Friday, December 13, 2013

ယခုနှစ်အတွက် ရွေးချယ်ခံရသည့် အကယ်ဒမီ ဗန်းကိုင်အချို့၏ အသံများ


မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ ဦးစီးကျင်းပမည့် ၂၀၁၂ ခုနှစ် အကယ်ဒမီ ထူးချွန်ဆုပေးပွဲအတွက် အကယ်ဒမီဗန်းကိုင် နေရာအတွက် လာရောက် လျှောက်ထားသူ ၉၀ ကျော်ထဲမှ ရှစ်ဦးကို အနုပညာရှင်များ၊ ဝါရင့်စာနယ်ဇင်း ပညာရှင်များက ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၌ ရွေးချယ်ပေးခဲ့သည်။ ရွေးချယ်ခံရသူ ရှစ်ဦးထဲမှ အချို့ကို အကယ်ဒမီ ဗန်းကိုင် ရွေးချယ်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ဖြစ်ပုံ၊ ရွေးချယ်ခံရသည့်အတွက် ခံစားမှုနှင့် ၎င်းတို့ ပြုလုပ်ခဲ့ဖူးသော အနုပညာ လှုပ်ရှားမှုများ၊ အနုပညာ စိတ်ကူးအိပ်မက်များ အကြောင်းတို့ကို The Voice က မေးမြန်းထားခြင်း ဖြစ်ပါသည်။

လမင်းအိနြေ္ဒ


အကယ်ဒမီ ဗန်းကိုင် ရွေးပွဲကို ညီမ ရှေ့နှစ်တွေမှာ လျှောက်ခဲ့ဖူးပေမယ့် မပါခဲ့ပါဘူး။ ဒီနှစ်ကျမှ ရွေးချယ်ခံရတာပါ။ ဒီနှစ်ကလည်း လူတွေရော၊ မူတွေရော စနစ်တွေရော အားလုံးပြောင်းပြီး ရွေးချယ်တဲ့အတွက် ညီမတို့ ကံကောင်းပါတယ်။ ဒီနှစ်ရွေးချယ်တဲ့ ပုံစံက ညီမရှေ့နှစ်တွေမှာ ကြုံခဲ့ဖူးတာတွေနဲ့ မတူပါဘူး။ ဒီနှစ်က ဝါရင့် အနုပညာရှင်တွေ၊ စာနယ်ဇင်းက ပညာရှင်တွေ ကိုယ်တိုင် စည်းစနစ်ကျကျ ရွေးချယ်တာ ဖြစ်တဲ့အတွက် ညီမရွေးချယ်ခံရသည် ဖြစ်စေ၊ ရွေးချယ် မခံရသည်ဖြစ်စေ ဒီနှစ်လာပြိုင်ရတာ ညီမကျေနပ်ပါတယ်။
အနုပညာ လှုပ်ရှားမှု အနေနဲ့ကတော့ မော်ဒယ်လ်တစ်ယောက် အနေနဲ့ ညီမ ဆရာဂျွန်လွင်ဆီမှာ ရှိုးတွေ လျှောက်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဆရာဂျွန်လွင်ရဲ့ ကူညီပံ့ပိုးမှုတွေနဲ့ ဒါရိုက်တာဗန်းကြီး ရိုက်ကူးပြီး ကိုခန့်စည်သူ၊ မထွန်းအိန္ဒြာဗိုတို့လည်း ပါဝင်တဲ့ လိပ်ပြာခေါ်သံဆိုတဲ့ ဇာတ်ကားလေး စရိုက်ခွင့်ရပါတယ်။ အဲဒီ နောက်ပိုင်းမှာ ဗီဒီယို ဇာတ်ကားလေးတွေ ဆက်ရိုက် ဖြစ်တယ်။ ဒီနှစ်ထဲမှာလည်း မလေးရှားက ဒါရိုက်တာရိုက်တဲ့ မဟာဆန်တဲ့ မာယာမျက်နှာဖုံး ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင် ထားသလို၊ ဒါရိုက်တာ မောင်မောင်ဦး (စနိုးဝှိုက်) ရိုက်တဲ့ မပြယ်သော ချစ်ခြင်းတရားဆိုတဲ့ ဇာတ်ကားမှာ အောင်ရဲလင်း၊ သင်ဇာဝင့်ကျော်တို့နဲ့ သရုပ်ဆောင် ထားပါတယ်။
အကယ်ဒမီဗန်းကိုင် အဖြစ် အရွေးချယ် မခံရခင်က ညီမကို ပရိသတ် ၁၀ ယောက်မှာ နှစ်ယောက်လောက်ပဲ သိကြမှာပါ။ ဒါကလည်း အမှတ်တမဲ့ပါပဲ။ အကယ်ဒမီပေးပွဲ ပြီးသွားရင်တော့ ညီမကို ပရိသတ်တွေလည်း အထိုက်အလျောက် သိလာမယ်လို့ ထင်ပါတယ်။ ဒါကညီမအတွက် အားအင်တစ်ခု ဖြစ်သလို၊ ရှေ့ဆက် လျှောက်ရမယ့် အနုပညာ လမ်းခရီး အတွက်လည်း ခွန်အား တစ်ခုလည်း ဖြစ်စေမှာပါ။


နှင်းဆီဝိုင်


အကယ်ဒမီ ဗန်းကိုင်တွေ ရွေးမယ် ဆိုတာကို သတင်းစာတွေထဲမှာ ကြော်ငြာထားတာ တွေ့တဲ့အတွက် ညီမ ကိုယ်တိုင်လည်း ဝါသနာပါတာနဲ့ လာလျှောက် ဖြစ်တာပါ။ 
ဒီပွဲမှာ ပြိုင်တဲ့သူ အများစုက အတွေ့အကြုံ ရှိတဲ့သူတွေ များတဲ့အတွက် ညီမ အများကြီး ပြင်ဆင်ခဲ့ရပါတယ်။ ပြိုင်ရတဲ့ အခါမှာလည်း ရင်တွေ အရမ်းခုန်ပါတယ်။ 

နိုင်ငံတော်အဆင့် ပွဲတစ်ပွဲမှာ ဗန်းကိုင်ဖို့ အခုလို ရွေးချယ်ခံရတဲ့အတွက် အတိုင်းမသိ ဝမ်းသာပါတယ်။
အနုပညာလုပ်ရှားမှု အနေနဲ့ကတော့ မော်ဒယ်လ်ရှိုးတွေ လျှောက်ဖူးသလို၊ မယ်ပြိုင်ပွဲတွေလည်း ပြိုင်ဖူးပါတယ်။ 
အကယ်ဒမီပေးပွဲ ပြီးတဲ့နောက်မှာလည်း အနုပညာ အလုပ်တွေကို အခြေအနေပေးရင် ပေးသလို ဆက်လုပ်သွားမှာပါ။



အင်ကြင်းထူး


အကယ်ဒမီပေးပွဲတွေက ပရိသတ် တစ်ယောက်အနေနဲ့ ညီမပုံမှန် စောင့်ကြည့် နေကျပါ။ အကယ်ဒမီဗန်းကိုင် ရွေးပွဲကိုလည်း မနှစ်က ကတည်းက လျှောက်မလို့ကို မလျှောက် ဖြစ်လိုက်တာပါ။
အကယ်ဒမီ ဗန်းကိုင်တစ်ယောက် ဖြစ်ချင်ရတဲ့ အကြောင်းအရင်းက အနုပညာ လောကမှာ အကြီးကျယ်ဆုံး ပွဲဖြစ်တဲ့ အကယ်ဒမီပေးပွဲမှာ ဗန်းကိုင်လုပ်ခဲ့တဲ့ သူတွေကို ပရိသတ်တွေက သတိထားမိ ကြပါတယ်။ ဒီပွဲပြီးတဲ့နောက် အနုပညာ လောကမှာ ဆက်လက် လျှောက်လှမ်းတဲ့ အခါမှာလည်း အထောက်အကူ ဖြစ်စေမယ်ထင်လို့ လျှောက်ဖြစ်တာပါ။
ဒီနှစ်မှာက ဝင်လျှောက်တဲ့သူတွေ အရမ်းများတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ရွေးချယ်ခံရမယ်လို့ မမျှော်လင့် ရဲခဲ့ပါဘူး။ အခုလို ရွေးချယ်ခံရတဲ့ အတွက်လည်း အရမ်း ဝမ်းသာပါတယ်။ အနုပညာလှုပ်ရှားမှု အနေနဲ့ကတော့ ဆရာဂျွန်လွင် စီစဉ်တဲ့ ရှိုးပွဲတွေမှာ လျှောက်ဖူးသလို၊ မော်ဒယ်လ် ပြိုင်ပွဲတွေလည်း ဝင်ပြိုင်ခဲ့ဖူးပါတယ်။ နောက်ပြီး တီဗီကြော်ငြာ နှစ်ခုနဲ့ ဇာတ်ကား တစ်ကားလည်း ရိုက်ဖူးပါတယ်။ အကယ်ဒမီပေးပွဲ ပြီးတဲ့ နောက်မှာလည်း အနုပညာ အလုပ်တွေကို အခြေအနေပေးရင် ပေးသလို၊ အခွင့်အရေး ရရင်ရသလို ဆက်လုပ်သွားမှာပါလို့ ပြောချင်ပါတယ်။



ဆောင်းဝတ်ရည်မေ


အကယ်ဒမီ ပေးပွဲတွေကို ညီမ ၁၀ နှစ် အရွယ်လောက် ကတည်းက ကြည့်ဖူးပါတယ်။ အဲဒီအချိန် ကတည်းက ရှေ့က ဗန်းကိုင်အစ်မတွေကို ကြည့်ပြီး အရမ်းအားကျသလို သူတို့လို ဖြစ်ချင်ပါတယ်။ အဲဒီတုန်းကတော့ ညီမမှာ အနုပညာပိုး မရှိသေးပါဘူး။ ပရိသတ်တွေ အများကြီးက အားပေးကြည့်ရှု ကြတဲ့ ပွဲတစ်ပွဲ ဖြစ်တဲ့အတွက် အကယ်ဒမီ ဗန်းကိုင် အစ်မတွေကိုကြည့်ပြီး အားကျရုံ သက်သက်ပါပဲ။ နောက်ပိုင်းကြီးလာတဲ့ အခါမှာ အနုပညာကို ပိုပြီး ဝါသနာပါလာတော့ အကယ်ဒမီ ဗန်းကိုင်တစ်ယောက် အရမ်းဖြစ်ချင် လာပါတယ်။ လူအများကြီး ကြားထဲက ကံကောင်းထောက်မစွာ ရွေးချယ်ခံရတဲ့အတွက် အရမ်းကို ဝမ်းသာပါတယ်။
ညီမက မော်ဒယ်လ်တစ်ယောက် မဟုတ်တဲ့အတွက် စင်ပေါ်မှာ သိပ်ပြီး လမ်းမလျှောက် တတ်ပါဘူး။ ညီမအစ်ကိုတွေ သင်ပေးတဲ့အတိုင်း ညဘက်တွေဆို အိမ်မှာလေ့ကျင့်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ ပုံစံနဲ့ လမ်းလျှောက်တတ်အောင် ပြင်ဆင်ခဲ့ပါတယ်။
အနုပညာလှုပ်ရှားမှု အနေနဲ့ကတော့ ညီမပြိုင်ပွဲတွေ အများကြီး ပြိုင်ဖူးပါတယ်။ MRTV-4 ကရိုက်တဲ့ အချစ်သင်္ကေတ အပိုင်း (၃) မှာလည်း သရုပ်ဆောင် ထားသလို ရုပ်ရှင်ကားကြီးတွေ ရိုက်ဖို့ စီစဉ်ထား တာလည်း ရှိပါတယ်။
အကယ်ဒမီပေးပွဲ ပြီးတဲ့နောက်မှာ ညီမကို ပရိသတ်တွေကလည်း ပိုသိလာကြမယ်။ အနုပညာ အလုပ်တွေလည်း အများကြီးထပ်ပြီး လုပ်ခွင့်ရမယ်လို့ ထင်ပါတယ်။

The Voice

0 comments:

Post a Comment