Wednesday, December 4, 2013

မီးလျှံထဲက ကြာ ဘန်ကောက်ဆန္ဒပြပွဲများကြားမှ စာပေဟောပြောပွဲ

 

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ ပထမအကြိမ်စာပေဟောပြောပွဲတွင် ဟောပြောနေသည့် စာရေးသူ

”ငါတို့ဘုရင်ကိုချစ်တယ်- ငါတို့ ထိုင်းနိုင်ငံကို ချစ်တယ်”ဆိုသော ဆိုင်း ဘုတ်စာတမ်းများ ကိုင်ဆောင်ချီတက် လာသူလူထုအုပ်စုက သောင်းနှင့်ချီပြီး ရှိသည်။ အသံချဲ့စ က်တပ်ဆင်ထား သော ကားများပေါ်တွင်လည်း ဘုရင် ဘုန်းတော်ဘွဲ့ တေးသီချင်းများဖွင့်ထား ကြသည်။ မြဘုရားကိန်းဝပ်စံပျော်ရာ ဘုရင့်နန်းတော်ရှေ့ ကွက်လပ်ကြီး တွင် ထိုင်းနိုင်ငံ အလံများ ဝှေ့ယမ်းပြီး ကြွေး ကျော်သံများ သံပြိုင်ညီညီ သီဆိုစုရုံးနေ သော ပရိသတ်ကလည်း ကွင်းလုံးပြည့် မျှဖြစ်သည်။ နဂိုကမှ လမ်းကျပ်တည်း
ပိတ်ဆို့လှသော ဘန်ကောက်မြို့တွင် ယခုတော့ ယာဉ်ကြောက လုံးဝလှုပ်လို့ မရအောင် ရပ်တန့်သွားသည်။ အစိုးရ ရုံးများရှေ့တွင်လည်း ဝန်ကြီးချုပ် ယင်း လပ်နုတ် ထွက်ပေးရန် တောင်းဆိုသော ဆန္ဒပြသမားများက လမ်းများပိတ်ဆို့ ဆန္ဒပြနေကြသည်။ ဝန်ကြီးချုပ် ယင်း လပ်၏အစ်ကိုဝန်ကြီးချုပ်ဟောင်း သက် ဆင်ကိုလိုလားသူ ရှပ်နီများကလည်း တောနယ်များမှ ဘန်ကောက်မြို့သို့ ကားစီးရေထောင်ချီပြီး ရောက်လာကြ ကာ ထိုင်းဘုရင်ကို ထောက်ခံသူများ နှင့် ထိပ်တိုက်တိုးကြပြန်သည်။ အဓိက ရုဏ်းနှိမ်နင်းရေးရဲတွေကမူ သက်ဆိုင် ရာနေရာများတွင် တပ်စွဲကာ အသင့် နေရာယူထားကြသည်။ ရဲတစ်ဦး၏သေနတ်ပြောင်းဝထဲသို့ အမျိုးသမီးတစ် ဦးက ပန်းစည်းထိုး ထည့်လိုက်သည်။လက်ခုပ်သံတွေက သောသောညံသွား ပြန်သည်။
ယခုလက်ရှိ ဝန်ကြီးချုပ် ယင်းလပ် သည် ၂ဝဝ၆ ခုနှစ်က ရာထူးမှထွက်လာခဲ့ ရသော ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင် နာဝါထရာ၏ ရုပ်သေးရုပ်သာသာပင် ဖြစ်ကြောင်း ဆန္ဒပြသူများက ပြောကြား ကြ၏။ ”သက်ဆင် နယူးယောက်သို့ ရောက်ရှိနေချိန်တွင် သူ့အား စစ်တပ်က ရာထူးမှဖယ်ရှားခဲ့သည်။ ထိုအချိန်မှစ၍ သက်ဆင်သည် နိုင်ငံခြား တွင်သာ နေ ထိုင်ခဲ့ရ၏။ ၂ဝဝ၈ ခုနှစ်တွင် ထိုင်း နိုင်ငံသို့ ခေတ္တပြန်လာကာ ထိုနှစ်တွင် ပင် ထိုင်းတရားရုံးက သူ့အားအကျင့် ပျက်လာဘ်စားမှုဖြင့် မျက်ကွယ်တွင် ထောင် ဒဏ်နှစ်နှစ် ချမှတ်စီရင်ခဲ့သည်။
ယခု လောလောဆယ်တွင် အစိုး ရဆန့်ကျင်ရေး ဆန္ဒပြသမားများသည် အစိုးရရုံးများပတ်ပတ်လည်တွင် ဆန္ဒပြ ကာ ယင်းလပ်အစိုးရ နုတ်ထွက်ပေးရေး ကို တောင်း ဆိုကြ၏။ ၂၅-၁၁-၂ဝ၁၃ တနင်္လာနေ့တွင် ဆန္ဒပြသမားများက ဘဏ္ဍာရေးဝန်ကြီးဌာန အဆောက်အအုံ ကို သိမ်းပိုက်ကြကာ ဌာနချုပ်အဖြစ် ပြောင်းလဲပစ်ကြ၏။ အခြားသော ဝန်ကြီးဌာနရုံးများသို့ပါ သူတို့အုပ်စုများ စေလွှတ်ကာ သိမ်းပိုက်မည်ဖြစ်ကြောင်း ဆန္ဒပြသမားများ အုပ်စုမှ ပြောရေးဆို ခွင့်ရှိသူ ”အက်ကာနတ်ပရွန်ဖန်” က ပြောကြားသည်။ သူတို့၏ ရည်မှန်းချက် မှာ ကျန်းမာရေးဌာန၊ အလုပ်သမား ဌာန၊ သိပ္ပံဌာန၊ အထူးစုံစမ်းရေးဌာန၊ စသောဝန်ကြီးဌာနများကို ပိတ်ဆို့ ဆန္ဒပြကြ ရန်ဖြစ်၏။
အတိုက်အခံ ဒီမိုကရက်တစ်ပါတီ က ဦးဆောင်ကာ ဆန္ဒပြသမား တစ် သိန်း ကျော်သွားသည်။  တနင်္ဂနွေနေ့ ကပင် ဘန်ကောက်တွင် စုဝေးရောက် ရှိနေကြ၏။
ဝန်ကြီးချုပ် ယင်းလပ်ကမူ ဆန္ဒ ပြသူများအား အာဏာပိုင်များအနေဖြင့် အကြမ်းဖက်မဖြိုခွဲပါဟု ဆို၏။ သို့သော် ဆန္ဒပြ ခေါင်းဆောင် ”စူသက်သောင်စု ဘန်းကို ဖမ်းဝ ရမ်းထုတ်လိုက်ပြီးနောက် အခြေအနေက ပိုမိုတင်းမာလာပါသည်။ အမျိုးသားလုံခြုံရေး ကောင်စီကမူ ညှိ နှိုင်းဆွေးနွေးရေးပြုလုပ်ကာ ”စူသက်”အား ကိုယ်တိုင်အဖမ်းခံရန် စည်းရုံး နေသည်ဟု ဆို၏။
ယခုအခါ ဆန္ဒပြသမားများမှ နှစ် အုပ်စုခွဲကာ သက်ဆင်ကို ထောက်ခံသူ ကျေးလက်မှ ပြည်သူများက တစ်ဖက်၊ ဘန်ကောက်အခြေစိုက် အီလစ်များနှင့် လူလတ်တန်းစား တို့က တစ်ဖက်ဖြစ်နေ ၏။
ဤဆန္ဒပြပွဲဖြစ်ပေါ်လာရခြင်း အ ကြောင်းရင်းမှာအစိုးရက လွတ်ငြိမ်းချမ်း သာခွင့် ဥပဒေကြမ်းကို ချမှတ်ကာသက် ဆင်အား ခွင့်လွှတ်ပြီး ထိုင်းနိုင်ငံကို ပြန် လာခွင့်ပြုရန် တံခါးဖွင့်ပေးသည့် ရည် ရွယ်ချက်ကို လူထုကမကျေနပ်ကြခြင်းမှ  စတင်အခြေခံသည်။ ထိုင်းလွှတ်တော်က ဤ လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေကြမ်း ကို နိုဝင်ဘာ ၁၁  ရက်က ပယ်ချခဲ့ သည်။ သို့သော် ဆန္ဒပြမှုများ ဆက်လက် ဖြစ်ပေါ်လာကာ အတိုက်အခံများက လက်ရှိအစိုးရကိုဖယ်ရှားပြီး အုပ်ချုပ်မှု အသစ်တစ်ရပ် အစားထိုးရန် တောင်း ဆို လာကြ၏။
ဘန်ကောက်မြို့ ဆန္ဒပြသမားများ စုဝေးရာနေရာများသို့ မသွားရန် နိုင်ငံ အတော်များများက သူတို့ နိုင်ငံသား များကို သတိပေးထား၏။ယခုလို အချိန် ကာလမျိုးမှာမှ ကျွန်တော်က တိုက်တိုက် ဆိုင်ဆိုင် ဘန်ကောက်မြို့သို့ ရောက်လာ သည်။ လွန်ခဲ့သော လေးနှစ်ကလည်း ကျွန်တော်ဘန်ကောက်မြို့ ရောက်ချိန် တွင် ဆန္ဒပြမှုအကြီးအ ကျယ် နှင့်ကြုံရ၍ ဘန်ကောက်မြို့ထဲသို့ပင် ဝင်ခွင့်မရဘဲ ပတ္တရားသို့တန်းသွားကာ သုံးလေးရက် နေပြီးမှ ဘန်ကောက်သို့ လာရ၏။
လက်ရှိအခြေအနေတွင် ထိုင်း နိုင်ငံက ပါလီမန်စနစ်ဖြင့် သွားနေ၏။ အခြေခံဥပဒေအရ စည်းမျဉ်းခံဘုရင် စနစ်ကို ကျင့်သုံး၏။ အတိုက်အခံအင် အားစု၏ ခေါင်းဆောင် ”စူသက်” ကမူ ၂ဝဝ၈ ခုနှစ်က သက်ဆင်ဆန့်ကျင်ရေး ရှပ်ဝါအင်အားစုများ တောင်းဆိုသည် နှင့်တစ်သဘောတည်းဖြစ်နေ၏။ ထိုရှပ် ဝါတို့ကို ”ပြည်သူ့ဒီမိုကရေစီ မဟာ မိတ် အဖွဲ့”ဟုခေါ်၏။ ဆန္ဒပြသမားများသည် အတိုက်အခံပါတီဖြစ်သော ”ဒီမိုကရက် တစ်ပါတီ”နှင့်အဆက်အသွယ်နီးနီးကပ် ကပ်ရှိ၏။ ကျွန်တော် ရောက်ရှိနေသော
နေ့ရက်များအတွင်း သူတို့က အစိုးရရုံး တော်တော်များများကို ဝင်ရောက်စီးနင်း ထားရန် ကြိုးစားနေကြ၏။ ယခင်က သက်ဆင် အစိုးရကို ဆန့်ကျင်သည့် ပုံစံမျိုး အတိုင်း လှုပ်ရှားနေကြ၏။ ထိုစဉ် တွင် ယင်းလပ်အစိုးရကို အယုံအကြည် မရှိအဆို မဲခွဲရာ ထိုအယုံအကြည်မရှိအဆို ရှုံးနိမ့်သွား၏။ ထို့ကြောင့် မဲခွဲသည့်နည်းနှင့်ယင်းလပ် ကို   ဖြုတ်ချ၍ မရသဖြင့် ယခုအစိုးရရုံးများကို သိမ်း ပိုက်ကာ အစိုးရ ယန္တရားပိတ်ဆို့ ရပ် တန့်စေသည့်နည်းကို သုံးနေကြခြင်းဖြစ် ၏။ ယခင်အခါတုန်းက ဝန်ကြီးချုပ်ရုံး နှင့် ဘန်ကောက်အကြီးဆုံးလေဆိပ်ကြီး နှစ်ခုကို ထိန်းချုပ်ရန်ပင် လုပ်ဆောင်ခဲ့ ကြဖူးသည်။ အခြေအနေတွေ ဆိုးလာ လျှင် ၂ဝဝ၆ ခုနှစ်က ကဲ့သို့ပင် ထိုင်း တပ်မတော် က နိုင်ငံရေးတွင် ကြားဝင် လာနိုင်သည့် အခြေအနေမျိုး ရောက် လာနိုင်သည်။
ယခုတစ်ခေါက်တွင်မူ ကျွန်တော် မြို့ထဲဘက် သိပ်မထွက်တော့ဘဲ ပမ် ဘွန်းမြို့နယ် ဆန်ကူထင် ဆမ်ဆီး ၁၄ (လမ်းသွယ် ၁၄) ဘက်တွင် အနေများ သည်။ အထူးသဖြင့် ”ဆွယ်ဖားမားခေါ်  မြန်မာလမ်းတစ်လျှောက် သွားလာ သည်။ မနက်ပိုင်းဆိုလျှင် မုန့်ဟင်းခါး စား အကြော်ဆိုင်ထိုင် မြန်မာလူမျိုး အလုပ်သမားတွေနှင့် ဝိုင်းဖွဲ့စကားပြော။ တနင်္ဂနွေလိုရက်တွေဆိုလျှင် ဘုန်း တော်ကြီးကျောင်းသွား၊ ဆရာတော် သံဃာတော်များကို ဖူးမြော်။ ရုံးပိတ် ရက်များ၌ မြန်မာ ဘုန်းတော်ကြီး ကျောင်းများ တွင် မြန်မာ လူမျိုးတွေ စု ဝေးရောက်ရှိလာတတ်ကြသည်။ စုဝေး ဝိုင်းဖွဲ့စကားပြောကြ၊ မြန်မာဇာတ်ကား တွေကြည့်ကြ၊ မြန်မာသီချင်းတွေနား ထောင်ကြဖြင့် မိခင်နိုင်ငံကြီးကို အလွမ်း ဖြေကြသည်။
ယခင်အခေါက်များ ဘန်ကောက် ရောက်ရှိခဲ့ခြင်းက သတင်းစာသင်တန်း၊ အလုပ်ရုံဆွေးနွေးပွဲ၊ ဘုရားဖူးအလည် အပတ် စသဖြင့် အကြောင်းမျိုးစုံရှိသော် လည်း ယခုတစ်ခေါက် ကျွန်တော် ရောက်ခဲ့သည်မှာမူ စာပေဟောပြောပွဲ ကိစ္စသက်သက်ဖြစ်သည်။ ကျွန်တော့်ကို မဟာချူလာ တက္ကသိုလ် ဝပ်နွိုင်း အယုဒ္ဓယတွင် ဗုဒ္ဓဘာသာ ဝိဇ္ဇာဘွဲ့ သင်တန်းတက်နေသည့် ဆရာတော် အရှင်ဥာဏိန္ဒက ရန်ကုန်သို့ ကိုယ် တိုင်ကြွရောက်လာပြီးဖိတ်ကြားသည်။ ၂ဝ၁၃ နိုဝင်ဘာလထုတ် ”တက္ကသိုလ် ရဟန်းပျို ဓမ္မစာစောင်”ကိုလည်း လက် ဆောင်ပေးသည်။ အရှင်ဥာဏိဿရ၊ အရှင်သြသဓတို့၏ လက်ရာစာစောင် ဖြစ်သည်။ ရဟန်းပျိုများဦးစီးထုတ်ဝေ သော စာစောင်ဖြစ်သော်လ ည်း မြန်မာ ပြည်တွင်ရောင်းတန်းဝင် စာစောင်တစ် ခုပမာ စာမူရောအဆင်အပြင်ပါ အဆင့် မြင့်လှသည်ကိုတွေ့ရသည်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ ပြောင်း လုပ်သားများက ပထမဆုံး အကြိမ် စာပေဟောပြောပွဲကျင်းပလို စိတ်ပြင်းထန်လွန်းနေကြပါသဖြင့် စီစဉ် ပေးဖို့ ကျွန်တော့်ကို ပြော သည်။ဖလန်ဆောင်း ရပ်ကွက်က မြန်မာ အများစုနေသော ရပ်ကွက်ဖြစ်၍ ကွင်း ပြင်တစ်ခုတွင် ဟောပြောပွဲစင်မြင့် ထိုးထားကြ၏။ ပလတ်စတစ် ထိုင်ခုံတွေ အစီအရီ ချခင်းနေကြသော မြန်မာ လူငယ်တွေကိုကြည့်ပြီး ဝမ်းသာဝမ်း နည်းခံစားမှုနှစ်မျိုးလုံးကို တစ်ချိန်တည်း ခံစားလိုက်ကြရ၏။ ဘန်ကောက်မြို့ လမ်းတွေပိတ်ပြီး  အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြနေကြသူတွေအစိုးရ ထောက်ခံ ကြသူတွေ ထိပ်တိုက်တိုးကာ ပေါက်ကွဲ လုဆဲဆဲ တင်းတင်းမာမာဖြစ်နေကြသော အချိန်တွင် ကျွန်တော်တို့ မြန်မာ လူငယ် တွေက ဘန်ကောက်တွင် စာပေ ဟော ပြောပွဲကျင်းပရန် ချွေးတလုံးလုံးနှင့် အားတက်သရော လုံးပန်းနေကြ သော မြင်ကွင်း။ သူတို့က သူတို့၏ ဘဝ တိုး တက်ရာ တိုးတက်ကြောင်း စာအုပ်တွေ ဖတ်ကြသည်။ စာပေဟောပြောပွဲအခွေ တွေစုပေါင်း နားထောင်ကြသည်။ သူတို့ စုဆောင်းထားသော စာပေဟောပြောပွဲ အခွေတွေက ကျွန်တော့်မှာရှိသော အ ခွေများထက်ပင် ပိုများ ပိုစုံနေကြ သေးသည်။ ကိုဝင်းသိန်း၏စက်ထဲတွင် သိမ်းထားသော ကျွန်တော့် စာပေဟော ပြောပွဲအခွေ အချို့ဆိုလျှင် ကျွန်တော့် မှာပင်မရှိသေး၍ သူ့ထံမှပင် ပြန်ကူးလာ ခဲ့ရသည်။
”ကျွန်တော်တို့ လူငယ်တစ်စု ဆရာ့အခွေတွေကို နားထောင်ဖြစ်ကြ ပြီး ဆရာ့ကို ဒီလိုလူကိုယ်တိုင်လာ ဟောပေးဖို့ ရွေးချယ်လိုက်ကြတာပါ”ဟု ဟောပြောပွဲစီစဉ်သူ ကိုကျော်ကျော်က ကပြောသည်။
   သူက လည်ကတုံးရှပ်အင်္ကျီအဖြူ၊ ရခိုင်လုံချည်လေးနှင့် လပ်လျားလပ် လျား ဟိုသည်သွားလာကာ ထောင့်စေ့ အောင်စီစဉ်နေသည်။ ပရဟိတ ဗုဒ္ဓသာ သနာအကျိုးဆောင် ပါရမီ အသင်းက ကိုဇော်တို့၊ သာသနာ့ရောင် ခြည်ရွှေ ပါရမီအသင်းက ကိုဌေးလွင် တို့ကမူ ဟောပြောပွဲ စင်မြင့်ကို စိတ်တိုင်းကျ ပြင်ဆင်နေကြသည်။ ဘီလူးကျွန်းမှ ကိုဘိုဘိုကတော့ ကျွန်တော့်နောက် တကောက်ကောက်လိုက်ကာ လိုလေ သေးမရှိ လိုက်လံဖြည့်ဆည်းပေးနေ သည်။
ယခု ကျွန်တော်ဟောပြောပွဲလုပ် သည့် ”ဖလန်ဆောင်း”ရပ်ကွက်တွင် စက်ရုံ အလုပ်ရုံတွေ များသည်။ ရေမွှေး စက်ရုံ၊ ဖိနပ်စက်ရုံ၊ အထည်ချုပ်စက်ရုံ၊ ငါးသေတ္တာစက်ရုံ စသည်တို့ရှိ၏။ ဆောက် လုပ်ရေးလုပ်ငန်းတွေလည်း အများအ ပြားရှိသည်။ တိုင်းနိုင်ငံတွင် တရားဝင် လာရောက် လုပ်ကိုင်သူ မြန်မာအလုပ် သမားပေါင်း နှစ်သန်းမျှရှိ သည်။ တရား မဝင်လာရောက်နေထိုင်သူက ၄ သန်း နီးပါးရှိသည်။ ထို့ကြောင့် ထိုင်းနိုင်ငံတွင် မြန်မာပြည်မှ လာရောက်လုပ်ကိုင်နေ ထိုင်သူပေါင်း ၆ သန်းနီးပါးရှိမည်။ အ
လုပ်သမားအများစုမှာ ရသလောက်လုပ် ခနှင့်ပင် နှစ်ရှည်လများ ရပ်တည်နေကြ ရရှာသည်။ယခင်နှစ်ပိုင်းက ဒေါ်အောင် ဆန်းစုကြည် ဘန်ကောက်မြို့သို့ ရောက် ရှိလာ ကာ မဟာချိုင်ရှိ မြန်မာရွှေ့ပြောင်း လုပ်သားများနှင့် တွေ့ဆုံခဲ့၏။ ထို့ နောက်ထိုင်းအလုပ်သမားဝန်ကြီးဌာန နှင့်ညှိနှိုင်းကာ ထိုင်းလုပ်သားများကဲ့သို့ ပင် အနည်းဆုံးလုပ်ခ တစ်နေ့ ဘတ် ၃ဝဝ ရအောင် တောင်းဆိုပေးခဲ့သည်။ ထိုအချိန်ကစပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားများ အသက်ရှူနည်း နည်းချောင်လာသည်။ အချိန်ပိုလုပ်ခ လည်း
တစ်နာရီကို ဘတ် ၅ဝ လောက် ခံစားခွင့်ရလာသည်။
စားစရိတ်က လူတစ်ယောက်ကို တစ်နေ့ဘတ် ၁ဝဝ လောက်တော့ ကုန်၏။ မဟာချိုင်ရပ်ကွက်တွင် တန်း လျားများ၌ စုပေါင်းနေထိုင်လျှင် လူ ၁ဝ ယောက်လောက်တိုး တိုးဝှေ့ဝှေ့ အိပ်နိုင် သောအခန်းကို တစ်လဘတ် ၁၅ဝဝ နီးပါးပေးရသည်။ မြို့ထဲမှာဆိုရင်ကား လူနှစ်ယောက်မှ လေးယောက် ကျပ် ကျပ်တည်းတည်းနေရသော အခန်း တစ်ခုကို ဘတ် ၂၅ဝဝ ကျော်ပေးနေရ မည်။
သားငါးနှင့် သစ်သီးဝလံကတော့ မြန်မာပြည်ထက်ပင် ဈေးသက်သာ သည်။ ၁၉၈ဝ ပတ်ဝန်းကျင်ကပင် ထိုင်းအစိုးရက သူ့နိုင်ငံတွင် ငါးသယံ ဇာတမရှိတော့ပါဟု ပွင့်ပွင့်လင်းလင်း ကြေညာဖူးသည်။ သို့သော် မြန်မာ့ရေ ပိုင်နက်ထဲမှ ငါးတွေပုစွန်တွေကို သူတို့ ငါးခိုးသင်္ဘောများက နေ့စဉ်လွတ်လွတ် လပ်လပ်ဖမ်းချင်တိုင်း ဖမ်းခွင့်ရေ နသ ဖြင့် ယခုအခါ ထိုင်းနိုင်ငံတွင် ငါး၊ ပုစွန်ဈေးက မြန်မာနိုင်ငံထက်ပင် ချို၏။ ဧရာဝတီမြစ်ကိုကား ကျွန်တော်တို့ ကာကွယ်စောင့်ရှောက်သင့်သလောက် စောင့်ရှောက်ခဲ့ ပြီးကြပြီ။ ယခုအခါ မြန်မာ့ရေပိုင်နက်ကို ဆက်လက် ထိန်း သိမ်းစောင့်ရှောက်ဖို့ တာဝန်လည်း ရှိ သေးသည်ဟု ကျွန်တော်ဟောပြောရာ တွင် ထည့်ပြောခဲ့သည်။
၁၉၆ဝ ခုနှစ်များကာလက မြန်မာ ပြည်မှ ဟံသာအေးနိုင်လွန်ကို ထိုင်းတွေ အမြတ်တနိုးလာဝယ်ဝတ်ကြ၏။ ကြက် ဆင်ဖဲထီးဆောင်းရမှ ထိုင်းတွင်ကြွားဝါ လို့ရ၏။   ရွှေခြင်္သေ့ဘီစကွတ်ကို မှောင်ခို တင်သွင်းပြီး ထိုင်းလူမျိုးတွေ အရသာ ခံစားကြ၏။ ပက်ဆိုးဒင့်သွားတိုက်ဆေး လောက်ကောင်းသော သွားတိုက်ဆေး ထိုင်းက မလုပ် တတ်သေး။ ရန်ကုန် တက္ကသိုလ်ကိုလည်း ထိုင်းမှမင်းမျိုးမင်း နွယ်နှင့် သူဌေးသူကြွယ်သားသမီးတွေ လာတက်ခဲ့ကြသည်။ မင်္ဂလာဒုံလေဆိပ် ကို ရောက်လာသောထိုင်းေ ခါင်းဆောင် များက ငါတို့နိုင်ငံမှာ ဒီလောက်ကောင်း တဲ့လေဆိပ် ဘယ်တော့များမှ ရှိနိုင်မလဲ ဆိုကာ မျက်ရည်ဝဲခဲ့ကြသည်ဆို၏။ ယခုတော့ …။ မြန်မာတိုင်းရင်းသား ၆ သန်းက ထိုင်းနိုင်ငံတွင် ဝဋ်ဒုက္ခလာခံ နေကြရရှာပြီ။
ညနေ ၇ နာရီခွဲလောက်မှစသော စာပေဟောပြောပွဲက ည ၁ဝ နာရီခွဲ လောက်ကျမှ ပြီးသည်။ မြန်မာပရိသတ် ထောင်နှင့်ချီ၍ လာရောက်နားထောင် ကြသည်။ တစ်ဝက် တစ်ပျက် ထပြန်သွား သူတစ်ဦးမှမရှိ။ ချက်ဆိုနားခွက်က မီး တောက်တတ်ကြသည့်၊အရိပ်ပြ အ ကောင်ထင်သည့် မြန်မာတွေပီပီ သူတို့ သဘောကျတာတွေ့လျှင် လက် ခုပ်သြ ဘာသံညံနေအောင် အားပေးကြသည်။ ရယ်စရာဆိုလျှင်လည်း ဣနြေ္ဒမဆောင် ဘဲ ဝါးခနဲ ဝါးလုံးကွဲရယ်ကြသည်။ နံဘေးရပ်ကွက်နားမှ ထိုင်းလူမျိုးတွေ လည်း ဘုမသိဘမသိ လာကြည့်ကြ၏။ သူတို့နိုင်ငံတွင် စာပေဟောပြောပွဲ ဆိုတာမျိုးမရှိသဖြင့် အထူးအဆန်း ဖြစ် နေသည်။
ဘာပဲဖြစ်ဖြစ် ယခုနှစ် စာဆိုတော် ရာသီတွင် ထိုင်းနယ်မြေ၌ မြန်မာစာပေ ဟောပြောပွဲတစ်ခု ဖြစ်မြောက်အောင် ကျင်းပပေးနိုင်သူ ထိုင်းနိုင်ငံရောက် မြန်မာလူငယ် များကို ကျွန်တော်အထူး ချီးကျူးမိသည်။ ကျွန်တော်လည်း ပြောစရာရှိတာပြောနိုင်ခွင့်ရသဖြင့် ကျေနပ် မိသည်။
ဟိန်းလတ်
Popular Myanmar

0 comments:

Post a Comment