Thursday, August 21, 2014

"အိမ်ထောင်ပြုမည့် သူများအတွက်" ပါသုံးပါ ချာသုံးချာ ကွာသုံးကွာ ရှင်းတမ်း

အိမ်ထောင်ပြု၊ ဘုရားတည်၊ ဆေးမှင်ရည်စုတ်ထိုး ဤသုံးမျိုး ချက်မပိုင် နောက်ပြင်ရန်ခက်” ဆိုတဲ့ ရှေးပညာရှိများ ဆိုထားခဲ့တဲ့ အသိပေးဆုံးမစာရှိခဲ့ပါတယ်။ အရွယ်ရောက်လာ သူတိုင်း (အပျိုကြီး လူပျိုးကြီးမပါ) အိမ်ထောင်ပြုကြမှာပါ။ အိမ်ထောင်ပြုတဲ့အခါမှာလည်း မိဘပေးစားလို့ အိမ်ထောင်ပြုခြင်း၊ ကိုယ်အချင်းချင်း မေတ္တာ မျှလို့ အိမ်ထောင်ပြုခြင်း နှစ်မျိုးရှိပါတယ်။ မိဘပေးစားလို့ အိမ်ထောင်ပြုခြင်းမှာ မိဘမှာတာဝန်ကြီးပြီး သားသမီးများမှာ တာဝန်ပေါ့ပါတယ်။ သားသမီးတွေ သူတို့အချင်းချင်း မေတ္တာမျှလို့ အိမ်ထောင်ပြုခြင်းမှာတော့ သားသမီးများမှာ တာဝန်ကြီးပြီး မိဘများမှာ တာဝန်ပေါ့တတ်ကြပါတယ်။ ဘယ်လိုနည်းနဲ့ အိမ်ထောင်ပြုပြု အထူးဆင်ခြင်သင့်၊ အထူးရှောင်ရှားသင့်သည့် ပါသုံးပါ၊ ချာသုံးချာ၊ ကွာသုံးကွာကိုတော့ ရှောင်ရှားရမည်ဟု သတိပေးချင်တာပါ။ ဘာလို့လဲဆိုတော့ အိမ်ထောင်ပြုတဲ့အလုပ်ဟာ ကလေးကစားစရာလို မလေးမစားမလုပ်သင့်လို့ပါ။ ကလေးကစားစရာလို မလေးမစားလုပ်မိလျှင် အိမ်ထောင်ရေး လမ်းကြောင်းဟာ သာယာဖြောင့်ဖြူးမှုမရှိနိုင်ပါဘူး။ စိတ်ညစ်စရာတစ်ပုံတစ်ပင်နှင့် ဘဝရေအလျဉ်မှာ ဓားပြအမေလင်လို သူကြီးလည်းမတိုင်ဝံ့၊ အမေ့လည်း မပြောရဲနဲ့ ဘဝနိဂုံး စုန်းစုန်းမြုပ်သည်အထိ အခြေအနေဆိုးသွားနိုင်လို့ပါ။ ပါသုံးပါဆိုတာ

၁။ အနာရောဂါပါလာသူပါ။ ထိုသူမျိုးကို အိမ်ထောင်ဘက်ရွေးလိုက်ရင် သူ့အတွက်ဆေးကုပေးရပါမယ်။ ဓာတ်စာကောင်းကောင်းကျွေးရပါမယ်။ တိုင်းရင်းဆေး၊ နိုင်ငံခြားဆေးအမျိုးမျိုးနဲ့ ကုသပေးရပါမယ်။ ဒါဆိုရင် ဆေးကုနေတာနဲ့တင် စီးပွားရေး ကောင်းကောင်းမလုပ်နိုင်တော့ဘဲ စီးပွားရေးနယ်ပယ်မှာ လူလုံးမလှ အပူလုံးကြွစေပြီး အိမ်ထောင်ရေးလောကမှာလည်း ချမ်းသာမှုဆိုတာ ဗလာနတ္ထိဖြစ်သွားနိုင်ပါတယ်။


၂။ စားမည့်လူပိုပါလာသူ။ ထိုသူမျိုးကို အိမ်ထောင်ဘက်ရွေးလိုက်ပြန်လျှင်လည်း အဆင်မပြေနိုင်ပါဘူး။ စီးပွားရေးနယ်ပယ်မှာ စားရိတ်စားခကြီးမားပါမယ်။ ထို့ပြင် မိမိအိမ်သူနှင့် အဆင်မပြေပြန်လျှင်လည်း လူမှုရေးအခြေအနေမကောင်းနိုင်ပါဘူး။ လူမှုရေးအခြေအနေမကောင်းရင်တော့ ထိုနှင့်ဆက်နွယ်နေတဲ့ အိမ်ထောင်ရေးလည်း မသာယာနိုင်တော့ပါဘူး။၃။ အကြွေးပါလာသူ။ ထိုသူနှင့်အိမ်ထောင်ပြန်ရင်လည်း သူ့အကြွေးကိုကိုယ်က စိုက်ဆပ်ပေးရမှာပါ။ အိမ်ထောင်ပြုခါစအနေဖြင့် ထိုထိုကိစ္စများကိုဆောင်ရွတ်နေရမည် ဆိုပါလျှင် အလုပ်အကိုင်ပျက်မယ်။ ငွေကြေးကုန်ကျမှုများမယ်။ စီးပွားရေးနောက်ကျမယ်။ အလုပ်အကိုင်က တစ်ရာ့ကိုး တစ်ရာ့တစ်ဆယ် ဓားပြသူခိုးဘဝရယ် လို့ဆိုသလိုမျိုး ဘာတစ်ခုမှ မယ်မယ်ရရ မလုပ်ကိုင်နိုင်တော့ဘဲ ဆင်းရဲဒုက္ခများနှင့်ကြုံမှာဖြစ်လို့ ထို…ပါသုံးပါကို ဦးစွာ ရှောင်ကြဉ်ရမည်ဖြစ်ပေသည်။ နောက် ချာသုံးချာပါ။

၁။ စာရိတ္တနုံချာသူနဲ့ အိမ်ထောင်ပြုလိုက်မယ်ဆိုရင် အိမ်ထောင်ရေးအဆင်မပြေနိုင်ပါဘူး။ ဆင်းရဲဒုက္ခမျိုးစုံကြုံတွေ့ရနိုင်ပါတယ်။ အများရဲ့ မယုံကြည်မှု၊ အထင်သေးမှု၊ အမြင်သေးမှုနဲ့ ရွံမုန်းခြင်းကိုပါပစ္စုပ္ဗန်မှာခံရနိုင်သလို တမလွန်လောကရောက်သွားရင်လည်း ကောင်းရာသုဂတိမလားနိုင်ပါ။ အကြောင်းမူ ကိုယ်ကျင့်သီလ အကျင့်စာရိတ္တဆိုတာ လူသားတို့အတွက် သိပ်ကိုအရေးကြီးပါတယ်။ ထိုကိုယ်ကျင့်သီလပျက်ပြားသွားရင် ပစ္စုပ္ဗန်မှာလည်းဆိုကျိုး တမလွန်မှာလည်းဆိုးကျိုး အမျိုးမျိုးကို ကြုံတွေ့ရမည်သာ။
၂။အသိဥာဏ်နုံချာသူနှင့် အိမ်ထောင်ပြုမည်ဆိုပါကလည်း စဉ်းစားတွေးခေါ်နိုင်တဲ့ အသိဥာဏ်ကင်းနေသူအနေဖြင့် စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ အိမ်ထောင်ရေးမှာ တိုးတက်အောင် မကြံစည်နိုင်၊ မဆောင်ရွတ်နိုင်တော့ပါ။ အကောင်းအဆိုး အကြောင်းအကျိုး မစဉ်းစားတတ်တော့ဘဲ သူများပြောတာကို ခေါင်းညိတ်ရုံသက်သက် ဘဝမျိုးဖြင့် အဆုံးအသတ်မလှဖြစ်ရတတ်ပါတယ်။
၃။ ဘဝပေးနုံချာသူဆိုတာကတော့ မွေတည်းက မျက်လုံးကန်းသူ၊ ခြေပြတ်လက်ပြတ်။ စွံ့အ နားမကြားသူများဖြစ်တဲ့သူကိုဆိုလိုခြင်းဖြစ်ပါတယ်။ တစ်ချို့ကလည်း ဖူးစာလိုပြောမလား၊ သနားလို့ပြောမလား အိမ်ထောင်ဘက်ရွေးတာမျိုးလည်း ရှိနေပါတယ်။ ကိုယ်ထင် ခုတင်ရွှေနန်းဆိုသလိုပေါ့ လက်တွဲတာမျိုးရှိပါတယ်။ အိမ်ထောင်ရေး သာယာသလား။ မသာယာဘူးလား၊ နေနှင့်လ ရွှေနှင့်မြဖြစ်- မဖြစ်တော့ စဉ်းစားကြပေါ့။ ဒါကြောင့် ဒီချာသုံးချာကိုလည်း အိမ်ထောင်ဖက် ရွေးတဲ့အခါ ရှောင်ရှားရမှာဖြစ်ပါတယ်။

ကွာသုံးကွာဆိုတာရှိပါသေးတယ်။ ဒါကတော့ အလွန့်ကိုအရေးကြီးပါတယ်။
၁။ ဘာသာကွာသူ- ကိုယ်က ဗုဒ္ဓဘာသာ၊ အိမ်ထောင်ဘက်က ဘာသာခြားဖြစ်နေမယ် ဆိုရင် အိမ်ထောင်ရေး အဆင်မပြေဖြစ်ပါမယ်။ ဘာလို့လဲဆိုတော့ ကိုယ်ကဗုဒ္ဓဘာသာဖြစ်သည့်အားလျော်စွာ ဒါန၊ သီလ၊ သမထ၊ ဝိပဿနာတရားများကို ကျင့်ကြံနေတဲ့ အယူမှန် သမ္မာဒိဌိကသူဖြစ်လင့်ကစား ထိုကောင်းမှုများကိုပြုလုပ်ခြင်း၊ ဘိုးဘွားအမွေအနှစ်များထိန်းသိမ်းသည့်အနေဖြင့် ရှင်ပြု ရဟန်းခံစတဲ့ကိစ္စများပြုလုပ်ခြင်း ဒီအမှုတွေဟာ အိမ်ထောင်ဘက်ဘာသာခြားလက်ထက်မှာ လုပ်ကိုင်ဆောင်ရွတ်နိုင်ခြင်း မရှိနိုင်လို့ပါ။ ဒီလိုဆောင်ရွတ်နိုင်ခြင်းမရှိတော့ဘူးဆိုရင် ကိုယ့်အနေနဲ့ ဘာသာပျောက်မယ်။ သာသနာကွယ်မယ်။ အရှုံးကြီး ရှုံးမယ်။ ဘယ်လိုမှ အဆင်မပြေနိုင်တော့ပါ။ အိမ်ထောင်ရေးမသာယာသည့်အပြင် ပြဿနာမျိုးစုံတက်ကာ ကိုယ့်ဘက်ကအစားထိုးမရတဲ့ ဆုံးရှုံးမှုများ ကြုံတွေ့ရမှာဖြစ်ပါတယ်။ ဘာသာခြားအင်အားတိုးပွားအောင် အားပေးသလိုဖြစ်ပြီး ကိုယ့်ဘာသာအင်အား အားနည်းအောင်လုပ်ရာရောက်ပါတယ်။
၂။ လူမျိုးကွာသူ-လူမျိုးုခြား ဘာသာခြားကို ယူတဲ့မိန်းကလေးဟာ ကိုယ်မွေးတဲ့ သားသမီးက လူမျိုးခြား ဘာသာခြားစိတ်ဓာတ်ပေါက်သွားရင် လူမျိုးတဖြည်းဖြည်း တုံးပြီး ကွယ်ပျောက်သွားနိုင်ပါတယ်။
၃။ စိတ်ဓာတ်ကွာသူ၊နှင့် ပေါင်းသင်းဆက်ဆံမည်ဆိုပါလျှင်လည်း ကိုယ်က လှူချင် တန်းချင် သီလစောင့်ထိန်း တရားအားထုတ်ချင်စိတ်ဖြစ်နေသော်လည်း အိမ်ထောင်ဘက်က ထိုစိတ်ထားမရှိရင်တော့ ထိုကုသိုလ်များကို လုပ်ကိုင်နိုင်ခွင့်မရှိတော့ပါ။ ကုသိုလ်အလုပ်များ လုပ်လို့မရတော့ဘူးဆိုရင် တမလွန်ဘဝ အတွက်လည်း အာမခံချက်မရှိတော့ပါ။ လက်ရှိဘဝမှာလည်း ဘယ်လိုမှ စိတ်မချမ်းသာတော့ပါ။ ဒါကြောင့် ထိုကွာသုံးကွာကိုလည်း အိမ်ထောင်ဘက် မရွေးချယ်မိဖို့ လိုအပ်လှကြောင်း အသိပေးလိုက်ပါသည်။


အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
ဝီရဓမ္မ

0 comments:

Post a Comment