Tuesday, December 3, 2013

ဒီဇင်ဘာ ဘန်ကောက်မြင်ကွင်း

ဒီဇင်ဘာ ၁ ရက်နေ့တွင် ဖြစ်သည်။ ဆန္ဒပြသူ သုံးသောင်းခန့်သည် ‘ပြည်သူ့အာဏာသိမ်းပွဲ’ ကို ဝင်နွှဲနေကြသည်။ ပြည်သူတွေ အုံကြွမှုက ဆိုးသည်ထက် ဆိုးလာသည်။ နိုင်ငံတော် အာဏာပိုင် အဖွဲ့အစည်း များကလည်း အရေးအခင်းကို အကြမ်းဖက်ပြီး ပြန်လည် တုံ့ပြန်လာခဲ့သည်။ နိုင်ငံတော် ရုပ်သံလွှင့်ဌာနကို သိမ်းပိုက်ရန် ပြင်ဆင်လာခြင်း၊ ဝန်ကြီးချုပ်ကို အကြမ်းဖက်ရန် စီစဉ်လာခြင်း များကြောင့် ယင်းလပ် ကိုယ်တိုင် ထွက်ပြေးရသည့် အဖြစ်မျိုးကို ရောက်လာခဲ့သည်။
လွန်ခဲ့သည့် တစ်ရက်လုံး ဆန္ဒပြသူများကလည်း ခဲတွေနှင့် ပစ်ပေါက်၊ ဓာတ်ဆီဗုံးတွေနှင့် ပစ်ပေါက်ပြီး ကြမ်းတမ်း လာကြသည်။ ရဲတွေကလည်း မျက်ရည်ယို ဗုံးများပစ်ကာ ပြန်လည် တုံ့ပြန်ခဲ့ကြသည်။ ဆန္ဒပြသူများသည် ယင်းလပ်ရှင်နာဝပ်ထရာ အစိုးရအဖွဲ့ ရုံးစိုက်ထားသည့် အစိုးရ အိမ်တော်မှ အတားအဆီး အပိတ်အဆို့ များကို ဖယ်ရှားရှင်းလင်းပြီး အိမ်တော်ကို သိမ်းပိုက်ရန် ကြံစည်လာကြသည်။ သို့သော် ရဲတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ပြီး အရေးမလှ ဖြစ်ခဲ့ကြရသည်။
“သူတို့ တစ်နေရာကိုမှ သိမ်းပိုက်လို့ မရစေရဘူး” ဟု အမျိုးသား လုံခြုံရေး ကောင်စီမှ အကြီးအကဲဖြစ်သူ ပရာဒွန်ပတ္တနာ သာဘုထရာက Reuters သတင်းဌာနသို့ ရှင်းပြသည်။
ဝန်ကြီးချုပ် ယင်းလပ်သည် မီဒီယာ အင်တာဗျူး တစ်ခုကို ကျင်းပရန် ပြင်ဆင်နေသည်။ ဆန္ဒပြသူ အကြမ်းဖက်သမားများက အခြေအနေကို ဆိုးဝါးသွားစေရန် ပြင်ပတွင် လှုပ်ရှားနေကြသည်။ ထိုလမ်းထဲတွင် ရဲတပ်ဖွဲ့၏ အဓိကရုဏ်း နှိမ်နင်းရေးကား ခုနစ်စီး ရပ်ထားပြီး ရဲတွေက တန်းစီကာ ပိတ်ဆို့ထားသည်။
ဓာတ်ဆီပုလင်း ဗုံးတစ်လုံးက ရဲတပ်ဖွဲ့ ထရပ်ကားများပေါ်သို့ ကျလာပြီး မီးလောင်ကျွမ်းမှု အနည်းငယ် ဖြစ်ပွားနေသည်။ ဆန္ဒပြသူများသည် အရံအတား ပြုလုပ်ထားသည့် သံဆူးကြိုး အကာများကို ဖယ်ရှားနိုင်ရန် ကြိုးစားနေကြသည်။ ထိုစဉ် မျက်ရည်ယို ဗုံးတွေကို ရဲတပ်ဖွဲ့က ပစ်လိုက်သဖြင့် ဆန္ဒပြနေသူများ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။ မီးခိုးဗုံးများ ကြားတွင် မျက်နှာကို ရေပုလင်းတွေ ဖွင့်ပြီး လောင်းသူတွေက လောင်းနေကြသည်။
ဘန်ကောက်တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုသည် မြို့ပြနေ အလယ်အလတ် လူတန်းစားများ၊ လူ့မလိုင် အထက်တန်းလွှာများနှင့် ကျေးလက်နေ ယင်းလပ်ကို ထောက်ခံသည့် ပြည်သူများ၏ တိုက်ပွဲဟုလည်း ဆိုနိုင်သည်။ ကျေးလက် ပြည်သူတွေက ယင်းလပ်နှင့် ၂၀၀၆ ခုနှစ်ခန့်က ထွက်ပြေး သွားခဲ့ရသည့် သူမအစ်ကို သက်ဆင်ရှင်နာဝါထရာ တို့ကို ထောက်ခံသူများ ဖြစ်သည်။ ဆန္ဒပြသူများတွင် အစိုးရကို ထောက်ခံသူများနှင့် မထောက်ခံသူများ ဟူ၍ အုပ်စုနှစ်စုကွဲကာ တိုက်ပွဲ တွေ ဆင်နွှဲကြပြန်သည်။
နိုင်ငံခြားသား ခရီးသွားများ အတွက် နယ်မြေတစ်ခု အနေနှင့် သတ်မှတ်ထားခြင်း ခံရသည့် ခိုဆန်လမ်း နှင့် မနီးမဝေးရှိ သမိုင်းဝင် အစိုးရ ရပ်ကွက် အတွင်း၌လည်း ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပွားနေသည်။ လူအုပ်ကြီး၏ လှောင်ပြောင် ရယ်မော အော်ဟစ်သံများ ဗုံးပေါက်ကွဲသံများကို အတိုင်းသား ကြားနေရသည်။ စနေနေ့ ညကလည်း ဘန်ကောက် အရှေ့ပိုင်းတွင် သေနတ်ကိုင် အုပ်စုနှင့် ဓားကိုင်အုပ်စုတို့ တိုက်ပွဲတွေ ဖြစ်ပြီး လူသုံးယောက် သေဆုံးကာ ၅၈ ဦး ဒဏ်ရာ ရရှိသွားခဲ့သည်။ တနင်္ဂနွေနေ့ နံနက်တွင် ဆေးရုံက သတင်းထုတ်ပြန်ရာ၌ ၄၆ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပီယာဥတာယိုက ရဲတပ်ဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်နေ့ ကတည်းက အကြမ်းဖက်သမားများ သိမ်းပိုက်ထားသည့် ဘဏ္ဍာရေး ဝန်ကြီးဌာနကို ပြန်လည် သိမ်းပိုက်နိုင်ရေးအတွက် အင်အားသုံးပြီး ဆောင်ရွက်မည်ဟု ဆိုသည်။
အစိုးရအနေနှင့် အကြမ်းဖက် ဆူပူသူများကို အင်အားသုံး နှိမ်နင်းတော့မည့် အလားအလာတွေ ရှိသည်။ ဘန်ကောက်မြို့ပေါ်နေ ပြည်သူ ၁၀ သန်းခန့်ကို အစိုးရက ည ၁၀ နာရီမှ နံနက် ၅ နာရီအတွင်း အိမ်ထဲက အိမ်ပြင် မထွက်ကြရန် အမိန့်ထုတ်ထားပြီး ဖြစ်သည်။
“လူတွေကို အိမ်ထဲက အိမ်ပြင် မထွက်ခိုင်းတာက သူတို့ အသက်အန္တရာယ် လုံခြုံစေချင်လို့ပါ။ ဆူပူအောင် လှုံ့ဆော်ပေး နေသူတွေနဲ့လည်း သူတို့ကို ရောထွေး မသွားစေချင်ဘူး” ဟု ဒုတိယ ဝန်ကြီးချုပ် ပရာချာပရုမ်နော့ခ်က ဆိုသည်။
ဝန်ကြီးချုပ် ယင်းလပ်သည် ရဲတပ်ဖွဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေး အဖွဲ့တွင် Reuters သတင်းအဖွဲ့ကို တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲ လုပ်ရန် ပြင်ဆင်ထားသည်။ ထိုအကြောင်းကို သိသွားသော ဆန္ဒပြသူတွေက ရဲတပ်ဖွဲ့ကို ဝင်စီးရာ ရဲတပ်ဖွဲ့ အားကစားကလပ် အနီးသို့ လူထု ရောက်လာချိန်တွင် တစ်ဦးဦးက ယင်းလပ်ကို လာပြီး သတင်းပေးလိုက်သောကြောင့် ယင်းလပ် ထွက်ပြေး သွားခဲ့ရသည်။
“လုံခြုံရေး အကြောင်းပြချက်နဲ့ သူမဘယ်နေရာမှာ ရှိနေတယ် ဆိုတာကို ကျွန်တော်တို့ ဖုံးဖိထားလို့ ရမှာ မဟုတ်ဘူး” ဟု သက်ဆင်၏ ရှေ့နေတစ်ဦးဖြစ်သူ နော့ပါဒုံ ပတ္တမာက ပြောသည်။ သက်ဆင်ကတော့ အစိုးရကို အမြန်ဆုံး ထိန်းချုပ်ရန် တိုက်တွန်းထားသည်။ “ဒီဇာတ်လမ်းမှာ အစိုးရဟာ အဓိကနေရာက ကပြသင့်တယ်” ဟု ပြောကြားခဲ့သည်။
ဆန္ဒပြသူများသည် ရဲများ တားဆီး ပိတ်ဆို့ထားသည့် ကျောက်ဘုရားခေါ် ဝပ်ဘန်ဂျမာဘိုပစ် အဆောက်အအုံ အပြင်ဘက်တွင် စုရုံးလာကြသည်။ ရဲတပ်ဖွဲ့ဝင် များသည် လမ်းပိတ်ထားသည့် ကွန်ကရစ် တုံးများကို အကာအကွယ်ယူပြီး မျက်ရည်ယို ဗုံးများကို လူထုကြားကို ပစ်ထည့်နေသည်။
“ကျွန်တော်ကတော့ ရှင်နာဝါထရာလို့ အမည်ရတဲ့ သူတွေအားလုံး လေယာဉ်ပေါ်တက်ပြီး တစ်နေရာရာကို ထွက်သွား စေချင်တယ်။ ကျေးဇူးပြုပြီးတော့ ဘယ်တော့မှ ပြန်မလာပါနဲ့ လို့လည်း ပြောလိုက်ချင်ပါတယ်” ဟု ဘန်ကောက်တွင် မိသားစု စားသောက်ဆိုင်လုပ်ငန်း လုပ်နေသည့် အသက် ၃၃ နှစ်အရွယ် ချာတူပေါင်က ဆိုသည်။ သူက သက်ဆင် မိသားစု အားလုံးကို ရည်စူး ပြောလိုက်ခြင်း ဖြစ်သည်။
မြို့တော် ရဲတပ်ဖွဲ့ဌာနချုပ် အပြင်ဘက်တွင် လူ ၃၀၀၀ ခန့်သည် ဝိုင်းပြီး ဆန္ဒပြနေကြသည်။ အစိုးရ အိမ်တော်ဝင်း ပတ်ဝန်းကျင်တွင်လည်း အပြန်အလှန် တိုက်ပွဲတွေက မပြတ် ဖြစ်ပွားနေသည်။ ရဲတွေကို ဆန္ဒပြသူတွေက “ကျွန်တွေ... ကျွန်တွေ” ဟု ဝိုင်းအော်နေကြသည်။ ဆန္ဒပြသူတွေက ဓာတ်ဆီ မီးလောင်ဗုံးများကို ရဲများ အတွင်းသို့ ပစ်သွင်းလိုက်ကြသည်။ ရဲတပ်ဖွဲ့က ဖရာနာခုမ်၊ ရာဇမင်္ဂလ နည်းပညာ တက္ကသိုလ်တစ်ဝိုက်တွင် နေရာယူထားကြသည်။ ထိုတက္ကသိုလ်လမ်းသည် အစိုးရ အိမ်တော်နှင့် တူးမြောင်းအားဖြင့် ဆက်စပ်လျက် ရှိသည်။
မီးလောင်ဗုံးတွေက တက္ကသိုလ်ထဲက ထွက်လာခြင်း ဖြစ်သည်။ ဒေါသထွက်နေသော လူအုပ်ကြီးသည် တက္ကသိုလ်ကိုလည်း သိမ်းပိုက်ထားကြသည်။ ကျောက်ခဲများ တင်ထားသော လက်တွန်းလှည်း များကို တစ်စီးပြီးတစ်စီး ရွှေ့ကာ လူတွေက သယ်ဆောင်နေကြသည်။ ယနေ့ညအဖို့ တက္ကသိုလ်ကို အင်အားဖြင့် ဝင်ရောက်ပြီး ပြန်လည် စီးနင်းမည်ကို စိုးရိမ်ရသည့် အနေအထားတွင် ရှိနေသည်။
“ဒီနေရာက မလုံခြုံတော့ဘူး။ ဘယ်အချိန် တိုက်ခိုက် လာမလဲဆိုတာ မသိနိုင်ဘူး” ဟု အစိုးရ ဝန်ထမ်းတစ်ဦး ဖြစ်သူ အသက် ၄၀ အရွယ် ဆုမေတ္တာ ဆိုသူက ပြောကြားသည်။
ဆန္ဒပြ ဆူပူသူများ၏ ခေါင်းဆောင် ဆုသက်သောင်ဆုဘန်က အစိုးရ ဝန်ထမ်းများကို သပိတ်တိုက်ပွဲ တွင် ယနေ့ (ဒီဇင်ဘာ ၂ ရက်နေ့) လာရောက် ပူးပေါင်းရန် တိုက်တွန်း နှိုးဆော်ထားသည်။ နိုင်ငံတော်ပိုင် ရုပ်သံဌာနကိုလည်း သတင်းထုတ်လွှင့် နေမှုများ၊ အစီအစဉ် ထုတ်လွှင့်နေမှုများ ရပ်ဆိုင်းပြီး သပိတ်မှောက်ကြရန် တိုက်တွန်း နှိုးဆော်ထားသည်။
“ဒီမိုကရေစီကို ကာကွယ်ဖို့ ထိုင်းနိုင်ငံသား အားလုံးကို ကျွန်တော်တို့နဲ့ ပူးပေါင်းပါလို့ ဖိတ်ခေါ်ပါ တယ်” ဟု ဆုသက်က ရုပ်မြင်သံကြား တိုက်ရိုက် ထုတ်လွှင့်မှု အစီအစဉ်မှ ပြည်သူများကို ဖိတ်ခေါ်ထားသည်။ ထိုင်းနိုင်ငံတော်ပိုင် ရုပ်သံဌာန တစ်ခုဖြစ်သည့် Thai PBS ရုပ်သံလွှင့် ဌာနကလည်း ဆန္ဒပြသူများကို မိမိတို့ ဝင်းထဲကတစ်ဆင့် ထုတ်လွှင့် ပြသပေးမှုများ ပြုလုပ်နေသည်။
ထိုင်းနိုင်ငံကို ဆယ်စုနှစ်တစ်စု ကျော်ကျော်လောက် လွှမ်းမိုး အုပ်စိုးခဲ့သည့် ယင်းလပ်နှင့် မိသားစု နိုင်ငံရေးကို အမြစ်ဖြုတ်ရန် ဆုသက်က တိုက်တွန်း လှုံ့ဆော်နေသည်။ သူက မိမိကို ထောက်ခံသည့် ဆန္ဒပြသူများကို အစိုးရရုံးများ၊ ရုပ်မြင်သံကြား ဌာနများ၊ ရဲစခန်းများနှင့် ဝန်ကြီးချုပ် ရုံးခန်းများကို ‘ပြည်သူ့အာဏာသိမ်းပွဲ’ ဆင်နွှဲပြီး သိမ်းပိုက်ရန် တိုက်တွန်း နှိုးဆော်ထားသည်။
ဆုသက်သည် ၂၀၁၁ ခုနှစ် ရွေးကောက်ပွဲတွင် ယင်းလပ်ပါတီကို ရှုံးခဲ့သည့် ဒီမိုကရက်ပါတီ ခေါင်းဆောင် တစ်ယောက် ဖြစ်သည်။ ထို့ပြင် သူသည် ဒုတိယဝန်ကြီးချုပ် တာဝန်ကို ယူခဲ့ရသူလည်း ဖြစ်သည်။ သူက အစိုးရရုံး ၁၂ ရုံးခန့်ကို သိမ်းပိုက်ထားပြီး ဖြစ်ကြောင်းနှင့် လမ်းပေါ်သို့ လူသန်းချီပြီး ထွက်လာစေရန် ကြိုးပမ်းသွားမည်ဟု ရာဇသံ ပေးထားသည်။ ရဲတပ်ဖွဲ့ကမူ ယခုအချိန် (ဒီဇင်ဘာ ၁ ရက်နေ့) အထိ ဆန္ဒပြသူများနှင့် ပူးပေါင်းသူပေါင်း ၃၀,၀၀၀ ခန့် ရှိသည်ဟု ဆိုသည်။ လွန်ခဲ့သည့် တစ်ပတ်ခန့်က လူပေါင်းတစ်သိန်းခန့် လမ်းပေါ်ထွက်ပြီး ဆန္ဒပြမှုတစ်ခု ဖြစ်ပွားခဲ့သေးသည်။
ယင်းလပ်သည် ထိုင်းနိုင်ငံ၏ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်သည်။ သူမသည် ဆန္ဒပြသူများနှင့် တွေ့ဆုံ ဆွေးနွေးရန် ဖိတ်ခေါ်ထားသည်။ ဘဏ္ဍာရေး ဝန်ကြီးဌာနက သိမ်းပိုက်ခြင်း ခံလိုက်ရသောကြောင့် ထိုင်းနိုင်ငံ စီးပွားရေး အနေအထား အလားအလာ မကောင်းဟု ဆိုရမည်။ ယင်းလပ်မည်သို့ ဆွေးနွေးရန် ဖိတ်ခေါ်သည် ဖြစ်စေ ဆုသက်ကတော့ အကြောင်းမပြန် တင်းခံနေသည်။
ဒီမိုကရက်ပါတီသည် ထိုင်းနိုင်ငံ၏ သက်တမ်းရင့် ပါတီကြီးတစ်ခု ဖြစ်သည်။ ထိုပါတီ အနေနှင့် ရွေးကောက်ပွဲ များတွင် ရှုံးနိမ့်နေခဲ့ ရသည်မှာလည်း ဆယ်စုနှစ်စု ကျော်ခဲ့ပြီ ဖြစ်သည်။ လွန်ခဲ့သည့် ၁၃ နှစ်အတွင်း မည်သည့် ပြည်နယ်တွင် ဝင်ပြိုင်သည်ဆိုစေ အရှုံးနှင့် ရင်ဆိုင်ခဲ့ရသည့် ပါတီလည်း ဖြစ်သည်။ သက်ဆင်ကိုလည်း ရှုံးခဲ့သည်။ သက်ဆင့်နှမ ဖြစ်သူ ယင်းလပ်ကိုလည်း ဆက်ရှုံးသည်။ ယခု အခွင့်သာခိုက် ရှုံးကြွေး ဆပ်မည်လောဟု ထင်မှားစရာ ဖြစ်သည်။ ဒီမိုကရက်ပါတီ၏ သူရဲကောင်း လုပ်နေသူမှာ ဆုသက် ဖြစ်သည်။
ထိုင်းနိုင်ငံသည် ၂၀၁၀ ပြည့်နှစ်လောက်က စပြီး နိုင်ငံရေးတွင် မရပ်မနား ပြဿနာပေါင်းစုံ ကြုံတွေ့ လာခဲ့ရသည့် တိုင်းပြည် ဖြစ်သည်။ နောက်ဆုံးတွင် စစ်တပ်က ဝင်ရောက် စွက်ဖက်ခြင်းဖြင့်သာ ပြဿနာမီးကို ငြိမ်းအေး နိုင်ခဲ့သည်က များသည်။ သက်ဆင် ထောက်ခံသူများက ဒီမိုကရက်တွေကို နိုင်ငံရေး ဘေးကန် ထုတ်ပြီးချိန်က စတင်ပြီး လူပေါင်း ၉၁ ဦးခန့် သေဆုံးခဲ့ရသည်။ ဆုသက်ကလည်း စွန့်စားပြီး နိုင်ငံရေး အခင်းအကျင်းတွင် ဝင်ကစားလိုက်ခြင်း ဖြစ်သည်။ တိုင်းပြည် ဆူပူအောင် လုပ်ထားသူ ဖြစ်သောကြောင့် ယခုအရေး အောင်မြင်လျှင် သူ့အတွက် ပြဿနာမရှိ။ ရှုံးနိမ့်သွားလျှင် တရားခံ ဖြစ်ရန် သေချာသွားပြီ ဖြစ်သည်။
သက်ဆင် လက်ထက်က ထင်ရှားသည့် နိုင်ငံရေး မူဝါဒ များကြောင့် တောရောမြို့ပါ ကြိုက်နှစ်သက်ပြီး မဲပေးကာ အကြီးအကျယ် ထောက်ခံခဲ့ဖူးသည်။ သို့သော် သူ့ကို အကျင့်ပျက် ခြစားမှုများ၊ အာဏာ တစ်လွဲသုံးမှု များတွင် တာဝန်ရှိသည် ဆိုပြီး ၂၀၀၈ ခုနှစ်က ဖြုတ်ချခဲ့ကြသည်။ ပြည်ပြေးဘဝတွင် သက်ဆင် ရောက်နေသော်လည်း လက်ရှိ အစိုးရအပေါ်တွင် သူ့အရိပ်မည်းကြီးက လွှမ်းမိုးနေဆဲ ဖြစ်သည်ဟု ဝေဖန်ကြသည်။ တစ်ခါတစ်ရံ ယင်းလပ် အစိုးရအဖွဲ့နှင့် အင်တာနက် ဗီဒီယိုကင်မရာ များမှတစ်ဆင့် တွေ့ဆုံဆွေးနွေးမှုများ ပြုနေကြောင်း သတင်းတွေကလည်း ထွက်လာသည်။ ယခုထိုင်းနိုင်ငံ လူထုအုံကြွ မှုကြီးကလည်း သက်ဆင်အတွက် အကာအကွယ် ပေးသည့် ဥပဒေတစ်ခုကို ဖော်ဆောင်ရန် ကြိုးပမ်းသောကြောင့် ပေါ်ပေါက်လာခဲ့ရခြင်း ဖြစ်သည်။ သက်ဆင်က စသည့် ပြဿနာ ဆုသက်တွင် အဆုံးသတ် ပေးနိုင်မည်လော ရင်လေးဖွယ်ရာ ထိုင်းနိုင်ငံရေး စောင့်ကြည့်ရပေ လိမ့်မည်။
အယ်ဒီတာတစ်ဦး
Ref: 30,000 Protestors Launch A 'People's Coup' On Thailand's Government, Amy Sawitta Lefevre, 
 The Voice
ThReuters, Dec. 1, 2013.

0 comments:

Post a Comment