Thursday, August 21, 2014

စိန်ခေါ်မှုများ ကျန်နေသော်လည်း သမိုင်းဝင်ငြိမ်းချမ်းရေး နေ့စွဲနီးပြီ



UPWC နှင့် NCCT မှ တာဝန်ရှိသူများ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး တစ်ခုတည်းသော စာချုပ် (မူကြမ်း) အတွက် ရင်းနှီးစွာ ဆွေးနွေးနေကြစဉ် (ဓာတ်ပုံ- MPC)

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကြား ပဉ္စမ အကြိမ် တရားဝင်တွေ့ဆုံခဲ့သော တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာဆွေးနွေးပွဲအပြီးတွင် ကိုးဆယ်ရာခိုင်နှုန်းကျော် သဘောတူညီမှုရရှိခဲ့သော်လည်း အခက်အခဲဖြစ်စေနိုင်မည့် အချက်အချို့ကျန်ရှိနေဆဲဖြစ်သည်။


(ဓာတ်ပုံ- MPC)

ငြိမ်းချမ်းရေးအတွက် တိကျ ထင်ရှားသည့် ရလဒ်တစ်စုံတစ်ရာ ထွက်ပေါ်မည်ဟု မျှော်လင့်ထားကြသော ပြည်ထောင်စုငြိမ်းချမ်း ရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ(UPWC) နှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (NCCT)တို့သည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(မူကြမ်း) အတွက်ဆွေးနွေးပွဲကို သြဂုတ် ၁၅ ရက်မှစတင်၍ သုံးရက်ကြာပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဆွေးနွေးပွဲမှာ UPWC နှင့် NCCT တို့ကြားအလွတ်သဘောတွေ့ဆုံဆွေးနွေးမှုများမပါဘဲ တစ်ခုတည်းသော အပစ်ရပ်စဲရေးစာချုပ်ရေးဆွဲရန် ငါးကြိမ်မြောက် တွေ့ဆုံဆွေးနွေးခြင်းဖြစ်သည်။

ယင်းမတိုင်မီ သြဂုတ် ၃ ရက်တွင် မြစ်ကြီးနားမြို့၌ နှစ် ဖက်အလွတ်သဘောတွေ့ဆုံညှိ နှိုင်းခဲ့ကြသည်။ မြစ်ကြီးနားတွေ့ ဆုံပွဲအပြီးတွင် နှစ်ဖက်ပြောရေး ဆိုခွင့်ရှိသူများက သြဂုတ်လလယ်ဆွေးနွေးပွဲ၌ စာချုပ်မူကြမ်းကို အနိမ့်ဆုံး ၉၀ ရာခိုင်နှုန်းခန့် အချောသပ်နိုင်ပြီး စက်တင်ဘာ လကုန်တွင်အပြီးသတ်လက်မှတ် ရေးထိုးနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော ဆွေးနွေးပွဲသို့ အစိုးရဘက်မှ UPWC ဒုဥက္ကဋ္ဌ ဦးအောင်မင်းဦး ဆောင်ပြီး တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီးအဆင့် သုံးဦးတက်ရောက်ခဲ့သည်။ NCCT ဘက်မှ အဖွဲ့ခေါင်းဆောင်နိုင်ဟံသာ၊ ဒုတိယအဖွဲ့ခေါင်းဆောင် ဖဒို စောကွယ်ထူးဝင်းနှင့် ဗိုလ်ချုပ် ဂွန်မော်တို့ ဦးဆောင်တက်ရောက် ခဲ့ကြသည်။


(ဓာတ်ပုံ- MPC)

ဆွေးနွေးပွဲပထမရက်အပြီး တွင် ငြိမ်းချမ်းရေးအတွက် မျှော် လင့်ချက်ရောင်ခြည်များကို စတင်မြင်တွေ့ခဲ့ရသည်။ တိုင်းရင်း သားများဘက်မှ အဓိကအရေး အကြီးဆုံးတောင်းဆိုချက်အခြေခံ မူဖြစ်သည့် ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ် ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံသည့် ဖက်ဒရယ်မူကို အစိုးရဘက်မှ လက်ခံခဲ့ကြောင်း နှစ်ဖက်ကိုယ် စားလှယ်အချို့နှင့် ပြောရေးဆိုခွင့်ရှိသူများကဆိုသည်။ အစိုးရက ဖက်ဒရယ်အခြေခံပြည်ထောင်စု စနစ်ဟုလက်ခံခဲ့ခြင်းဖြစ်ပြီး အ သေးစိတ်အချက်များကို နိုင်ငံရေး ဆွေးနွေးပွဲများတွင် ဆက်လက် ညှိနှိုင်းရမည်ဖြစ်ကြောင်း တိုင်းရင်းသား ကိုယ်စားလှယ် အချို့ကပြောသည်။

တိုင်းရင်းသားများဘက်က လည်း ယခင်ကညှိနှိုင်းရာတွင် ခက်ခဲနေသည့် ‘‘တော်လှန်ရေး’’ ဆိုသည့် အသုံးအနှုန်းကို ခေါင်း စဉ်တွင် မထည့်သွင်းဘဲအတွင်း စာသား၌သာ ထည့်သွင်းရန်၊ အစိုးရဘက်မှ အဆိုပြုသော တို့တာဝန်အရေးသုံးပါးကို မူအား ဖြင့် လက်ခံရန် အပြန်အလှန် အလျှော့ပေးခဲ့ကြသည်။

တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးသဘောတူညီချက် စာ ချုပ်(ဒုတိယမူကြမ်း)တွင် အချက် ၁၂၂ ချက်ပါဝင်ပြီး ယင်းအထဲမှ အချက် ၃၁ ချက်ကို ညှိနှိုင်းရန် ကျန်ရှိနေခြင်းဖြစ်သည်။ ယခု ဆွေးနွေးပွဲအပြီးတွင် ၂၇ ချက်ကို နှစ်ဖက်ညှိနှိုင်းနိုင်ခဲ့ပြီး အချက် ၄ ချက်သာ ဆွေးနွေးရန် ကျန်တော့ သည်။

ယင်းအချက်များမှာ အခန်း (၂) ဦးတည်ချက်နှင့် ရည်ရွယ် ချက်၊ အခန်း (၃) ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးဆိုင်ရာ၊ အခန်း (၅) နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ အာမခံချက်များနှင့် အခန်း (၆) ဆက်လက် ဆောင်ရွက်ရမည့် ကိစ္စရပ်များစသည့် အခန်းများမှ အချက်တစ်ချက်စီကျန်နေခြင်း ဖြစ်သည်။

ကျန်ရှိနေသော အဓိကကိစ္စ ရပ်များမှာ ကြားကာလတွင် တပ် များနေရာချထားရေး၊ နိုင်ငံရေး ဆွေးနွေးပွဲကို မည်သည့်ပုံစံဖြင့် ပြုလုပ်မည်ဆိုသည့် ကိစ္စရပ်များ ဖြစ်ကြောင်း NCCT ကိုယ်စား လှယ်အချို့ကပြောသည်။

ယခုဆွေးနွေးပွဲတွင် ၉၀ ရာ ခိုင်နှုန်းကျော်အောင်မြင်ခဲ့သော် လည်း အခက်အခဲဖြစ်စေနိုင် သည့်အချက်အချို့ကျန်ရှိသေးဆဲ ဖြစ်သည်။ ကျန်ရှိနေသော အချက်များထဲမှ တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးလက်မှတ်ရေးထိုး ရန် အဟန့်အတားဖြစ်စေနိုင်မည့် အချက်များနှင့် ပတ်သက်၍ NCCT အဖွဲ့ခေါင်းဆောင်နိုင်ဟံ သာက ယခုကဲ့သို့ ပြောသည်။

‘‘နိုင်ငံရေး ဆွေးနွေးတဲ့အခါ ကျရင် ဘယ်နှပွင့်ဆိုင်နဲ့ ဆွေးနွေးမလဲဆိုတာ ဒါကပြဿနာဖြစ်နိုင် တဲ့အချက်ဖြစ်တယ်’’ဟု နိုင်ဟံ သာကဆိုသည်။

အစိုးရဘက်က နိုင်ငံရေး ဆွေးနွေးပွဲများတွင် ရှစ်ပွင့်ဆိုင် ဆွေးနွေးရန် အဆိုပြုထားသည်။ ယင်းရှစ်ပွင့်ဆိုင်တွင် အစိုးရအဖွဲ့၊တပ်မတော်၊ လွှတ်တော်ကို အင် အားစု တစ်စုချင်းစီဖြင့် ပါဝင်ရန် အဆိုပြုထားခြင်းဖြစ်သည်။ တိုင်း ရင်းသားများဘက်ကမူ ယင်းအင် အားစုသုံးစုပေါင်း၍ အစိုးရကိုယ် စားပြုပါဝင်ရန် လိုလားခြင်းဖြစ် သည်။ ထို့အပြင်တိုင်းရင်းသား များဘက်က အစိုးရ၊ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့၊ နိုင်ငံ ရေးပါတီနှင့် အင်အားစုများပါ ၀င်၍ သုံးပွင့်ဆိုင်ဆွေးနွေးလိုခြင်း ဖြစ်သည်။

‘‘အစိုးရရော၊ လွှတ်တော် ရော၊ တပ်မတော်ရောတစ်ခု တည်းဖြစ်ဖို့မြင်တယ်။ ကျွန်တော် တို့ကလည်း တစ်စုတည်းဒါမှ တန်းတူညီမျှမှုရှိမယ်။ ဒါပေမဲ့ ဟိုဘက်က လက်မခံသေးဘူးဗျ’’ ဟု နိုင်ဟံသာကပြောသည်။

ထို့အပြင် အဓမ္မလူသစ်စု ဆောင်းခြင်းဟူသည့် အသုံးအနှုန်းအပါအ၀င် တပ်ပိုင်းဆိုင်ရာကိစ္စ ရပ်အချို့၊ ဖက်ဒရယ်နှင့် ပတ် သက်၍ အသေးစိတ်အချက်အ လက်များကိုလည်း ညှိနှိုင်းရန် လိုအပ်သေးကြောင်း NCCT ကိုယ်စားလှယ်အချို့ကဆိုသည်။

သြဂုတ် ၁၈ ရက် UPWC၊NCCT နှင့် နိုင်ငံရေးပါတီများ ပထမဆုံးပြုလုပ်သော သုံးပွင့်ဆိုင်ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ် ၀င်းက ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍ ယခုကဲ့သို့ အကြံပြု ပြောဆိုသည်။

‘‘ယုံကြည်မှုတည်ဆောက်ဖို့ လိုပါတယ်။ တိုင်းရင်းသားများရဲ့ Identity မပျောက်ဖို့ အရေးကြီး ပါတယ်။ နောက်တစ်ခုက ဖက်ဒ ရယ်ဆိုတာ ဖက်ဒရယ်လို့သက် သက်ပြောမယ့်အစား အသေးစိတ် ဘယ်လိုဖြစ်သင့်လဲဆိုတာ ဆွေး နွေးသွားဖို့လိုပါတယ်’’ဟု ပြော သည်။

လာမည့်ဆွေးနွေးပွဲတွင် ညှိ နှိုင်းရန် အချက်အနည်းငယ်သာ ကျန်ရှိနေသော်လည်း အဓိကကိစ္စ ရပ်များဖြစ်သည့် နိုင်ငံရေးဆွေး နွေးပွဲအစီအစဉ်၊ကြားကာလတပ် များ နေထိုင်ပုံစသည့်အချက်များ အပြင် စာချုပ်လက်မှတ်ရေးထိုး ရာတွင် မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့ အစည်းများပါဝင်မည်ဆိုသည့် အချက်များ ညှိနှိုင်းနိုင်ကာမှ နှစ် ၆၀ ကျော် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းနိုင်မည်ဖြစ် သည်။

ရာနှုန်းပြည့် မဟုတ်သော် လည်း တိုးတက်မှုများရရှိခဲ့သည့် သြဂုတ်လလယ်ဆွေးနွေးပွဲတွင် တပ်မတော်ထိပ်တန်းအရာရှိများ အပါအ၀င် နှစ်ဖက်ခေါင်းဆောင် များအကြား ယခင်ကထက် ပွင့် လင်းစွာ၊ ရင်းနှီးစွာ၊ စိုးရိမ်စိတ် နည်းပါးစွာဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်ကိုလည်း တွေ့ရသည်။

ထို့အပြင်စက်တင်ဘာလ ဆန်းတွင် ပြန်လည်တွေ့ဆုံဆွေး နွေးသွားရန် နှစ်ဖက်သဘောတူ ညီမှုရရှိခဲ့ပြီး အောက်တိုဘာလ ကုန်တွင် သမိုင်းဝင်တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘော တူညီချက်စာချုပ်ကို လက်မှတ် ရေးထိုးနိုင်မည်ဟု မျှော်လင့် ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်ကများ ဆိုသည်။

မကြာမီအချိန်တွင် တစ်နိုင် ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးကပါဝင်လက်မှတ်ရေးထိုးနိုင်တော့မည်ဟု မျှော်လင့်ကြောင်း ၀န်ကြီးဦးအောင်မင်းက သုံးပွင့်ဆိုင်တွေ့ဆုံပွဲတွင်ပြောကြားခဲ့သည်။

NCCT ဒုအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဂွန်မော်ကလည်း အပစ် ရပ်စာချုပ်မှ တစ်ဆင့် လာမည့် နိုင်ငံရေးဆွေးနွေးပွဲများတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အား လုံး၊ နိုင်ငံရေးပါတီနှင့် နိုင်ငံရေး အင်အားစုများ၊ ကျွမ်းကျင်ပညာ ရှင်များနှင့် ပြည်သူလူထုအားလုံး ပါဝင်နိုင်ရန် လိုအပ်ပြီး အပစ်ရပ် လက်မှတ်မရေးထိုးမီ စာချုပ်ကို ပြည်သူများသို့ ချပြရန်လည်း လို အပ်ကြောင်း ဆိုသည်။

‘‘NCA (တစ်နိုင်ငံလုံးအပစ် ရပ်စာချုပ်) လက်မှတ်ကို မရေး ထိုးမီသက်ဆိုင်ရာလူထုနဲ့ အဖွဲ့အစည်းအသီးသီး၊ နိုင်ငံရေးပါတီ များကို ချပြဖို့လိုတယ်’’ဟု ပြောသည်။

နှစ်ပေါင်း ၆၀ ကျော်ပြည် တွင်းလက်နက်ကိုင်ပဋိပက္ခချုပ် ငြိမ်း၍ စစ်မှန်သည့် ငြိမ်းချမ်း ရေးရရှိရန် ပြည်သူများနှင့် နိုင်ငံ တကာကပါ အစိုးရနှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များ၏ တွေ့ဆုံဆွေးနွေးပွဲများကို စောင့် ကြည့်နေကြသည်။

NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက တစ်နိုင်ငံလုံးလိုချင်သော ငြိမ်းချမ်းရေးအတွက် လုပ်ကိုင်ရမည့်အချက်ကို အောက်ပါအတိုင်းပြောသည်။

‘‘အဓိကအားဖြင့်ကတော့ အမျိုးသားတန်းတူရေးနဲ့ ကိုယ် ပိုင်ပြဋ္ဌာန်းခွင့်ပေါ်မှာ အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဖွဲ့ စည်းသွားမယ်ဆိုရင် ကျွန်တော် တို့နိုင်ငံက အမြန်အေးချမ်းသွား မယ်လို့ယုံကြည်ပါတယ်’’

7Day Daily

0 comments:

Post a Comment