Thursday, August 21, 2014

သမ္မတကို ဆန္ဒပြသော သတင်းထောက်များအမှု အစိုးရရုပ်သိမ်း


သတင်းသမားများ ဆန္ဒဖော်ထုတ်နေစဉ် (ဓာတ်ပုံ −နစ်ကီ)


သမ္မတဦးသိန်းစိန်ကို ဆန္ဒပြခဲ့သည့် သတင်းထောက် များအား ကမာရွတ်မြို့နယ် ရဲစခန်းက ပုဒ်မ ၁၈ ဖြင့် အရေးယူထားမှုကို ပယ်ဖျက်လိုက်ပြီဖြစ် ကြောင်း ကမာရွတ်မြို့နယ် ရဲတပ် ဖွဲ့မှူး ဒုရဲမှူး မောင်မောင်ဦးက ပြောကြားသည်။

သမ္မတ ဦးသိန်းစိန်အား ဆန္ဒပြမှုကြောင့် သတင်းထောက် ၅၀ ခန့်ကို ကမာရွတ်မြို့နယ် ရဲစခန်းက ပုဒ်မ ၁၈ ဖြင့် အရေးယူထားသည်ဟု ဇူလိုင်လအတွင်းက ပြောကြားထားသည်။
‘‘ဆန္ဒပြတဲ့ သတင်းထောက် တွေကို အရေးယူထားတာ မရှိ တော့ပါဘူး။ ပယ်ဖျက်လိုက်ပါပြီ။ ဘာကြောင့် ပယ်ဖျက်လိုက်တယ် ဆိုတာ လုပ်ထုံးလုပ်နည်းအရ ပြောလို့ မရပါဘူး။ သတင်း ထောက်တွေကို အရေးယူထား တာ မရှိတော့ပါဘူး’’ ဟု ဒုရဲမှူး မောင်မောင်ဦးက 7Day သတင်း စာသို့ အတည်ပြုပြောသည်။

ဇူလိုင် ၁၂ ရက်တွင် MPC၌ အနုပညာရှင်များနှင့် သမ္မတ တွေ့ဆုံသောပွဲ၌ သတင်းထောက်အများစုက ၀င်ရောက်သတင်းယူခြင်းမပြုလုပ်ဘဲ MPC ခန်းမရှေ့၌ ရပ်နေကြသည်။ ထိုအချိန်တွင် သတင်းထောက် ၂၀ ခန့်က ‘‘မီဒီယာဖိနှိပ်မှုရပ်’’စာတန်း ပါ အင်္ကျီများဝတ်ဆင်၍ သတင်း ယူရန် လာရောက်သောကြောင့် ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့စခန်း မှူး မောင်မောင်ဦးက အဆိုပါ သတင်းထောက်များကို MPC ရှိရာရွှေလီလမ်းထဲသို့ ၀င်ရောက်ခွင့် မပေးဘဲ တားဆီးခဲ့သည်။ ထိုသို့ တားဆီးခဲ့သောကြောင့် ၎င်း သတင်းထောက်များက ပါးစပ် တွင် တိပ်အမည်းများ ကြက်ခြေ ခတ်ကပ်၍ ကင်မရာများအောက်ချကာ ငြိမ်သက်စွာ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

7Day Daily

0 comments:

Post a Comment