(ကဖေးပရိတ်သတ်များ အတွက် ကမ္ဘာ့ဖလားမှာ ရေပန်းစားနေတဲ့ အသင်းတွေထဲက ထိပ်သီးစာရင်းဝင် အာဂျင်တီးနားအသင်းကို လေ့လာနိုင်ရန် 1978 ခုနှစ်က ကမ္ဘာ့ဖလား ကိုင်မြှောက်ခဲ့တဲ့ အာဂျင်တီးနားဂန္တ၀င် ကွင်းလယ်ကစားသမား Osvaldo Ardiles ပြန်ပြောင်း ပြောပြခဲ့တဲ့ တချိန်က သူတို့အသင်းအကြောင်းနဲ့ လက်ရှိသူ့နိုင်ငံ့အသင်းအပေါ် သုံးသပ်ချက်ကို ဘာသာပြန် ဖေါ်ပြပေးလိုက်ပါတယ်)
-----------------------------------
ကမ္ဘာ့ဖလားပွဲ ကျင်းပဖို့ ရက်ပိုင်းသာ လိုတော့တဲ့အချိန်မို့ စိတ်လှုပ်ရှားမှုတွေက အထွတ်အထိပ်ကို ရောက်နေပါပြီ။ ဇွန်လ ၁၂ ရက်မှာ ကျင်းပမယ့် ဖွင့်ပွဲရက်ကို စောင့်ကြိုရေတွက်ရင်း ဘယ်သူက ဖလား ဆွတ်ခူးနိုင်မလဲဆိုတာ မှန်းဆနေကြပါတယ်။
ကမ္ဘာ့အားကစားပြိုင်ပွဲတွေမှာ အာဂျင်တီးနားကတော့ စွမ်းဆောင်ရှင်အဖြစ် ဆယ်စုနှစ်ချီခဲ့ပါပြီ။ ၁၉၇၈ အာဂျင်တီးနား ကမ္ဘာ့ချန်ပီယံ ဖြစ်ချိန်က ပါဝင်ခဲ့တဲ့ Ardiles နဲ့ အင်တာဗျူးတာ အခုဆို အချိန်ကိုက် ဖြစ်လို့နေပါတယ်။ အဲသည်အချိန်က Ardiles ဟာ ဂိုးသမားမဟုတ်ခဲ့ပေမယ့် ၁၉၈၂ La Albiceleste's campaign စပိန်မှာ ကစားခဲ့စဉ်က ကျောနံပါတ် ၁ အင်္ကျီကို ၀တ်ဆင်ခဲ့ရပါတယ်။
ယခင် ကွင်းလယ်ကစားသမား၊ အတွေ့အကြုံရင့်ကျက်တဲ့ မန်နေဂျာဆီက ဘရာဇီးမှာ ကျင်းပမယ့် ၂၁၀၄ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားအတွက် အခွင့်အရေး၊ အာဂျင်တီးနား စတား လီယွန်နယ်မက်ဆီ၊ လွန်ခဲ့တဲ့ ၃၆ နှစ်က ဗြူနိုအေးရိစ်မှာ နယ်သာလန်ကို အနိုင်ရခဲ့ပြီး ဖလားကိုင်မြှောက်နိုင်ခဲ့တဲ့အကြောင်းများကို စုဆောင်းခဲ့ပါတယ်။
မေ့မရတဲ့ အချိန်များ
အတိတ်ကို ပြန်ကြည့်တော့ ၁၉၃၀ မှာ ဖိုင်နယ်အထိရောက်ခဲ့ပေမယ့် အိမ်ရှင်လည်းဖြစ်၊ အိမ်နီးချင်းလည်းဖြစ်တဲ့ ဥရုဂွေးကို ရှုံးပြီး ထွက်ခဲ့ရတာပဲ။ နောက်ထပ် ၄ ကြိမ်လောက် ပျောက်နေခဲ့ရာက ၁၉၅၈ ဆွီဒင်မှာကျင်းပတဲ့ အချိန်မှာ အာဂျင်တိုင်းတွေ ထပ်မံလမ်းခင်းနိုင်ခဲ့ပြီး ၁၉၇၀ မှာ မက္ကဆီကို ဖိုင်နယ်ရောက်ခဲ့တာကလွဲရင် အာဂျင်တီးနားဟာ ဖိုင်နယ်ပွဲစဉ်တိုင်းအတွက် ထင်ရှားတဲ့အသင်း ဖြစ်ခဲ့ပါတယ်။
သည်လိုနဲ့ ချန်ပီယံဆုဟာ အာဂျင်တီးနားကို ရှောင်ဖယ်နေခဲ့ရာက ၁၉၇၈ ခုနှစ်မှာ ၁၁ ကြိမ်မြောက် ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ်ကျင်းပခွင့်ရတဲ့အချိန်မှာတော့ သူတို့အတွက် အခွင့်ကောင်းတွေ ပေါ်ပေါက်လာပြီလို့ အာဂျင်တီးနားတွေ ခံစားမိခဲ့ပါသတဲ့။ အဲသည်အချိန်က နည်းပြ Cesar Menotti ဟာ ငယ်ရွယ်တဲ့ Ardiles ကို ကွင်းလယ် အဓိက ကစားသမားအဖြစ် ကျန်ကစားသမားနဲ့ ချိတ်ဆက်ပေးနိုင်မယ်လို့ မျှော်လင့်ပြီး ယုံကြည်မှုတွေ ပေးအပ်ခဲ့ပါတယ်။
တစ်ချိန်က အောင်ပွဲရအကြောင်းတွေ Ardiles ကိုမေးတော့ ဒါတွေဟာ အတိတ်က အကြောင်းတွေဆိုပေမဲ့ ကျွန်တော်ကတော့ ဘယ်တော့မှ မေ့မှာ မဟုတ်ဘူးလို့ ယခင် တော့တင်ဟန် ကစားသမားဟောင်း၊ မန်နေဂျာက ပြုံးလျက်ဆိုပါတယ်။ ကျွန်တော်တို့ ကမ္ဘာ့အကြီးကျယ်ဆုံး အားကစားပြိုင်ပွဲထဲ ၀င်ရောက်ပြီး အာဂျင်တီးနားတွေရဲ့ စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ပေးခဲ့တာပါ။ နိုင်ငံမြေမှာ ကျွန်တော်တို့ စွမ်းအားကုန် ပေးဆပ်ခဲ့တာပါ။
ကျွန်တော်တို့ အကောင်းဆုံးလုပ်နိုင်ခဲ့တာတော့ အင်အားတောင့်တင်းတဲ့ နယ်သာလန်အသင်းကို ရင်ဆိုင်ခဲ့ရတာပါ။ ခက်ခဲတဲ့ ဗိုလ်လုပွဲဖြစ်ခဲ့ပြီး ကျွန်တော်တို့ ထိုက်ထိုက်တန်တန် ဖလားရခဲ့တာပါ။ ယနေ့အထိ အာဂျင်တီးနားက လူတိုင်းဟာ ကျွန်တော်တို့ ရရှိခဲ့တဲ့ဖလားအတွက် ဂုဏ်ယူမဆုံးပါဘူး။ အခုတော့ အာဂျင်တီးနားရဲ့ အနာဂတ်ကို ဘေးကနေ တည်ဆောက်ရင်း သည်တစ်ကြိမ် ဘရာဇီးမှာ ကျင်းပမယ့် ပွဲအတွက် အကောင်းဆုံး မျှော်လင့်ထားပါတယ်။
ကျွန်တော်ကတော အာဂျင်တီးနားကို ဖလားရနိုင်ခြေရှိတဲ့အသင်းလို့ လုံးဝဥသုံ ယုံကြည်ထားပါတယ်။ သည်တစ်ကြိမ်မှာတော့ ကံကြမ္မာက အလေးသာနေပါတယ်။ ဖိုင်နယ်မှာ ဘရာဇီးနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်လို့ Osvaldo Ardiles က ပြောကြားခဲ့ပါတယ်။
ယခုထိ ထိပ်ဆုံးမှာ ရှိနေဆဲ
ကမ္ဘာ့ဖလားရပြီးနောက် အာဂျင်တီးနားဟာ ဘောလုံးစင်မြင့်မှာ အရှိန်အဟုန်မပျက် ကျန်ရှိနေပြီး သူတို့ဟာ တောင့်တင်းတဲ့အသင်းဆိုတာ ၁၉၈၂ က စပိန်မှာရော ၁၉၈၆ က မက္ကဆီကိုမှာပါ ပြသခဲ့ပါတယ်။ နောက် ၄ နှစ်အကြာ အီတလီမှာ ကျင်းပတဲ့အချိန် အာဂျင်တီးနားဟာ ဖိုင်နယ်ကို နောက်တစ်ကြိမ် ရောက်ခဲ့ပြီး ဂျာမနီကို ကပ်ရှုံးခဲ့ပါတယ်။ တောင်အမေရိက လူထွားကြီးတွေဟာ အဲသည်အချိန်ကစလို့ ကွာတားဖိုင်နယ်အဆင့်တောင် ထပ်မရောက်တော့ပါဘူး။
အသင်းရဲ့ မအောင်မြင်ခဲ့တဲ့ အချိန်တွေ အကြောင်းမေးတော့ Ardiles က ပခုံးတွန့်ရင်း ကျွန်တော်တို့ ကွာတားဖိုင်နယ်တွေကို မကျော်ဖြတ်နိုင်ခဲ့တဲ့ အချိန်တွေ ရှိခဲ့တယ်။ ဒါပေမဲ့ ကျန်တဲ့အသင်းတွေအဖို့ အာဂျင်တီးနားဆိုတာ အမြဲတမ်းပြိုင်ဖက်ပါ။ ကမ္ဘာ့ဖလားတိုင်းဟာ ခက်ခဲပါတယ်။ ဘရာဇီးလည်း ထိုနည်းလည်းကောင်းပဲ။ အာဂျင်တီးနားအတွက် အခွင့်အရေးကောင်းက တစ်ဘက်မှာ စောင့်နေပါတယ်။
ကျွန်တော်တို့ အားသာချက်က ကျွန်တော်တို့ဟာ စွမ်းဆောင်ရည်အရှိဆုံးအသင်း အထူးသဖြင့် အကောင်းဆုံး ကစားသမား ၄ ဦးဖြစ်တဲ့ Messi, Higuain, Aguero နဲ့ Di Maria တို့အပြင် အရည်အချင်းရှိတဲ့ ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့အတွက် အသင်းနဲ့ နိုင်ငံအတွက် အကောင်းဆုံး တွေကို ယူဆောင်ပေးပါလိမ့်မယ်လို့ ပြောခဲ့ပါတယ်။
ကျွန်တော်ကတော့ ကားလို့တိဗက်ဇ် ပါဝင်ဖို့ မျှော်လင့်တယ်၊ သူသာပါခဲ့ရင် အသင်းအတွက် တစ်စုံတစ်ရာ ထူးခြားတာ လုပ်နိုင်မှာပါ။ နည်းပြ Alejandro Sabella ကတော့ ဆုံးဖြတ်ရမှာပါ။ ကျွန်တော်တို့ တိုက်စစ်မှာ ပြဿနာမရှိသလိုတော့ ဟန်မဆောင်ချင်ပါဘူး။ ဒါကြောင့် နောက်တန်းကို Martin Demichelis အပါအ၀င် အရည်အချင်းရှိ အတွေ့အကြုံများသူတွေနဲ့ ဖွဲ့စည်းခဲ့ရင် အကောင်းဆုံး အသင်း ဖြစ်မှာပါ။ ကျွန်တော်တို့ဟာ တောင့်တင်းတဲ့အသင်းဖြစ်လို့ ညီညီညွတ်ညွတ် ကစားနိုင်ရင် အောင်ပွဲတွေရမှာ မလွဲပါဘူး။
ဒါက ကျွန်တော်တို့ မျှော်လင့်သင့်တဲ့ အရာပဲ ဖြစ်လို့ပါ။
အုပ်စု F မှာ ဘော့စနီးယား၊ ဟာဇီဂိုဗီနာ၊ အီရန်၊ နိုင်ဂျီးရီးယား တို့နဲ့ ယှဉ်ပြိုင်ရမယ့် အာဂျင်တီးနားက သူတို့အတွက် မျှတတဲ့ အုပ်စုလို့ ဆိုပါတယ်။ တစ်ခြားအုပ်စုတွေလို စိုးရိမ်စရာ မရှိဘူးပေါ့၊ ဒါပေမဲ့ ကျွန်တော် အမြဲပြောခဲ့သလို ပြိုင်ဖက်အသင်းကို မလေးမစား ပေါ့ပေါ့တန်တန် ကစားဖို့ ဆိုလိုရင်း မဟုတ်ပါဘူး။ ဇာတ်စင်မြင့်မှာလည်း ဘယ်သူမဆို အလွယ်တကူ အထုတ်ခံရနိုင်တယ်၊ ကစားသမားတွေအနေနဲ့ သတိထားဖို့ အကောင်းဆုံး ကစားဖို့ လိုတယ်။ သူတို့ဟာ အနိုင်ရဖို့ ဦးတည်ပြီး အုပ်စုဗိုလ်ဖြစ်ဖို့၊ နောက်အဆင့်တက်ဖို့က ပထမအဆင့်မှာကတည်းက ရှင်သန်နေဖို့ လိုအပ်တယ်။
မက်ဆီ အကောင်းဆုံး အနေအထား ပြန်ရပြီလား
မက်ဆီအကြောင်းဘက် ဦးတည်လိုက်တော့ သည်အကြိမ်က သူ့အနေနဲ့ ကမ္ဘာ့ဖလားပွဲမှာ တတိယအကြိမ်မြောက် ပါဝင်ခြင်း ဖြစ်တဲ့အပြင် ဘရာဇီးမြေမှာ အသင်းခေါင်းဆောင် လက်ပတ်ကို ပတ်မယ့်သူလည်း ဖြစ်တယ်။ ဘာစီလိုနာ ဆူပါစတားဟာ ၂၀၁၀ တုန်းက တောင်အာဖရိကမှာ ဂိုးပေါက် ပျောက်နေခဲ့ပြီး အချို့ကတော့ ယခုအကြိမ်မှာပါ ထပ်ဖြစ်မှာ စိုးရိမ်နေကြပါတယ်။ Ardiles ကတော့ မက်ဆီဟာ သမိုင်းတစ်လျှောက် ကစားခဲ့တဲ့သူတွေထဲက အကောင်းဆုံး ၅ ယောက်ထဲက တစ်ယောက်ပါ။ သူဟာ ရည်မှန်းချက်ကြီးပြီး ကစားပွဲထဲမှာ သူဘာလုပ်မယ်ဆိုတာ သင့်အနေနဲ့ ဘယ်တော့မှ ခန့်မှန်းနိုင်မှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။
သည်တစ်ကြိမ်မှာတော့ မက်ဆီဟာ ကျွန်တော်တို့ မျှော်လင့်ချက်ကို ပေးစွမ်းမယ့်သူပါ၊ သေချာပါတယ်လို့ Ardiles က ယုံကြည်နေပါတယ်။ သူဟာ ထူးခြားတဲ့၊ အရည်အချင်းရှိတဲ့ ကစားသမားဖြစ်တဲ့အပြင် တာဝန်ယူမှုတွေ ပခုံးထမ်းထားတဲ့ တောက်ပတဲ့ ကစားသမားပါ။ သူဟာ ကျွန်တော်တို့ရဲ့ အဓိက ဂိုးသွင်းဘုရင်၊ ပြီးတော့ ဆုံးဖြတ်ချက်ခိုင်မာတဲ့ ကစားသမားပါ။
ပြီးခဲ့တဲ့ ဘောလုံးရာသီတစ်ဝက်လောက်က သူဟာ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရပြီး ရာသီနောက်ပိုင်းမှ ပြန်ကစားခွင့်ရခဲ့တာပါ။ သူ့အခြေအနေ တဖြည်းဖြည်း ပိုကောင်းလာတာ ကျွန်တော်တို့ တွေ့တာပဲ။ သူဟာ တစ်ဦးချင်းအနေနဲ့ရော အသင်းနဲ့ပါ အံ့သြစရာ အရည်အသွေးတွေနဲ့ ကစားသွားမယ်လို့ ကျွန်တော်ကတော့ ခန့်မှန်းထားပါတယ်။
မက်ဆီကို မာရာဒိုနာနဲ့ နှိုင်းယှဉ်နိုင်သလား ဆိုတဲ့အမေးကိုတော့ မက်ဆီဟာ ဘယ်ကစားသမားနဲ့မှ နှိုင်းယှဉ်ဖို့ မလိုအပ်ပါဘူး။ ကစားသမားတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်ဟန်နဲ့ စတိုင်ရှိကြတာချည်းပါပဲ။ ကျွန်တော့အမြင်ကတော့ မက်ဆီဟာ နှိုင်းယှဉ်ဖို့ မလိုတဲ့ ကစားသမားပါ။ သာမန်ထက်ပိုတဲ့ စွမ်းရည်၊ ဗျူဟာမြောက်ချဉ်းကပ်မှုနဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဆိုတာ သေချာနေပြီးသားပါ။ မက်ဆီဟာ အကောင်းဆုံးကစားသမားဆိုတာ သက်သေပြဖို့ ကမ္ဘာ့ဖလားမှာ အနိုင်ရဖို့ မလိုပါဘူး။ ဒါက လွန်ခဲ့တဲ့ နှစ်တွေ ကတည်းက ထင်ရှားပြီးသားပဲလေ လို့ သူက ဆိုထားပါတယ်။
ယုံကြည်ကြစို့
ကျွန်တော်ကတော့ အားသာချက်တွေ အများကြီးရှိတဲ့ အာဂျင်တီးနားဟာ ကမ္ဘာ့ဖလား ရနိုင်တဲ့ အသင်းဆိုတာ လောင်းရဲပါတယ်။ ဖိုင်နယ်မှာတော့ ဘရာဇီးနဲ့ ပြဇာတ်ဆန်ဆန်လေး ရင်ဆိုင်ရလိမ့်မယ်။ ဒါတောင်မှ အင်အားကြီးအသင်းတွေဖြစ်တဲ့ စပိန်၊ ဂျာမနီ၊ အီတလီနဲ့ အင်္ဂလန်တို့ဟာလည်း အဓိက ကစားကြမယ့် အသင်းတွေပဲလို့ ပြောရင်း အင်တာဗျူးကို အဆုံးသတ်ခဲ့ပါတယ်။
လာလေယောင်း
https://www.facebook.com/footballcafe.mm
0 comments:
Post a Comment