Monday, September 1, 2014

စစ်မှန်သော ဖက်ဒရယ် အယူအဆ ( The Voice weekly )

တိုင်းရင်းသား လူမျိုးစု ပေါင်းများစွာ အတူတကွ မှီတင်းနေထိုင်တဲ့ပြည်ထောင်စုဖြစ်တာနဲ့အညီ
မြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းစွာ တည်တံ့ခိုင်မြဲဖို့ဆိုရင်စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို မဖြစ်မနေထူထောင်
ကြရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဖက်ဒရယ်လို့သာ ပြောနေဆိုနေကြသော်လည်းဖက်ဒရယ်ရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်နဲ့အနှစ်သာရကို သိရှိနားလည်သူ သိပ်များများစားစားမရှိလှသေးဘူးလို့
ယူဆရပါတယ်။ တစ်ကယ်တော့ လူထု တစ်ရပ်လုံးကဖက်ဒရယ်ရဲ့ သဘောကို ကျကျနန သိရှိနားလည်းကြပြီး အတူတကွ နည်းမှန်လမ်းမှန်ဝိုင်းဝန်းထူထောင်ကြမှသာ
ဖက်ဒရယ်ပြည်ထောင်စုဆိုတာ အမှန်တစ်ကယ် ပေါ်ထွန်းလာဖို့ရှိပါတယ်။
ဖက်ဒရယ်နဲ့ပတ်သက်လို့ ယူဆချက်များကွဲလွဲနေလျင်ဖြစ်စေ၊ လွဲမှားတဲ့ အဓိပ္ပါယ်ကောက်ယူမှုများရှိနေလျင်ဖြစ်စေစစ်မှန်တဲ့ ပြည်ထောင်စုတစ်ခု ပေါ်ပေါက်ရေး
အခက်အခဲများစွာရှိနေနိုင်တာကြောင့် ဖက်ဒရယ်သဘောကို သက်ဆိုင်သူအားလုံးက
အလေးအနက်ထားပြီး ထဲထဲဝင်ဝင်လေ့လာသုံးသပ် သိရှိနားလည်ကြဖို့ လိုအပ်မယ်လို့
ယူဆပါတယ်။ဖက်ဒရယ်အဓိပ္ပါယ်ဖွင့်ဆိုချက်များ များစွာရှိနေတဲ့ အထဲက
အခြေခံအကျဆုံးနဲ့ အဓိပ္ပါယ် ခြုံငုံမိတဲ့ ဖွင့်ဆိုချက်တစ်ခုကို ဖော်ပြပါရစေ။A federal country or system is one in which individual states make
their own laws, but a national government
is responsible for areas such as defence and foreign policy.(
ဖက်ဒရယ်ပြည်ထောင်စု သို့မဟုတ် စနစ်တစ်ခု ဆိုတာ သီးခြားပြည်နယ်များက
ကိုယ်ပိုင်ဥပဒေများရေဒဆွဲပြဌာန်းခွင့်ရှိသော်လည်း ပြည်ထောင်စုအစိုးရက
ကာကွယ်ရေးနဲ့နိုင်ငံခြားရေး ကဲ့သို့သော မူဝါဒများနဲ့ပတ်သက်လို့
တာဝန်ယူရတဲ့
စနစ်ဖြစ်ပါတယ်။)

ကျွန်တော်တို့နိုင်ငံမှာ အာဏာရှင်အဆက်ဆက်က ဖက်ဒရယ်ကို အပြောတောင်မခံဘဲ
တောက်လျှောက်ငြင်းဆိုခဲ့ပြီး ဖက်ဒရယ်ဆိုရင်ပြည်ထောင်စုကြီးပြိုကွဲမယ်ဆိုတဲ့
အယူအဆမျိုးကို အစိုးရ အဆက်ဆက် တော်လျှောက်ယူဆခဲ့တာဖြစ်ပါတယ်။ဒီယူဆချက်ကြောင့်ပဲ တိုင်းရင်းသားလူမျိုးစုလူနည်းစုများနဲ့ ဗမာတိုင်းရင်းသား လူများစု အကြား
စည်းလုံးညီညွတ်မှုကို အခိုင်အမာတည်ဆောက်နိုင်ရေး ခက်ခဲနေရခြင်းဖြစ်ပါတယ်။
ဖက်ဒရယ်စနစ်ဆိုတာ ပြည်ထောင်စုကြီး အမှန်တစ်ကယ် ရေရှည်တည်တံ့ခိုင်မာရေးနဲ့
တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်ရေးအတွက်သော့ချက် သာလျင်ဖြစ်တယ်ဆိုတာ အခုအခါမှာ
တပ်မတော်အပါအဝင် Stakeholder များအားလုံးက လက်ခံစဉ်းစားလာကြပြီဖြစ်လို့
မြန်မာနိုင်ငံတော်သစ်တည်ဆောက်ရေးဟာ အာမခံချက် တော်တော်ရှိသွားပြီလို့
ဆိုရမယ်ဖြစ်ပါတယ်။ ဖက်ဒရယ်နဲက လိုက်လျောညီထွေရှိတဲ့ အခြေခံဥပဒေ ဖြစ်လာရေး
အားလုံးကဝိုင်းဝန်းညှိနှိုင်းတိုင်ပင်တဲ့အဆင့်ကိုလည်းမကြာခင်ရောက်လာတော့မယ်လို့
မျှော်လင့်ရပါတယ်။

ဒီနေရာမှာ ပြောစရာတစ်ခုက တိုင်းရင်းသားတို့ မျှော်မှန်းထားတဲ့
ဖက်ဒရယ်ဆိုတဲ့ ယူဆချက်ဟာ ဖက်ဒရယ် အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့
ကိုက်ညီမှုရှိတဲ့အထိ ဖြည့်ဆည်းသွားနိုင်ရေးဖြစ်ပါတယ်။
တိုင်းရင်းသားတို့ လောလောဆယ်တောင်းဆိုနေတဲ့
ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာဟာ မြန်မာနိုင်ငံအတွက် ဖက်ဒရယ်ရဲ့
ပထမအဆင့်ဖြစ်တယ်ဆိုတာ သတိပြုမိကြဖို့ပါ။ တိုင်းရင်းသားလူမျိုးစု လူနည်းစု
တွေဟာ ခေတ်အဆက်ဆက် ဖိနှိပ်ခံဘဝ နေလာကြရလေတော့ လောလောဆယ်
ကိုယ်ပိုင်ပြဌာန်းခွင့်ကို လိုလားတောင့်တကြတယ်ဆိုတာ သဘာဝလည်းကျပြီး
လောလောဆယ်အခြေအနေမှာဖြစ်လည်းဖြစ်သင့်တဲ့ကိစ္စပါ။ ပြည်နယ်အသီးသီးမှာ သက်ဆိုင်ရာတိုင်းရင်းသားပါတီများအများစု အနိုင်ရရှိရေး၊ ပြည်နယ်အစိုးရခေါင်းဆောင် ( ဝန်ကြီးချုပ် ) ကို
သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးအား ခန့်အပ်နိုင်ရေးစသဖြင့် အခြေခံကျတဲ့ ပြဌာန်းခွင့်ဆိုင်ရာ လိုအပ်ချက်များကို လောလောဆယ်မှာဖြည့်ဆည်းပေးနိုင်မယ်လို့ယူဆရပါတယ်။

ဖက်ဒရယ်ဖြစ်လာဖို့အတွက် လုပ်ပိုင်ခွင့်များ ခွဲဝေပေးရေး၊
သယံဇာတများခွဲဝေပေးရေးနဲ့ ဘတ်ဂျက်နဲ့ အခွန်အခဆိုင်ရာ ခွဲဝေမှုများ
ပြုလုပ်ပေးရေးတို့ အခြေခံအားဖြင့်လိုအပ်ပါတယ်။စောစောက ဖော်ပြခဲ့တဲ့
ဖက်ဒရယ်အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ ပါခဲ့သလိုပဲ နိုင်ငံတော်ကာကွယ်ရေးနဲ့
နိုင်ငံခြားရေး စတာတွေကို ပြည်ထောင်စုအစိုးရက တာဝန်ယူရပါတယ်။
လောလောဆယ်ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်း
စဉ် တိုးတက်ဖြစ်ထွန်းလာတာနဲ့တစ်ပြိုင်နက်ထဲမှာ
နိုင်ငံရေးဆွေးနွေးပွဲများလည်းပေါ်လောက်လာမှာဖြစ်ပြီး အဲဒီကနေတစ်ဆင့်
ဖက်ဒရယ် အခြေခံတဲ့ အခြေခံဥပဒေဟာလည်း
တဖြည်းဖြည်းရုပ်လုံးပေါ်လာဖို့ရှိပါတယ်။


တိုင်းရင်းသားလူမျိုးစုတွေအားလုံး( လူထု တစ်ရပ်လုံး ) အနေနဲ့ ရေရှည်မှာ
စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်နိုင်ရေးအတွက် လူမျိုးစွဲ
ဒေသစွဲများကို တစ်ဖြည်းဖြည်းစွန့်လွှတ်ကြရမယ်ဆိုတဲ့ အတွေးအခေါ်များကို
စတင် စဉ်းစားတွေးခေါ်ကြဖို့ အချိန်ရောက်ပြီလို့ ပြောပါရစေ။ လောလောဆယ်မှာ
ဖက်ဒရယ်သဘောတရားဟာ လူမျိုးစုများကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ရောထွေးနေပြီး
ကိုယ်ပိုင်ပြဌာန်းခွင့်ကိုပဲ လောလောဆယ်မှာ ဖက်ဒရယ်ဖြစ်တယ်
ဆိုတဲ့ တရားသေ ယူဆချက်မျိုးတွေ ယူဆနေကြတာလည်းရှိပါတယ်။
တစ်ကယ်တော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့ဆိုရင် လူမျိုးစွဲနဲ့
ဒေသစွဲများအရ ပြဌာန်းခွင့်ဟာ ရေရှည်မှာ အဆင့်မြှင့်ယူနိုင်ဖို့
လိုအပ်မယ်ဖြစ်ပါတယ။ လောလောဆယ်မှာတော့ ကချင်ပြည်နယ်မှာ
ကချင်လူမျိုးများ၊ ကရင်ပြည်နယ်မှာ ကရင်လူမျိုးများ စသဖြင့်
ပြဌာန်းခွင့်အသီးသီးပေးရမယ်ဆိုတဲ့ သဘောတရားကို ဖက်ဒရယ်အဖြစ်
သာမန်အားဖြင့်နားလည်လက်ခံထားသူများပါတယ်။ တစ်ကယ်တော့လည်း
လောလောဆယ်အနေအထားမှာ ဖက်ဒရယ်ကို ဒီနည်းနဲ့ပဲစတင်ကြရမှာဖြစ်ပါတယ်။

ဒါပေမယ့် ဖက်ဒရယ်စစ်စစ်ဖြစ်ဖို့ဆိုရင်
တိုင်းရင်းသားလူမျိုးများနေရာအနှံ့ပျံ့နှံ့နေထိုင်မှုတိုးပွားလာနေတာဖြစ်တာနဲ့အညီ
ရေရှည်မှာတော့ လူမျိုးကိုအခြေခံစဉ်းစားတဲ့ ဖက်ဒရယ်သဘောတရားကနေ
နယ်မြေအပိုင်းအခြားတစ်ခုထဲကိုသာ အခြေခံစဉ်းစားပြီး
မည်သည့်တိုင်းရင်းသားလူမျိုးဖြစ်ပစေ လူထုက ရွေးချယ်တင်မြှောက်ခြင်းခံရပါက
မည်သည့်ပြည်နယ်မှာဖြစ်ပစေ အစိုးရတာဝန်နဲ့ လွှတ်တော်တာဝန်များကို
ထမ်းဆောင်ခွင့်ရှိရမှာဖြစ်သလို မည်သည့်တိုင်းရင်းသားလူမျိုးဖြစ်ပစေ
လူထုမဲနဲ့ ရွေးချယ်ခံရရင် ပြည်ထောင်စုအစိုးရအဖွဲ့နဲ့မှာလည်း
ခေါင်းဆောင်ခွင့်ရှိရမယ်ဖြစ်ပါတယ်။ဥပမာ ချင်းပြည်နယ်အစိုးရအဖွဲ့ ကို
ကရင်လူမျိုးဝန်ကြီးချုပ်တစ်ယောက်က လည်း လူထုထောက်ခံမှုနဲ့
အုပ်ချုပ်ခွင့်ရှိရမှာဖြစ်သလို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့
ဝန်ကြီးချုပ်ဟာလည်း ကချင်လူမျိုးတစ်ယောက်ဖြစ်ခွင့်ရှိရမယ်ဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတဟာလည်း ကယားလူမျိုးတစ်ယောက် ဖြစ်စေ
ရခိုင်လူမျိုးတစ်ယောက်ဖြစ်စေ ဖြစ်ခွင့်ရှိရမယ်ဖြစ်ပါတယ်။

ဒါပေမယ့် ဒီအခြေအနေရောက်ဖို့ ကျွန်တော်တို့
အများကြီးအားထုတ်ကြရဦးမှာဖြစ်ပြီး လောလောဆယ်မှာတော့
တိုင်းရင်းသားအားလုံးစည်းလုံးညီညွတ်ရေးကို ဦးစားပေးတည်ဆောက်ကြရပါမယ်။
ပြည်နယ်များမှာ PR စနစ်ကျင့်သုံးရေးကို သက်ဆိုင်ရာပြည်နယ်များက
လက်ခံဖို့ခက်ခဲနေသော်လည်း ရေရှည်မှာတော့ ဖက်ဒရယ်စစ်စစ်ဖြစ်ရန်
ဘယ်ရွေးကောက်ပွဲစနစ်ကိုမဆို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့
တပြေးညီ ကျင့်သုံးနိုင်တဲ့အထိ အားလုံးက ညီညီညွတ်ညွတ် ရိုးရိုးသားသား
စေတနာမှန်မှန်နဲ့ ကြိုးစားကြရမှာပါ။( လက်ရှိကာလမှာတော့
ပြည်နယ်လူထုရဲ့သဘောထားအတိုင်း တတ်နိုင်သလောက် လိုက်လျောဖို့
လိုအပ်မယ်လို့ယူဆပါတယ်။ )

ဖက်ဒရယ်ပြည်ထောင်စုကြီးကိုတည်ဆောက်ရာမှာ လောလောဆယ်
နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများကို လှေခါးထစ်များသဖွယ်အသုံးချပြီး
စစ်မှန်သော ဖက်ဒရယ်သဘောတရားကို
ပန်းတိုင်အဖြစ်ခံယူထားကြမှသာရေရှည်ခိုင်မာသော ပြည်ထောင်စုကြီးကို
မျှော်မှန်းနိုင်မှာဖြစ်တာမို့ လူထုတစ်ရပ်လုံးက စိတ်ရှည်ကြဖို့
စည်းလုံးကြဖို့နဲ့ အဆင့်မြင့်သော နိုင်ငံရေးအသိအမြင်များကို
ကြိုးစားလေ့လာရင်း အေးအတူပူအမျှ ဥမကွဲသိုက်မပျက်
ရေရှည်အတူတကွ လက်တွဲနိုင်ကြဖို့ဆိုရင်အလွန်ကျင်းမြောင်းသော
လူမျိုးစွဲ ၊ ဒေသစွဲများကို တဖြည်းဖြည်းစွန့်လွှတ်နိုင်ကြဖို့
လိုအပ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ ။

( ပိုက်တင် )

0 comments:

Post a Comment