Tuesday, December 3, 2013

ထိုင်း နိုင်ငံရေးတိုက်ပွဲနှင့် အခြေခံဥပဒေ ပြင်ဆင်ရေး

နှစ်ပေါင်းများစွာ တငွေ့ငွေ့ လောင်ကျွမ်းနေသော ထိုင်း နိုင်ငံရေး တိုက်ပွဲ မီးတောက်မှာ တစ်ကျော့ပြန် ပြန်လည် တောက်လောင်လာပြီ ဖြစ်သည်။ အတိုက်အခံ ဒီမိုကရက်တစ် ပါတီနှင့် အဆက်အသွယ်ရှိသော ဆန္ဒပြသမားများက အစိုးရ အဆောက်အအုံများ၊ ထိုင်း တပ်မတော် ဌာနချုပ်များနှင့် ရုပ်မြင်သံကြား ဌာနများကို နိုဝင်ဘာ ၂၅ ရက်နေ့တွင် ဝင်ရောက် စီးနင်းခဲ့ကြသည်။ ထို့အပြင် ဝန်ကြီးဌာနများကိုပင် စီးနင်းခဲ့ကြသည်။
ယင်းနောက်တွင် ထိုင်းအလံများ၊ ခရာများ ကိုင်ဆောင်ထားသည့် ဆန္ဒပြသမားများ၊ ဘဏ္ဍာရေး ဝန်ကြီးဌာနကို ဝင်ရောက် စီးနင်းသည့်ပုံများ ကမ္ဘာ အရပ်ရပ်ရှိ နံနက်ခင်း သတင်းစာများ၏ မျက်နှာဖုံး စာမျက်နှာများတွင် နေရာ ယူလာတော့သည်။
နိုဝင်ဘာ ၂၆ ရက်နေ့ ညနေ ပိုင်းတွင် ထိုင်း ပြည်ထဲရေး ဝန်ကြီးဌာနကိုပါ ဆန္ဒပြသမားများက ဝန်းရံ ဆန္ဒပြခဲ့ သော်လည်း ဝန်ကြီးဌာန အတွင်းသို့ ဆန္ဒပြသမားများ မဝင်ရောက်နိုင်ရန် လုံခြုံရေးများက ကာကွယ်နိုင်ခဲ့သည်။ ယင်းနေ့ ညနေပိုင်းတွင်ပင် ဆန္ဒပြ ခေါင်းဆောင် ဒုတိယ ဝန်ကြီးချုပ်ဟောင်း ဆူတက်တောင်ဆူဘန်ကို ဘဏ္ဍာရေး ဝန်ကြီးဌာနတွင်း ဝင်ရောက် စီးနင်းမှုဖြင့် ဖမ်းဆီးရန် ထိုင်း ရာဇဝတ်မှု တရားရုံးက ဖမ်းဝရမ်း ထုတ်လိုက်သည်။
ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် ၏ အစိုးရအဖွဲ့သည် အခြေအနေကို တိတ်တဆိတ် စောင့်ကြည့်နေပြီး ဘန်ကောက်မြို့တော်နှင့် အနီးပတ်ဝန်းကျင်ရှိ ပြည်နယ်များတွင် ပြည်တွင်း လုံခြုံရေး ဥပဒေ ထုတ်ပြန်ထားသည်။
လက်ရှိ ဖြစ်ပွားနေသော ဆန္ဒပြမှုများမှာ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း အကြီးမားဆုံး ဆန္ဒပြမှုများ ဖြစ်ပြီး ဘန်ကောက် အခြေစိုက် အုပ်စုနှင့် သက်ဆင် မိသားစုအဖွဲ့ကြား မပြီးဆုံးသေးသော တိုက်ပွဲရလဒ် ဖြစ်သည်။
ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ ညီမ လက်ရှိဝန်ကြီးချုပ် ယင်းလပ် အစိုးရအဖွဲ့ကို အယုံအကြည် မရှိကြောင်း မဲခွဲ ဆုံးဖြတ်ရန် အတိုက်အခံ အမတ်များက ထိုင်း လွှတ်တော်တွင်း နိုဝင်ဘာလ ၂၆ ရက်နေ့မှ စတင် ကြိုးပမ်း လုပ်ဆောင်ခဲ့သည်။ ယင်းကဲ့သို့ လုပ်ဆောင်ခြင်းမှာ အကျိုးမရှိ အချည်းအနှီး လုပ်ဆောင်ချက်သာ ဖြစ်ပြီး ၂၈ ရက်နေ့ လွှတ်တော်တွင်း မဲခွဲရာတွင် ယင်းလပ် အစိုးရအဖွဲ့က အယုံအကြည်မရှိ အဆိုကို ကျော်လွှားနိုင်ခဲ့သည်။
ထို့အပြင် ပြည်သူ အာဏာဖီဆန်မှု လုပ်ဆောင်ရန် ဒီမိုကရက်တစ် လွှတ်တော် အမတ် ဆူတက်နှင့် အခြားသော အတိုက်အခံ အမတ်များ အမတ်ရာထူးကို စွန့်လွှတ်ခဲ့ကြသည်။ သို့သော်လည်း တရားဥပဒေ စိုးမိုးမှု သင်ခန်းစာများနှင့် ရင်းနှီးနေသော ဒီမိုကရက်တစ် ပါတီဝင် အမတ်ဟောင်းများ အနေနှင့် လူသေဆုံး ဒဏ်ရာရမှုများ ဖြစ်ပေါ်နေသော ဆန္ဒပြမှုများနှင့် မည်သည့် အတိုင်းအတာထိ ပူးပေါင်း ပါဝင် ပတ်သက်မည်ကို ရှင်းလင်းစွာ မသိရသေးပေ။
ထိုင်း ဒီမိုကရေစီကို ၂၀၀၆ ခုနှစ် စစ်အာဏာသိမ်းမှု မတိုင်ခင် အခြေအနေသို့ ရောက်ရှိနိုင်ရေး ဝန်ကြီးချုပ် ယင်းလပ်၏ ကြိုးပမ်းချက်များကို အတိုက်အခံများက နှစ်ကြိမ်တိတိ ထိခိုက် ပျက်စီးအောင် လုပ်ဆောင်နိုင်ခဲ့သည်။ ဒူဘိုင်း၌ ပြည်ပြေးအဖြစ် နေထိုင်နေသော ဝန်ကြီးချုပ်ဟောင်း သက်ဆင် ထိုင်း နိုင်ငံတွင်းသို့ ပြန်လာနိုင်ရေး လမ်းဖွင့်ပေးမည့် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကို ပြီးခဲ့သည့် ရက်သတ္တ နှစ်ပတ်အတွင်း အတိုက်အခံများက ပယ်ချခဲ့သည်။ ယင်းဥပဒေအရ ၂၀၀၄ ခုနှစ် နောက်ပိုင်း ဖြစ်ပွားခဲ့သည့် နိုင်ငံရေး ပဋိပက္ခများတွင် ပါဝင် ပတ်သက်ခဲ့သည့် နိုင်ငံရေးသမားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ဇာတ်ကောင် အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမည် ဖြစ်သည်။ လူပေါင်း ၉၀ ကျော် သေဆုံးခဲ့သော ၂၀၁၀ ပြည့်နှစ် ရှပ်နီ ဆန္ဒပြပွဲ ဖြိုခွင်းမှုကို အမိန့်ပေးခဲ့သူ များကိုလည်း ဥပဒေက လွတ်ငြိမ်းချမ်းသာခွင့် ပြုထားသဖြင့် သက်ဆင်အပေါ် ထောက်ခံသည့် ရှပ်နီ များကလည်း ဥပဒေကို စိတ်ဆိုး ဒေါသထွက်လျက် ရှိသည်။
ထို့အပြင် စစ်အာဏာသိမ်းမှု နောက်ပိုင်း အထက်လွှတ်တော်တွင်း ရွေးချယ်ခံ မဟုတ်သည့် တိုက်ရိုက်ခန့်အပ်ခံ ကိုယ်စားလှယ်များ ထားရှိမှုကို ပယ်ဖျက်ပေးရန် ဝန်ကြီးချုပ် ယင်းလပ်က စီစဉ်သည်ကို အခြေခံဥပဒေ ဆိုင်ရာ တရားရုံးက ဥပဒေနှင့် ညီညွတ်မှု မရှိဟု နိုဝင်ဘာ ၂၀ ရက်နေ့တွင် အမိန့် ချမှတ်လိုက်သည်။ တရားရုံး အမိန့်ချမှတ်မှုသည် အတိုက်အခံများ၏ အောင်ပွဲတစ်ရပ် ဖြစ်ပြီး ယင်းလပ် စီစဉ်ထားသည့် အတိုင်းသာ ဖြစ်ပါက အထက်နှင့် အောက်လွှတ်တော် နှစ်ရပ်စလုံး သက်ဆင် အင်အားစုများ လွှမ်းမိုးသွားမည် ဖြစ်သည်။ ဒီမိုကရေစီနည်းကျ ရွေးကောက်ထားသည့် လွှတ်တော်၏ စိတ်ဆန္ဒကို အခြေခံဥပဒေ ဆိုင်ရာ တရားရုံးက ဗီတို အာဏာဖြင့် ငြင်းပယ်လိုက် သဖြင့် အစိုးရအဖွဲ့က စိတ်ဆိုး ဒေါသထွက်လျက် ရှိပြီး တရားရုံးမှာ ကွန်ဆာဗေးတစ်အီလစ်များ၏ သဘောထားအတိုင်း လုပ်ဆောင်ကြောင်း ယင်းလပ် အစိုးရအဖွဲ့က ရှုမြင်နေသည်။
ဒီဇင်ဘာ ၅ ရက်နေ့မှာ ထိုင်း ဘုရင်မင်းမြတ်၏ (၈၆) နှစ်မြောက် မွေးနေ့ဖြစ်ပြီး ယင်းအခွင့်အရေးကို နိုင်ငံရေးအင်အားစု နှစ်ဖက်စလုံးက အခွင့်အရေး အဖြစ် အသုံးချရန် ကြံရွယ်နေသည်။ Lese Majeste ဥပဒေကို အသုံးပြုပြီး ယင်းလပ်နှင့် အစိုးရ အဖွဲ့ကို ရာထူးမှ ဖြုတ်ချသွားမည်ဟု အတိုက်အခံများက ခြိမ်းခြောက်နေကြသည်။ တရား ဥပဒေနှင့် ညီညွတ်မှု မရှိသော ဥပဒေတစ်ခုကို ထိုင်း ဘုရင်ရှေ့မှောက် တင်သွင်းခြင်းဖြင့် ဘုရင်မင်းမြတ်ကို အပေးအယူလုပ် ညှိနှိုင်းရေး နေရာသို့ မရောက်စေရဟူသော အခြေခံမှု (ရေးသားထားခြင်း မရှိသည့်) ကို ယင်းလပ် အစိုးရအဖွဲ့ ဖောက်ဖျက်သည်ဟု အတိုက်အခံများက စွပ်စွဲထားသည်။ ဘုရင့်နန်းတော်က အတည်ပြု လက်မှတ် ရေးထိုးပေးရန် အသင့်ဖြစ်နေသည့် ဥပဒေကို အခြေခံဥပဒေ တရားရုံးက ဥပဒေနှင့် မညီညွတ်ဟု အမိန့် ချမှတ်ခဲ့သဖြင့် Lese Majeste ဥပဒေကို တရားသူကြီးများက ချိုးဖောက်သည်ဟု ယင်းလပ်၏ နောက်လိုက်များက တုံ့ပြန်ထားသည်။
ထိုင်း အခြေခံဥပဒေ တစ်ခုလုံး ပြန်လည် ရေးဆွဲရေး မူကြမ်းကော်မတီ တစ်ရပ် ဖွဲ့စည်းမည်ဟု ရှပ်နီ ခေါင်းဆောင်များက ပြောကြားနေပြီး အခြေခံဥပဒေ ပြင်ဆင်ရေးမှာ တရားစီရင်ရေး အာဏာအတွက် စမ်းသပ်ချက် တစ်ရပ် ဖြစ်နေသည်။ ၂၀၀၆ ခုနှစ် စစ်အာဏာ သိမ်းပြီးနောက် သက်ဆင် လိုလားသော အစိုးရအဖွဲ့ နှစ်ဆက်ကို တရားရုံးက ရာထူးမှ ဖြုတ်ချခဲ့သည်။ လွှတ်တော် ဖျက်သိမ်းပြီး ရွေးကောက်ပွဲသစ် ပြန်လည် ကျင်းပခြင်း၊ အစိုးရအဖွဲ့ တရားမဝင်ကြောင်း တရားရုံးမှ ဆုံးဖြတ်ခြင်း မည်သည့် နည်းလမ်းကို အသုံးပြုသည် ဖြစ်စေ သက်ဆင် လိုလားသည့် အင်အားစုများ ပြန်လည် ပေါ်ထွက်လာဦးမည် ဖြစ်သည်။
လက်ရှိတွင် သက်ဆင် ဆန့်ကျင်ရေး အင်အားစုများက ဘန်ကောက်မြို့ အနောက်ဘက် ဒေသများတွင် နေရာ ယူထားပြီး ရှပ်နီများက ဘန်ကောက်မြို့ အရှေ့ဘက် ဒေသတွင် နေရာယူ ဆန္ဒပြနေကြသည်။
ထိုင်း ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ ထိန်းချုပ်ရေး နိုင်ငံရေး အင်အားစု နှစ်ခုကြား အပြင်းအထန် တိုက်ပွဲဖြစ်နေသည်ကို ယင်းဒေသ နှစ်ခုကြား ဖြတ်သန်းသွားလာနေသူများ သတိပြုမည် မဟုတ်ပေ။
ပြည်နယ်များမှ ဘန်ကောက် မြို့တော်သို့ လာရောက် ဆန္ဒပြသော ရှပ်နီ ဆန္ဒပြသမားများ အတွက် ရာဂျမန်ဂလာ အားကစားကွင်းသည် သင့်လျော်သော နေရာဖြစ်သည်။ သို့သော်လည်း ၎င်းတို့မှာ ပြည်သူ့တော်လှန်ရေးဟု အမည်ပေးထားသော လှုပ်ရှားမှုတွင် ပွဲကြည့်ပရိသတ် နေရာတွင်သာ ရှိနေသေးသည်။
ဆန္ဒပြပွဲများ အနီးတွင် ရှပ်နီ အထိမ်းအမှတ် ပစ္စည်းလေးများ ရောင်းချပေးနေပြီး သက်ဆင်ပုံနှင့် ယင်းလပ်ပုံ ပါသည့် စားပွဲတင် နာရီများမှာ လူကြိုက်အများဆုံး အရာများ ဖြစ်သည်။ အချို့ ဆန္ဒပြသမားများကမူ ‘အိမ်ရှေ့မင်းသားကို ချစ်မြတ်နိုးတယ်’ ဟု ဖော်ပြထားသည့် တီရှပ်အင်္ကျီများ ဝင်ဆင်ထားသည်။ ဘန်ကောက်မြို့ တစ်ဖက်ခြမ်းရှိ နိုင်ငံရေးသမားများနှင့် ဆန္ဒပြသမားများ အတွင်း ကြောက်ရွံ့စိတ်မှာ မည်သည့်အရာ ဖြစ်သည်ကို အိမ်ရှင့်မင်းသားအပေါ် ထောက်ခံကြောင်း ဖော်ပြထားသည့် ရှပ်အင်္ကျီများက ဖော်ပြပေးနေသည်။
ထိုင်း ဘုရင့်နန်းတော်မှာ နိုင်ငံရေး လှုပ်ရှားမှုများ၏ အရေးပါသော အစိတ်အပိုင်း အဖြစ် တည်ရှိနေပြီး သက်ဆင်အပေါ် လုံးဝ လိုလားမှု မရှိသော်လည်း ထိုအချက်ကို မည်သည့်အခါမျှ ထုတ်ဖော် ပြောကြားခြင်း မရှိပေ။
ယင်းကဲ့သို့သော ထိုင်း နိုင်ငံရေး ပဋိပက္ခများ အဖန်တလဲလဲ ဖြစ်ပေါ်နေခြင်းနှင့် ပါလီမန်တွင်း သက်ဆင်၏ အင်အားစုများ လွှမ်းမိုးနေခြင်း၊ အရင်းရှင် အာဏာရှင် စနစ် ထွန်းကားနေခြင်းတို့ တိုက်ဖျက်နိုင်ရန် ပြုပြင် ပြောင်းလဲမှုများနှင့် အခြေခံဥပဒေ ပြင်ဆင်ရေး ဆွဲခြင်းများ လုပ်ဆောင်သွား ရမည်ဟု ထိပ်တန်းပညာရှင် တစ်ဦးဖြစ်သူ အမွန်ချန်ဒရာဆွန်ဘွန်က ထောက်ပြထားသည်။
အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ဆောင် ပြီးသည့်အခါ ပြည်သူ့ဆန္ဒခံယူပွဲ လုပ်ဆောင်ပြီး ပြည်သူများ၏ စိတ်ဆန္ဒကို အမှန်တကယ် ထင်ဟပ်သော ဒီမိုကရေစီ အစစ်အမှန် တည်ဆောက် သွားရမည်ဟု ၎င်းက ဆိုသည်။ ယင်းကဲ့သို့ လုပ်ဆောင်နိုင်ရန် ထိုင်း ဘုရင့်နန်းတော်၏ ဝင်ရောက် စွက်ဖက်မှု လိုပြီး ယင်းကို ပါလီမန်၊ အာဏာသိမ်းမှု၊ သို့မဟုတ် တောင်းဆိုလက်မှတ် လေးသန်းမှ ငါးသန်းအထိ စုဆောင်းမှုများဖြင့် အကောင်အထည် ဖော်နိုင်မည် ဖြစ်သည်။ ထို့အပြင် လက်ရှိ ဖြစ်ပွားနေသော ထိုင်း နိုင်ငံရေး ပြဿနာများမှာ အကြမ်းဖက်မှုများ၊ မတည်ငြိမ်မှုများအထိ တိုးမြှင့် ပေါ်ပေါက်လာ နိုင်ခြင်းကြောင့် အစိုးရအဖွဲ့၊ အတိုက်အခံနှင့် ဆန္ဒပြသမားများ ပူးပေါင်းပြီး ငြိမ်းချမ်းစွာ အဖြေရှာသင့်ကြောင်း ထိုင်း နိုင်ငံရေး အသိုင်းအဝိုင်းက တောင်းဆိုထားသည်။
အောင်ငြိမ်းချမ်း
Economist/ Nation/ Bangkok Post
 The Voice

0 comments:

Post a Comment