ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် KNU ကရင် အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုး ခေါင်းဆောင်သော အဖွဲ့အား ယနေ့ညနေ (၄) နာရီခွဲတွင် နေပြည်တော်ရှိ တောင်သူပညာပေး စက်မှုလယ်ယာ စံပြစိုက်ခင်း ဧက (၅၀၀) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။ယင်းသို့တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးခင်ရီ၊ ဦးခင်မောင်စိုး၊ ဒုတိယဝန်ကြီး ဦးရဲထွဋ်နှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC) မှ အထူးအကြံပေး ပုဂ္ဂိုလ်များ တက်ရောက်ကြပြီး KNU ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌနှင့်အတူ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ ဖြစ်ကြသည့် စောရော်ဂျာခင်၊ ပဒိုမန်းငြိမ်းမောင်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးအဆင့်ရှိ စောဂျော်နီ၊ KNU ဥက္ကဋ္ဌ၏ နိုင်ငံရေးနှင့် စစ်ရေး အကြံပေး စောတူးတူးလေးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ KNU ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ စောတူးတူးလေး နှင့် ပဒိုမန်း ငြိမ်းမောင်တို့က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ရေး အတွက် လက်ရှိဆောင်ရွက်နေမှု အခြေအနေများ၊ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ် ရေးထိုးပြီးပါက နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ဆောင်ရွက် နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်သင့်သည့် လုပ်ငန်းများ၊ နိုင်ငံတော်သမ္မတ၏ မေလ ၃၁ ရက်နေ့ ရေဒီယိုမိန့်ခွန်းတွင် ပြောကြားခဲ့သည့် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်နှင့်ပတ်သက်သည့် အချက်များအပေါ် KNU အဖွဲ့က အပြည့်အဝ သဘောတူပြီး ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေတို့ကို ဆွေးနွေး ပြောကြားကြသည်။
တိုင်းပြည်တည်ငြိမ် အေးချမ်းရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးသည် ပြည်သူအားလုံး ၏ ဆန္ဒဖြစ်ပါကြောင်း၊ ပြည်သူများ၏ လိုအင်ဆန္ဒ ပြည့်ဝရေးအတွက် ငြိမ်းချမ်းရေး ကိစ္စကို မိမိတို့ အလေးထား၍ ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် မိမိတို့ အစိုးရ အဖွဲ့နှင့်အတူ လက်တွဲပြီး တက်တက်ကြွကြွ ဆောင်ရွက်နေကြသည့် KNU အဖွဲ့မှ ခေါင်းဆောင်များကို မိမိအနေဖြင့် လေးစားဂုဏ်ယူ ပါကြောင်းကို အသိပေးပြောကြား လိုပါကြောင်း။
ယနေ့ မိမိတို့ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်နေမှုများသည် အမျိုးသား အကျိုးစီးပွား အတွက် အမျိုးသားရေး တာဝန်တစ်ရပ်ကို ဆောင်ရွက်နေခြင်းဖြစ်ပြီး မည်သူ့ကိုမျှ သာစေ၊ နာစေ သဘောမျိုးမထားဘဲ မိမိတို့ ၏ သားသမီးမြေးမြစ် မျိုးဆက်သစ် လူငယ်များအတွက် တည်ငြိမ်အေးချမ်းသည့် အနာဂတ်ကို အမွေခံကောင်းအဖြစ် ဖန်တီးပေးနေကြခြင်း ဖြစ်ပါ ကြောင်း၊ မိမိတို့ တိုင်းရင်းသားအားလုံး တစ်မြေတည်းနေ တစ်ရေတည်းသောက် သူများ ဖြစ်ကြပြီး အေးအတူပူအမျှ ကောင်းကျိုးဆိုးကျိုးကို မျှဝေခံစားကြမည် ဆိုသည့် ပြည်ထောင်စု စိတ်ဓာတ်အရင်းခံဖြင့် ကြိုးပမ်းဆောင်ရွက်လျှင် ပြည်သူများ လိုလားနေသည့် ငြိမ်းချမ်း ရေးသည် မလွဲမသွေ ရရှိမည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း။
မျက်မှောက် ကာလတွင် နိုင်ငံအများအပြားသည် မိမိတို့နိုင်ငံ အကျိုးစီးပွားအတွက် အပြိုင်အဆိုင် ကြိုးပမ်း ဆောင်ရွက် နေသည်ကို တွေ့မြင်ကြရမည် ဖြစ်ပါကြောင်း၊ ယင်းသို့ ကြိုးပမ်း ဆောင်ရွက်ရာတွင် တည်ငြိမ် အေးချမ်းမှုရှိသည့် နိုင်ငံများသည် အလျင်အမြန် ဖွံ့ဖြိုးတိုးတက်ပြီး ယင်းဖွံ့ဖြိုးတိုးတက်မှု၏ အသီးအပွင့်များကို ပြည်သူများ လျင်လျင် မြန်မြန်ဖြင့် မျှဝေခံစား နေကြရသည်ကို တွေ့မြင်ကြရမည် ဖြစ်ပါကြောင်း၊ အလားတူ တည်ငြိမ်အေးချမ်းမှု မရှိသည့် နိုင်ငံများတွင်မူ ပြည်သူများ ဒုက္ခပင်လယ်ဝေနေပြီး နေ့စဉ်နှင့်အမျှ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးနေသည်ကိုလည်း တွေ့မြင်ကြရမည် ဖြစ်ပါကြောင်း၊ ဤအနိဌာရုံ မြင်ကွင်းများကို မိမိတို့ သင်ခန်းစာ ယူကြရမည် ဖြစ်ပါကြောင်း။
အချင်းချင်း ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲနိုင်သည်နှင့်အမျှ တူညီသည်များကို လက်တွဲ ပူးပေါင်း ဆောင်ရွက်နိုင်ကြမည်ဖြစ်ပြီး မတူညီသည်များကိုလည်း စားပွဲဝိုင်းတွင် အေးအေး ချမ်းချမ်းဖြင့် တွေ့ဆုံဆွေးနွေးနိုင်ကြမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသည် ပထမဆုံး အရေးတကြီး ဆောင်ရွက်ကြရမည့် ကိစ္စရပ်ဖြစ်ပါကြောင်း။
နှစ်ပေါင်းကြာရှည်စွာ အမြစ်တွယ်ခဲ့ကြသည့် အစွဲအလန်းများ၊ ယုံကြည်ချက်၊ ခံယူချက် များကို ချက်ချင်း တစ်သားတည်း ဖြစ်လာနိုင်ရန် မလွယ်ကူသည်ကို အားလုံးသိရှိ ကြပါ ကြောင်း၊ သို့သော် စိတ်ရှည်ခြင်း၊ သည်းခံခြင်း၊ သဘောထားကြီးခြင်းတို့အပေါ် အခြေခံပြီး ဆွေးနွေးအဖြေရှာသွားကြရမည် ဖြစ်ပါကြောင်း။
မိမိတို့၏ ငြိမ်းချမ်းရေး ခရီးစဉ်သည် ခရီးတစ်ခုကို ရောက်ရှိနေပြီ ဖြစ်ပါကြောင်း၊ နောက်ကြောင်းကို ပြန်မကြည့်ဘဲ ခရီးဆုံးရောက်သည်အထိ ဇွဲသတ္တိရှိရှိဖြင့် အတူတကွ လက်တွဲပြီး ရှေ့ကို ဆက်လှမ်းကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့၏ ကြိုးပမ်းမှု၊ ပြည်သူ များ၏ ထောက်ခံအားပေးမှုကြောင့် အခက်အခဲများကို ကျော်လွှားပြီး ခရီးဆုံးအထိ ဆက်လက် ချီတက် သွားကြရန် မိမိအနေဖြင့် တိုက်တွန်းလိုပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသူများက ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲ အပြီးတွင် နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များ၊ KNU ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
president-office.gov.mm
0 comments:
Post a Comment