Monday, November 10, 2014

သမ္မတ အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည် ဘာတွေဆွေးနွေးကြမလဲ?


သမ္မတ အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးပွဲက ဆွေးနွေးမှုတစ်ခုထက် ညှိနှိုင်းမှုတစ်ခုကို ဦးတည်နိုင်ပါတယ်။ အများအမြင်မှာတော့ မစ္စတာ အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိအစိုးရ ဦးသိန်းစိန်အပေါ်မှာ ဖိအားပေးလိုနေကြတယ်။ ဖိအားပေးကြလိမ့်မယ်လို့ ဖြစ်ပါတယ်။ မှန်ပါတယ်။ မစ္စတာ အိုဘားမား နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ရည်ရွယ်ချက် တူညီကြပါတယ်။ သို့ပေမယ့် common grounds လို့ ခေါ်တဲ့ အခြေခံအကြောင်းအချက်တွေကတော့ မတူညီကြပါဘူး။ဒေါ်အောင်ဆန်းစုကြည်အနေနှင့် လက်ရှိအာဏာရ ဦးသိန်းစိန်အစိုးရကို ဖိအားပေးဖို့ရာအတွက် အကြောင်းအရာ ၃ ခု နှင့် ဦးတည်နေပါတယ်။

၁။ လက်ရှိအစိုးရသည် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များတွင် နောက်ကြောင်းပြန်လှည့်နေသည်ဟု စွပ်စွဲခြင်း၊ ပုံဖော်ခြင်း၊ သက်သေပြနိုင်ရန် ကြိုးစားခြင်း။

၂။ လက်ရှိအစိုးရသည် စစ်အာဏာရှင်အစိုးရသာ ဖြစ်ဆဲ၊ တစ်နည်း စစ်တပ်ကသာ အာဏာရယူထားဆဲဖြစ်သည်ဟု စွပ်စွဲကာ လက်ရှိအစိုးရနှင့် စစ်တပ်တို့သည် စစ်အစိုးရခေတ်က အမူအကျင့်များ ရှိနေဆဲ၊ ပြုနေဆဲဟု စွပ်စွဲခြင်း၊ ပုံဖော်ခြင်း၊ သက်သေပြနိုင်ရန်ကြိုးစားခြင်း။

၃။ မြန်မာပြည်သူများက လက်ရှိအစိုးရနှင့် ဦးသိန်းစိန်အား အော့နှလုံးနာနေကြသည်၊ ၈၈ ကကဲ့သို့ အုံကြွရန် တာစူနေသည်ဟု နိုင်ငံတကာမှ ယုံကြည်လာအောင် ပုံဖော်ခြင်း၊ သက်သေပြနိုင်ရန် ကြိုးစားခြင်း။...တို့ ဖြစ်ပါတယ်။

လတ်တလောမှာ ပါကြီးအမှုအပါအဝင် အထက်ပါအချက် ၃ ချက်နှင့် အကျုံးဝင်တဲ့ လှုပ်ရှားမှုများကို အင်တိုက်အားတိုက် လုပ်ဆောင်လာတာ တွေ့ရပါတယ်။ ထိုလှုပ်ရှားမှုများ၏ ရည်ရွယ်ချက်သည် သမ္မတ ဦးသိန်းစိန်အစိုးရကို ထိခိုက်ရုံသက်သက်ထက် အစိုးရတစ်ဖွဲ့လုံးကို ဖြုတ်ချနိုင်သည် ဖြစ်လာရန်အထိ ကြံစည်ထားတယ်လို့ ယူဆရပါတယ်။ ဦးသိန်းစိန် အစိုးရအနေနှင့် အတိုက်အခံ၏ တိုက်ခိုက်မှုများက အနည်းနှင့်အများဆိုသလို ထိခိုက်သည် မှန်သော်လည်း လှုပ်ခါသွားသည်အထိတော့ မဖြစ်ပါဘူး။ အတိုက်အခံမှလည်း ထိုအချက်ကို သဘောပေါက်ထားပါတယ်။ လက်ရှိအစိုးရ လှုပ်ခါသွားရသည်အထိဆိုလျှင် အမေရိကန်ရဲ့ ဖိအားလိုပါတယ်။ မစ္စတာ အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုမှာ ဒေါ်အောင်ဆန်းစုကြည်မှ ထိုအချက်များကို အခြေခံပြီး ဝါရှင်တန်မှ မြန်မာအစိုးရကို ဖိအားပေးဖို့တောင်းဆိုမယ်လို့ ယူဆရပါတယ်။

ဒီနေရာမှာ ပေါ်ပေါက်လာတဲ့မေးခွန်းက မစ္စတာ အိုဘားမားအနေနှင့် တောင်းဆိုချက်ကို လက်ခံပြီး မြန်မာအစိုးရကို ဖိအားပေးမှာလား? မစ္စတာ အိုဘားမားအနေနှင့်ကတော့ အမေရိကန် သမ္မတ တစ်ယောက်အနေနှင့်ရော၊ ဝါရှင်တန်အစိုးရကိုယ်စားပါ မြန်မာအစိုးရကို ဖိအားပေးဖို့ ရှိပါတယ်။ သို့ပေမယ့် ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုတဲ့အချက်တွေနှင့်တော့ မဟုတ်ပါဘူး။ အိုဘားမားအနေနှင့် မြန်မာအစိုးရကို ဖိအားပေးရာမှာ ဝါရှင်တန်ရဲ့သဘောထားကို အခြေခံယူရမှာ ဖြစ်ပါတယ်။ ဝါရှင်တန်သည် ပုဂ္ဂိုလ်ရေးအမြင်အားဖြင့် ဦးသိန်းစိန်အပေါ် ယုံကြည်မှု ရှိနေပါတယ်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ စကားများသည် တစ်ဖက်သတ်ဆန်လွန်းသည် ဝါ မျှတမှုမရှိဟုလည်း မြင်နေပါတယ်။ ယခင်က ဝါရှင်တန်သည် မြန်မာအစိုးရ၏ နောက်ကြောင်းပြန်လှည့်မှု (baksliding) ကို စိုးရိမ်ကြောင်း တဖွဖွ ပြောခဲ့ပေမယ့် နောက်ပိုင်း ဝါရှင်တန်အစိုးရအာဘော်တွေမှာ မြန်မာအစိုးရ၏ ဒီမိုကရေစီလမ်းစဉ်မှာ နှောင့်နှေးသည်ဟုသာ ပြောင်းလဲသုံးနှုန်းခဲ့ပြီး နောက်ကြောင်းပြန်လှည့်မှုဆိုသော စကားလုံးကို လုံးဝမသုံးစွဲတော့တာ တွေ့ရပါတယ်။ ထို့အတူ မြန်မာ့အတိုက်အခံအင်အားစုများ ဆိုနေကြတဲ့ မြန်မာအစိုးရ နောက်ကြောင်းပြန်လှည့်နေသည်ဆိုခြင်းကိုလည်း လက်ခံပုံမပေါ်ကြောင်း ထင်ရှားပါတယ်။ မူဝါဒအားဖြင့် ဝါရှင်တန်သည် မြန်မာအစိုးရရော၊ အတိုက်အခံကိုပါ ထောက်ခံသော မူဝါဒဖြစ်ပါတယ်။ ဝါရှင်တန်အနေဖြင့် ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ပုဂ္ဂိုလ်ရေးအရ ထောက်ခံမှု ရှိနေပါတယ်။ ဦးသိန်းစိန်အနေဖြင့် အမှားအယွင်းများ၊ နှေးကွေးမှုများ ရှိနိုင်သော်လည်း ထိုအချက်များကို လျစ်လျူရှု၍ ထိန်းကျောင်းပေးရမည်ဟူသော မူဝါဒကို ဝါရှင်တန်မှ ကိုင်စွဲထားပါတယ်။ အကယ်၍ မြန်မာအစိုးရ၏ လက်ရှိအခြေအနေအား ဖိအားပေးခဲ့ပါလျှင် ပြောင်းပြန်အကျိုးသက်ရောက်မှု ရှိသွားနိုင်သည်၊ တရုတ်အစိုးရထိန်းချုပ်ခံအဖြစ် လုံးလုံးရောက်ရှိသွားနိုင်သည် ဆိုသော အမြင်လည်း ရှိနေပါတယ်။ သို့ဖြစ်၍ ဝါရှင်တန်အနေဖြင့် မြန်မာအစိုးရ နှင့် အတိုက်အခံတို့အပေါ် လှေနံနှစ်ဖက်နင်းသော မူဝါဒစွဲကိုင်ထားသည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ တစ်ဘက်သတ်တောင်းဆိုမှုများကို မလိုက်လျောဟု ယူဆနိုင်ပါတယ်။

အိုဘားမားကရော ဘာတွေဆွေးနွေးမလဲ? အိုဘားမားမှ အဓိက ဆွေးနွေးမည်မှာ ရိုဟင်ဂျာ(ဘင်္ဂါလီ)များအား နိုင်ငံသားပေးရေး ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ ဘင်္ဂါလီကိစ္စသည် မြန်မာနိုင်ငံကို ဖိအားပေးရာမှာ တရုတ်နှင့် သက်ဆိုင်မှုမရှိသည့်အတွက် အိုဘားမားက စိတ်ဝင်စားမှုရှိပါတယ်။ အမေရိကန် သက်တမ်းဝက်ရွေးကောက်ပွဲတွေမှာ ဒီမိုကရက်သည် ရီပါ့ပလေကန်ကို အရှုံးပေးလိုက်ရပါတယ်။ ထို့အတူ အိုဘားမားသည်လည်း မက်ကိန်းရဲ့ သြဇာကြီးထွားလာမှုကို လက်ခံလိုက်ရပါတယ်။ ထို့အတွက် အိုဘားမားအနေနှင့် ဒီမိုကရက်ကို ပြန်ကယ်တင်ဖို့ နှင့် မိမိဂုဏ်သိက္ခာကို ပြန်အဖတ်ဆည်ဖို့ ရိုဟင်ဂျာ(ဘင်္ဂါလီ)ကိစ္စ နှင့်ပတ်သက်လို့ မြန်မာအစိုးရကို ဖိအားပေးလိုနေပါတယ်။ ရိုဟင်ဂျာ(ဘင်္ဂါလီ)အရေးသည် အမေရိကန် လွှတ်တော်နှစ်ရပ်မှာတော့ အီဘိုလာ၊ ဆီးရီးယားအရေးနှင့် ယူကရိန်းအရေးတို့ပြီးလျှင် နောက်ကကပ်လိုက်နေတဲ့ လူပြိန်းကြိုက် ခေါင်းစဉ်တစ်ခုပါ။ ရိုဟင်ဂျာ(ဘင်္ဂါလီ)ကိစ္စကိုသာ သမ္မတအိုဘားမားက မြန်မာအစိုးရအပေါ် အောင်အောင်မြင်မြင် ဖိအားပေးနိုင်ခဲ့လျှင် ကုလသမဂ္ဂနှင့် အမြင်ကွာဟမှုအချို့လည်း ပြေလည်သွားပါမယ်၊ ဆော်ဒီအပါအဝင် ရေနံသူဌေးတွေဆီက ထောက်ခံမှုရမယ်၊ အမေရိကန်ပြည်သူတွေရဲ့ ထောက်ခံမှုမှာ ဒီမိုကရက်တွေက ရီပါ့ပလေကန်တွေကို ချေဖျက်နိုင်ရုံမက ကျော်တောင်သွားပါဦးမယ်။ မစ္စတာအိုဘားမားသည်လည်း သူရဲကောင်းတစ်ဦးသဖွယ် ဂုဏ်ပြုခံရပါလိမ့်မယ်။ ဒါ့ကြောင့်လည်း ဒီကိစ္စကို ဝါရှင်တန်အစိုးရကရော မစ္စတာအိုဘားမားကပါ မြန်မာအစိုးရကို မရမနေ ဖိအားပေးလိုနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနှင့်ကတော့ ရိုဟင်ဂျာ(ဘင်္ဂါလီ)ကိစ္စနှင့် ဖိအားပေးမယ်ဆိုလျှင်လည်း ကောင်းတာပဲလို့ ယူဆပါလိမ့်မယ်။ သို့သော်လည်း တစ်ဖက်မှာလည်း မူဆလင်ဘက်မှ ပေါ်ပေါ်ထင်ထင်ရပ်တည်လျှင် မြန်မာပြည်သူများက မိမိအပေါ်ငြိုငြင်သွားမှာကိုလည်း တွေးပူပါတယ်။ ရိုဟင်ဂျာ(ဘင်္ဂါလီ)ကိစ္စ နှင့် ဖိအားပေးလျှင်တောင်မှ မိမိဖိအားပေးစေချင်သည်များနှင့် ရောနှောဖိအားပေးစေချင်တာပါ။

မစ္စတာ အိုဘားမားအနေနှင့်ကတော့လည်း ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုသည်များကို လိုက်လျောရလျှင် ဝါရှင်တန်ရဲ့ မူဝါဒကို ထိခိုက်ပါလိမ့်မယ်။ ဒါ့ကြောင့် နှစ်ဦးသား ဒီကိစ္စအပေါ်မှာ ပန်းတိုင်တူ လမ်းကြောင်းကွဲဖြစ်ပြီး ညိနှိုင်းရမယ့် အကြောင်းအရာဖြစ်လာပါမယ်။

အဆုံးသတ်ဆိုရလျှင် သမ္မတ အိုးဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးပွဲသည် မည်သို့မည်ပုံ ဦးသိန်းစိန်အစိုးရအား ဖိအားပေးမည်ဟူ၍ ဖြစ်နိုင်ပေမယ့် နှစ်ယောက်သား common grounds ကွာခြားချက်ကြောင့် ဖိအားပေးမှုပုံစံအား ဆွေးနွေးပွဲ၌ပင် အမြင်မတူသည်များ များစွာရှိလာပြီး များစွာ ညှိနှိုင်းကြရပါလိမ့်မယ်။ နှစ်ဖက်အလျှော့အတင်းရှိပြီး အဆင်ပြေသွားသည်လည်း ဖြစ်နိုင်သလို လုံးဝညှိမရတာလည်း ဖြစ်နိုင်ပါတယ်။ မည်သို့သော အဖြေတစ်ခုထွက်လာမည်ကိုတော့ စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။

Myo Min Thant

0 comments:

Post a Comment