင်ဆင်နေကြသည်။ ပါတီနှင့် မသက်ဆိုင်သော ဆန္ဒပြသူများကို အခြားဆန္ဒပြသူ များနှင့် ပူးပေါင်းပြီး တိုက်ပွဲဝင်ရန် တိုက်တွန်းသူ တွေက တိုက်တွန်းနေကြသည်။ အားလုံးက ပင်ပန်းနွမ်းနယ်နေကြပြီး အီဂျစ် ယာယီအစိုးရ ဖြုတ်ချရေးအတွက် အားကြိုးမာန်တက် လှုပ်ရှားနေသဖြင့် ရည်ရွယ်ချက်ချင်းတော့ တူညီကြသည်။

ရဲတွေပြန်ရောက်လာခြင်း


အီဂျစ်တက္ကသိုလ် ကျောင်းများသည် နိုင်ငံရေး အနေအထားကို ကောင်းစွာ သဘောပေါက်ထားသူများ ဖြစ်သည်။ လွန်ခဲ့သည့် လေးလခန့် မော်စီကို ဖြုတ်မချမီက ကျောင်းသားသမဂ္ဂတွင် ရွေးကောက်ပွဲ တစ်ခုကို ကျင်းပခဲ့ကြသည်။ သူတို့က မွတ်ဆလင်ညီနောင် များ၏ အထောက်အပံ့ကို ပယ်ချခဲ့ကြသည်။ ကျောင်းသားသမဂ္ဂ တွင် ကျောင်းသားတွေ နေရာအပြည့် ရလာသည်။ လွတ်လပ်စွာ နိုင်ငံရေးယုံကြည်ခွင့်တွေ ရလာပြီး မိမိတို့ ကြိုက်ရာ နိုင်ငံရေးပါတီများသို့ ဝင်ရောက်လှုပ်ရှားခွင့် ရလာကြသည်။
မော်စီကိုဖြုတ်ချပြီး လပေါင်းများစွာ ကြာသည်အထိ တက္ကသိုလ်များသို့ လုံခြုံရေးတပ်များ အရောက် အပေါက် နည်းခဲ့သည်။ ၂၀၁၀ ပြည့်နှစ်လောက် ကတည်းက ကျောင်းအာဏာပိုင်များ သို့မဟုတ် ရှေ့နေချုပ်တို့က အကူအညီ မတောင်းမချင်း ကျောင်းဝင်း အတွင်းသို့ ခြေမချရ ဆိုသည့်အမိန့်ကို ထုတ်ထားသောကြောင့် ဖြစ်သည်။ သူတို့ကိုယ်သူတို့ “ရဲတပ်ဖွဲ့ဆန့်ကျင်ရေး ကျောင်းသားများ” ဟု အမည်ပေးထားသည့် ကျောင်းသားတစ်စုက ထိုအချိန်တွင် ပေါ်လာသည်။ သူတို့သည် မော်စီထောက်ခံသည့် အဖွဲ့များကို ကျောင်းဆီသို့ လာရောက်စုဝေးရန် လှုံ့ဆော်ခဲ့ခြင်း ဖြစ်သည်။
ယခုအထိတော့ ဆန္ဒပြသူများ အချင်းချင်းထိန်း သိမ်းနိုင်သေးသည်။ အယ်လ်အဇာ တက္ကသိုလ်မှ ကျောင်းသား ၂၀၀ ခန့်ကို နိုဝင်ဘာလက ကျောင်းထုတ်လိုက်သည်။ သူတို့သည် မွတ်ဆလင်ညီနောင်များ အဖွဲ့နှင့် ဆက်သွယ်သည် ဆိုကာ ထုတ်ပစ်ခြင်းဖြစ်သည်။ အက်ဆွတ် တက္ကသိုလ်မှ ဆရာငါးဦးကိုလည်း နိုဝင်ဘာလကုန်ပိုင်း တွင် မွတ်ဆလင်ညီနောင်များ အဖွဲ့နှင့် ပတ်သက်သည် ဆိုပြီး တာဝန်က ရပ်ဆိုင်းထားခဲ့သည်။
ကျောင်းသားတွေ အုံကြွမှုက ပိုပြီး ပြင်းထန်လာသည်။ အထူးသဖြင့် အယ်လ်အဇာ တက္ကသိုလ်သည် အစ္စလာမ္မစ်ကမ္ဘာတွင် သြဇာအရှိဆုံး ကျောင်းကြီး တစ်ကျောင်းဖြစ်ပြီး မွတ်ဆလင်ညီနောင်များ၏ ထောက်ပံ့မှု အများဆုံး ရရှိထားသည့် ကျောင်းလည်း ဖြစ်နေသောကြောင့် ထိုကျောင်းသားများ ပေါက်ကွဲမှုက ပိုပြီးပြင်းထန်သည်ဟု ဆိုရမည်။
အောက်တိုဘာ ၃၀ ရက်နေ့ ဆန္ဒပြပွဲတွင် ထိုကျောင်းမှ ကျောင်းသား ၁၂ ယောက် အဖမ်းခံရသည်။ သူတို့ကို ဆူပူမှုဖြစ်ပွားစေရန် လှုံ့ဆော်သောကြောင့် ဆိုသည့် စွဲချက်များဖြင့် ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။ နှစ်ပတ်အကြာတွင် တရားစီရင်မှုကို ကတိုက်ကရိုက် ပြုလုပ်ပြီး ထောင်ဒဏ် ၁၇ နှစ်စီ ချမှတ်လိုက်သည်။ ဆန္ဒပြသူတွေကို ဆူပူအုံကြွစေရန် ထပ်မံ မီးထိုးလိုက်သလို ဖြစ်သွားသည်။ တရားရုံး ဆုံးဖြတ်ချက်သည် နိုင်ငံရေးပါတီများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများ အတွက်လည်း အရှိန်မြှင့် ပေးလိုက်သလို ဖြစ်သွားသည်။
အခြား မော်စီထောက်ခံသူများ၏ ဆန္ဒပြပွဲသည် နိုဝင်ဘာ ၂၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သေးသည်။ ထိုအဖွဲ့က တက္ကသိုလ်ဝင်း အတွင်းရှိ အဆောက်အအုံတစ်ခုကို မီးရှို့သည်အထိ ပြင်းထန်ခဲ့သည်။ ထိုဆန္ဒပြ ဆူပူမှုတွင် ရဲများ ပစ်ခတ်မှုကြောင့် ကျောင်းသားတစ်ဦး သေဆုံးခဲ့ရခြင်း ဖြစ်သည်။
အခြေအနေက ဆိုးလာသဖြင့် အယ်လ် အဇာတက္ကသိုလ် အာဏာပိုင်များက ဆန္ဒပြသူများကို တက္ကသိုလ်ဝင်းအတွင်း ဝင်ပြီး ဆန္ဒမပြရန် ပိတ်ပင်တား မြစ်လိုက်သည်။ အီဂျစ်လွှတ်တော် ကလည်း အခွင့်အရေး ရသည်နှင့် ကျောင်းဝင်းအတွင်း ဝင်ပြီး ဖျက်ဆီးသည့် သူများကို တားဆီးရန်နှင့် ကျောင်းသားများ အသက် အန္တရာယ်ခြိမ်းခြောက်မှုကို အကာအကွယ်ပေးရန် ဆိုကာ ရဲတပ်ဖွဲ့ကို ကျောင်းဝင်းအတွင်း၌ တပ်စွဲခွင့် ပြုလိုက်သည်။
ကျောင်းသားများကလည်း ပြည်ထဲရေးဝန်ကြီး ကို နုတ်ထွက်ပေးရန်တောင်းဆိုမှုကို ဆက်လက်ပြုလုပ် နေကြသည်။ အစိုးရဆန့်ကျင်ရေး အုပ်စုကလည်း အစိုးရ နုတ်ထွက်ပေးရေး အထိ တောင်းဆိုရန် ကျောင်းသားတွေကို မီးထိုးပေးနေသည်။ ကျောင်းသားသမဂ္ဂသည် မြို့ကြီး ငါးမြို့တွင်ရှိသည်။ ကိုင်ရိုနှင့် အလက်ဇန်းဒရီးယားမြို့ များရှိ ကျောင်းသားသမဂ္ဂများသည် မိမိတို့ တောင်းဆိုချက် များကို လွှတ်တော်က ပယ်ချလိုက်သဖြင့် မကျေမနပ် ဖြစ်နေကြသည်။ အစိုးရ ကလည်း ရီဒါသည် ဥပဒေချိုးဖောက်ခြင်းကြောင့် အသတ်ခံရခြင်း ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုနေသည်။
"အာဏာပိုင်တွေက ဆန္ဒပြသူတွေ အားလုံးဟာ မွတ်ဆလင်ညီနောင် အုပ်စုနဲ့ အဆက်အသွယ်ရှိနေတယ် လို့ချည်း ယူဆနေကြတယ်။ ဆန္ဒပြပွဲတိုင်း အဲဒီအဖွဲ့နဲ့ ဆက်နွှယ်နေတာတော့ မဟုတ်ဘူး။ လူ့အခွင့်အရေးနဲ့ လွတ်မြောက်ခွင့်ရရေး တို့အတွက် တိုက်ပွဲဝင်နေတာတွေ လည်းရှိတယ်။ တက္ကသိုလ်တွေရဲ့ အနေအထားက အရမ်း စိုးရိမ်စရာ ကောင်းနေတယ်။ ရဲတွေကို တက္ကသိုလ် ကျောင်းဝင်းထဲ မဝင်ရဘူးဆိုတဲ့ သတ်မှတ်ချက်က ရှိနေ တာပဲ" ဟု လွတ်လပ်စွာ တွေးတောထုတ်ဖော်ခွင့် အဖွဲ့မှ ရှေ့နေ ဖာတမာဆီရက်က ဆိုသည်။
ယင်းအဖွဲ့သည် တက္ကသိုလ်များတွင် လူ့အခွင့်အရေးအတွက် လှုပ်ရှားနေသည့် အဖွဲ့ ဖြစ်သည်။ ဆီရက်က "ဇန်နဝါရီ ၂၅ ရက်နေ့ တော်လှန်ရေး ပြီးကတည်းက တက္ကသိုလ်ကျောင်းဝင်းထဲမှာ အလွန် အန္တရာယ်များတဲ့ အနေအထားကို ရောက်လာတယ်" ဟုဆိုသည်။
ဒီဇင်ဘာ ၁ ရက်နေ့ ကျောင်းသားများ ဆန္ဒပြပွဲ ကို ကျောင်းသားအများစုက သဘောတူကြသည်။ သူတို့က ကျောင်းဝင်းအတွင်း ရဲများ ရုပ်သိမ်းထားသည် အထိ ဆန္ဒဆက်ပြသွားရန် သန္နိဋ္ဌာန် ချထားကြသည်။ 
"သေနတ်သံတွေ ဘယ်လောက်ထွက်လာပါစေ ကျွန်တော်တို့ ကတော့ သပိတ်တိုက်ပွဲကို ဆက်လက် ဆင်နွှဲနေမှာပဲ" ဟု ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် တစ်ယောက်က ပြောကြားသွားသည်။
အယ်ဒီတာတစ်ဦး 
Ref: Shooting Galvanises Egypt Student Protesters, Gregg Calstorm; 03 December 2013
The Voice

0 comments:

Post a Comment