နေပြည်တော်သို့ အရောက် ဗီယက်နမ် ကစားသမားများကို ပွဲဦးထွက် ဆီးကြိုနေသည့် ပြဿနာက “ခြင်” ကိစ္စ။ အဖွဲ့ဝင် ၁၈၀ ကျော်ပါ ယင်းအဖွဲ့ နေပြည်တော် အားကစားရွာကို ရောက်စဉ် ကြုံတွေ့ရပုံ အချို့ကို ဗီယက်နမ်အခြေစိုက် သတင်းဌာန VietNam Net Bridge သတင်းတွင် ဖော်ပြထားပြီး ယင်းအနက် “ခြင်” ကား အဓိကပြဿနာ ဖြစ်နေသည်။
၄၄ နှစ်အကြာတွင် ပထမဆုံး ကျင်းပခွင့်ရသော အရှေ့တောင်အာရှ အားကစားပွဲတော် (ဆီးဂိမ်း) အကြိုနေ့ များက သက်ဆိုင်ရာ တာဝန်ရှိသူများ၏ စိုးရိမ်သောကမှာ အားကစားပွဲများတွင် ပရိသတ်မဲ့ ဖြစ်မည်နှင့် လုံခြုံရေးအခြေအနေ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုထားသော်လည်း “ခြင်” ကား ကြားဖြတ်ဝင်လာသော ဇာတ်ကောင် ဖြစ်နေသည်။
ပြိုင်ပွဲကျင်းပပြီး နှစ်ရက်အကြာ ကစားသမားနှင့် သတင်းစာဆရာများ အကြား နောက်ထပ် ကြားလာရသည့် အသံမှာ လုံခြုံရေးဖြစ်သည်။
ဆီးဂိမ်းကို အမျိုးသားအဆင့် လုံခြုံရေး သတ်မှတ်ထားပြီး ငွေကျပ် ခြောက်ဘီလီယံ အကုန်အကျ ခံထားကြောင်း ဆီးဂိမ်းကျင်းပရေး တာဝန်ရှိသူ များက ဆိုထားသည်။ ရဲတပ်ရင်း ၁၉ ရင်းနှင့် ရဲကင်းတဲ တစ်ထောင်ကျော်ကား ရှားရှားပါးပါး မြန်မာ့မြေပေါ်ရောက်လာသည့် ဆီးဂိမ်းကို အပြည့်အဝ စောင့်ကြပ်နေကြသည်။
ယင်းကြောင့် လုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အထူးတင်းကျပ်ပြီး ကစားသမားများ၊ လာရောက် သတင်းယူသော မီဒီယာများကို ပိုမို ဝန်ပိစေကြောင်း ဝေဖန်မှုများရှိသည်။

လာရောက်ကစားသူများကို သာမက ပြိုင်ပွဲမှအပြန် ကစားသမားများကို နားနေဆောင်များသို့ ပြန်ရာတွင်လည်း ဝင်ခွင့်ကတ်ကို ကွန်ပျူတာဖြင့် စကင်ဖတ် တိုက်ဆိုင်စစ်ဆေးရုံ သာမက ကစားသမား တစ်ဦးချင်းစီ၏ နာမည် စာလုံးပေါင်းများကို သက်ဆိုင်ရာ လုံခြုံရေး တာဝန်ရှိသူများက စာရွက်ဖြင့် ပြန်လည်ရေးမှတ်သည်။ စက်ရော၊ လက်ပါ စစ်သည့်သဘော။
"ပင်ပန်းပြီးတော့ အဆောင်မှာ နားချင်နေတဲ့ ကစားသမားတွေက တော်တော် စိတ်ကသိကအောက် ဖြစ်တာ တွေ့ရတယ်" ဟု ပြိုင်ပွဲများကို သွားရောက် သတင်းယူနေသော သတင်းစာဆရာ ဦးဇော်သက်ထွေးက ဆိုသည်။
ယင်းတို့ကား နှစ်ရက်ကြာသည် အထိ လူမြင်သူမြင် ကျင်းပနေသော ပြိုင်ပွဲများကြားက ကောက်ကြောင်းအချို့။ ကစားသမားများ၏ စားသောက်နေထိုင်မှု အကြိုအပို့ များနှင့် ဆက်စပ်၍ တွေ့ဆုံ မေးမြန်းရာ ကစားသမား အများစုက “အားလုံးကောင်းပါသည်” ဟု ဖြေဆို ကြသည်။
သို့သော် ပြိုင်ပွဲကျင်းပရန် ရက်အနည်းငယ်သာ လိုတော့ချိန်တွင် ဆီးဂိမ်းဝင် မြန်မာ့လက်ရွေးစင် ကစားသမား တစ်ဦး ဖျားနေသဖြင့် လေ့ကျင့်ကွင်း မဆင်းနိုင်ဘဲ အိပ်ရာပေါ်သာ လှဲနေရကြောင်း သူ၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဒီဇင်ဘာလ ၅ ရက်နေ့က ရေးသားထား လိုက်ခြင်းသည် အကြံအဖန် မဟုတ်ပါ။

သူပါဝင်ယှဉ်ပြိုင်မည့် ကစားနည်းကို လွန်ခဲ့သော ခြောက်လခန့် ကတည်းက နေပြည်တော်တွင် အထူးစခန်းသွင်း (Gold Camp) လေ့ကျင့်နေသည် ဆိုသော်လည်း သူယင်းနေရာသို့ အမှန်တကယ် ရောက်ချိန်မှာ နိုဝင်ဘာလလယ် ခန့်ကသာ ဖြစ်နေသည်။
"အိမ်ပြန်လာချင်တယ် ချည်းပဲ ပြောနေတယ်" ဟု အစ်မဖြစ်သူက The Voice သို့ ပြောကြားသည်။
ယင်းကား ဗီယက်နမ်တို့၏ ခြင် အရေးထက် များစွာပိုလိမ့်မည်။ ထိုသို့သော ကိစ္စများနှင့် ပတ်သက်၍ လေ့လာစုံစမ်းရန် ကြိုးပမ်းသော်လည်း Gold Camp၊ ကစားသမားတို့၏ နေရာများတွင် မေးမြန်း သတင်းယူရန် ခက်ခဲဆဲဖြစ်သည်။
မယုံမရှိပါနှင့်။ Gold Camp အဝင်ဂိတ်တွင် “မီဒီယာသမားများ လုံးဝ (လုံးဝ) မဝင်ရ” ဟူသော စာတန်းဖြင့် ကြိုနေပေလိမ့်မည်။
မကြာသေးမီက ရန်ကုန်သို့ ရောက်လာသည့် ကမ္ဘောဒီးယား နပန်းလက်ရွေးစင် ကစားသမား Denpiseth Kang ကမူ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဆီးဂိမ်းထက် မြန်မာက ပိုသာကြောင်း ပြောဆိုသည်။ ရန်ကုန်မြို့တွင်း Central ဟိုတယ်တွင် နေထိုင်သော ၄င်းအတွက် နေထိုင် သွားလာ စားသောက်ရေး အပါအဝင် လေ့ကျင့်ရန် အားကစားရုံများကအစ အားလုံး “အိုကေ” ကြောင်း မှတ်ချက်ပြုသည်။
နောက်တစ်ခုမှာ လက်မှတ်ကိစ္စ ဖြစ်သည်။
ဆီးဂိမ်းလှုံ့ဆော်မှု များကြောင့် တက်ကြွလာသော မြန်မာအားကစား ပရိသတ်များကို ဖွင့်ပွဲ/ပိတ်ပွဲ လက်မှတ်များ၊ ဘောလုံးပွဲ လက်မှတ်များ အဆင်ပြေစွာ မရောင်းချနိုင် ခဲ့ခြင်းကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
ပရိသတ်သုံးသောင်းဆံ့ ကွင်းဝင်ခွင့် အတွက် လက်မှတ်တစ်သောင်းကိုသာ ပြင်ပသို့ ရောင်းချခဲ့ခြင်း ကြောင့် တက်ကြွကာ နေပြည်တော်သွားမည် တကဲကဲ ဖြစ်နေသော ပရိသတ်များ မာန်လျှော့ ခဲ့ရသည်။

ဘောလုံးတွင်လည်း ထိုနည်းတူ။ စရောင်းသည့် ရက်တွင် နာရီနှင့်ချီတန်းစီပြီး ဝယ်သော်လည်း ကိုယ်ကြည့်လိုသည့် ပွဲချည်းမရောင်းဘဲ အုပ်စုပွဲ တစ်ခုလုံး ပွဲလက်မှတ်များ ဝယ်မှ လက်မှတ်ရောင်း မည်ဟု ဆိုသဖြင့် ချွေးသိပ် အိမ်ပြန်ခဲ့သူ များလည်း တပုံတပင်။
ပရိသတ်များ စိတ်အဝင်စားဆုံး ဘောလုံးပွဲလက်မှတ် ဝယ်ယူရန် မှတ်ပုံတင် နံပါတ်ကဲ့သို့သော ကန့်သတ်ချက် များခြင်း၊ လိုသလောက် မရောင်းချနိုင်ခဲ့ခြင်း များက ဆီးဂိမ်း အဆွသမားများကြောင့် လှုပ်လာသော ပရိသတ်များကို စိတ်ပျက်စေခဲ့သည်။
ဘောလုံးမှလွဲ၍ မည်သည့် အားကစားနည်းမဆို ကြည့်နိုင်သော လက်မှတ်များကို နိုဝင်ဘာလ နောက်ဆုံးပတ်က စတင်ရောင်းချခဲ့ရာ လက်ရှိအချိန် အထိ စောင်ရေလေးသောင်းကျော် ရောင်း ချခဲ့ရပြီး ဖြစ်ကြောင်း ဝဏ္ဏသိဒ္ဓိ အားကစားရုံ ဂိတ် (၁) ရှိ လက်မှတ်အရောင်း ကောင်တာရှိ တာဝန်ရှိသူ ထံမှ သိရသည်။ သို့သော် ဗွေဆော်ဦး ခြင်းလုံးပြိုင်ပွဲ နှစ်ရက်တာအတွင်း အသင့် ခေါ်ယူလာသော ကျောင်းသားပရိသတ်များ မှအပ ပြင်ပ ပရိသတ်များ မတွေ့ရသေး။
နောက်ထပ်အရေးတစ်ခုမှာ မီဒီယာများ သတင်းယူသည့် ကိစ္စ ဖြစ်သည်။
အစိမ်းရောင် အောက်ခံတွင် အဖြူရောင်စာလုံးဖြင့် ရေးသားထားသည့် Journalist Working Room ဆိုသည့် သတင်းသမားများ အလုပ်ခန်းအတွင်း ဝင်လိုက်သည်နှင့် ခြေလေးချောင်းထောက် စားပွဲရှည် များနှင့် ကျောမှီ ထိုင်ခုံပြာများက တန်းစီစောင့်ကြို နေပေလိမ့်မည်။

ခုံများတွင် တပ်ဆင်ထားသော လျှပ်စစ် ပလပ်ခေါင်းများမှာ သတင်းထောက် အချို့၏ လက်တော့ပ်နှင့် မတော်သည့် အတွက် အသစ်ဝယ်ရသည်။ မြန်အောင် လုပ်ပေးမည် ဆို၍ အများကြီး မျှော်လင့်ထားသော အင်တာနက် အမြန်နှုန်းမှာ ထူးမခြားနား။ အားကစားပွဲ များသို့ သွားရောက် သတင်းယူရန် ကားစီစဉ်ထားသည်ဟု ဆိုသော်လည်း မေးမြန်းလိုက်သော အခါ မသိ၊ မရှိ။
"အဲဒါတွေအတွက် သက်ဆိုင်ရာ ကော်မတီတွေကို မေးရင် မသိတာ၊ တာဝန် မယူနိုင်တာ ဆိုတဲ့ သူတွေက များနေတယ်" ဟု မဇ္ဈိမသတင်းစာ SEA Games အစီအစဉ် မှ သတင်းစာဆရာ ဦးရဲရင့်ဌေးက ဆိုသည်။
ယင်းအပြင် ထုံးစံအတိုင်း ပွဲဦးထွက် ဒီဇင်ဘာ ၄ ရက်နေ့ ညပိုင်းက မီဒီယာ သတင်းခန်းတွင် မီးပျက်ခဲ့သေးသည်။
မီဒီယာအခန်းတွင်မက ဗီယက်နမ်တို့ နေထိုင်ရာ အားကစားရွာ တွင်လည်း မီးမကြာခဏ ပျက်ကြောင်း VietNam Net Bridge သတင်းတွင် ဖော်ပြထားသည်။
သက်ဆိုင်ရာ တာဝန်ရှိသူများကို ပြောသောအခါ ဖြည့်ဆည်းပေးမည်ဟု ဆိုကြောင်း VietNam Net Bridge သတင်းတွင် ဖော်ပြထားသော်လည်း ဝါရင့် အားကစားသတင်းစာဆရာ ဦးဇော်သက်ထွေး အပါအဝင် သတင်းသမား များကိုမူ မည်သူမျှ တာဝန်ယူ ဖြေရှင်းပေးခြင်း မရှိပေ။
"ဌာနတွေက တစ်ခုနဲ့တစ်ခု အချိတ်အဆက် ပြုတ်နေတယ်။ တစ်ခုခု ပြောလိုက်ရင် ဘယ်သူ့မှာ တာဝန်ရှိမှန်း မသိရဘူး" ဟု ၄င်းက ဆိုလေသည်။

ယင်းကိစ္စပင်မက ကျပ် ခြောက်ဘီလီယံ အကုန်အကျခံထားသည်ဆိုသော လုံခြုံရေးယန္တရား အတွင်းတွင်လည်း ထိုသို့ ကြုံနေရကြောင်း IBC (International Broadcasting Center) တွင် တာဝန်ကျသော ရဲအရာရှိတစ်ဦးက ဆိုလေသည်။
"လုံခြုံရေးတာဝန် ယူထားတဲ့ သူတွေကလည်း ဘယ်သူ့စကား နားထောင်ရမှန်း မသိဘူး"
"လုံခြုံရေးတာဝန် ယူထားတဲ့ သူတွေကလည်း ဘယ်သူ့စကား နားထောင်ရမှန်း မသိဘူး"
ယင်းကား ပွဲဦးထွက်ရွှေနှစ်ခု ဆွတ်ခူးထားသော အိမ်ရှင်တို့၏ ဆီးဂိမ်း ဗွေဆော်ဦး အပျိုးဇာတ်လမ်း။ တစ်ကျော့ပြန် မြန်မာတို့ မည်သို့လှလှပပ ဇာတ်သိမ်းမည်ကို သန်းခြောက်ဆယ်သော မြန်မာ ပြည်သူများ အပါအဝင် သန်းငါးရာသော အာဆီယံပြည်သူ တို့ကလည်း စောင့်ကြည့် ပေလိမ့်မည်။
လာမည်မကြာမီ။
လာမည်မကြာမီ။
Reborted by သတင်းအဖွဲ့၊ Written by အယ်ဒီတာအဖွဲ့
The Voice
0 comments:
Post a Comment