သတင်းမီဒီယာသမား (သတင်းထောက်၊ သတင်းစာဆရာ) ဆိုတာနဲ့ “အခွင့်ထူးခံလူသား” ဥပဒေအထက်မှလူ (A Person above the Law) မဖြစ်ပါဘူး။ သူတို့ဟာ ပြည်သူလူထုကို သတင်းအမှန်များနဲ့ အလုပ်အကျွေးပြုလို့ တစ်ဝမ်းတစ်ခါး ဝရင်ပြီးပြီ (သူဌေး/ကြွယ်ဝချမ်းသာသူ) ဖြစ်ဖို့ဆိုရင် သူက သတင်းစာ၊ သတင်းဌာနပိုင်ရှင် (လုပ်ငန်းရှင်) လုပ်မှပဲ ဖြစ်လာမှာပါ။ (စကားချပ်)
သတင်းမီဒီယာသမားများက ပြည်သူလူထုကို သတင်းပေးတဲ့အခါ ကျင့်ဝတ်၊ သတင်းမီဒီယာ ဥပဒေတို့နဲ့ အညီအညွတ် ဖြစ်မှသာ “သတင်း” က Honest ဖြစ်ပါတယ်၊ (သတင်းမှန်ရတယ်၊ အသုံးအနှုန်း တည်ငြိမ်ရတယ်၊ ဒါမှ သိက္ခာ-သြဇာရှိမှာပါ)။ သတင်းမီဒီယာသမား (သတင်းထောက်) ဆိုပြီး အစိုးရရဲ့ သတင်းထောက်လှမ်းရေး (စုံထောက်) လိုလို၊ နိုင်ငံရေးပါတီရဲ့ နိုင်ငံရေး ထောက်လှမ်းရေးသမားလိုလို မဖြစ်သင့်ပါဘူး။ သတင်းမီဒီယာသမား ဖြစ်တဲ့အတွက် သတင်းမီဒီယာ ဥပဒေပါအတိုင်း သတင်းအလုပ်ကို လုပ်ပိုင်ခွင့် ရှိရပါမယ်။ အစိုးရ၊ ပုဂ္ဂလိက မခွဲခြားရပါဘူး။ အသိအမှတ်ပြု ပေးရမှာပေါ့။ ဒါ့အပြင် သတင်းမီဒီယာသမားမှာ ဘာအထူးအခွင့်အရေးမှ မရှိသလို ပေးရင်လည်း (အထူးသဖြင့် ထူးခြားဒေသတွေမှာ) မယူသင့်ပါဘူး။ ဒါပေမဲ့ သတင်းမီဒီယာသမားကလည်း “နိုင်ငံသားတစ်ဦး” ဖြစ်တဲ့အတွက် “လူ့အခွင့်အရေး” ကတော့ အခြားနိုင်ငံသားများ နည်းတူ စံချိန်၊ စံညွှန်းအမီ ခံစားခွင့် ရှိပါတယ်။ ပိုလို့ ခံစားခွင့်ပေးရန် မလိုအပ်ပါဘူး။ “သတင်းထောက်ကို မထိနဲ့ မီးပွင့်သွားမယ်” ဆိုတဲ့ အမြင်မျိုး ပြည်သူလူထု စိတ်ထဲမှာ ရှိသွားလျှင် “သတင်းမီဒီယာ” ဆိုတဲ့ ဂုဏ်သိက္ခာက မြောင်းထဲရောက်သွားမှာပါ။ဒီနေ့ “ဒီမိုကရေစီသို့အရွေ့” ကာလဟာ “ညီအစ်ကို မသိတသိ” အချိန်ဖြစ်နေတော့ မြင်ကွင်းတွေဟာ “ဝေဝါးရှုပ်ထွေး” နေသလိုပါပဲ။ ဥပမာပေးရရင် ကိုအောင်နိုင်(ခ)ကိုပါကြီးရဲ့ အဖြစ်အပျက်မှာ ကိုပါကြီးကို “အလွတ်သတင်းထောက်” မျက်နှာဖုံး စွပ်ချလိုက်တာမျိုးပါ။ တပ်မတော်ဘက်က ကြည့်ရင် ကိုအောင်နိုင်ရဲ့ နောက်ကြောင်း၊ ကိုယ်ရေးရာဇဝင် အတ္ထုပ္ပတ္တိကို အခြေခံမှာ သေချာပါတယ်။ တပ်မတော်ဘက်က တာဝန်ရှိပုဂ္ဂိုလ်ရဲ့ အပြောအရ “ကိုအောင်နိုင်ကို ဖမ်းမိတဲ့အချိန် (စက်တင်ဘာ ၂၆) ဟာ တပ်မတော်နဲ့ KKO လက်နက်ကိုင်အဖွဲ့အကြား ပြဿနာပွားနေချိန်” လို့ ဆိုပါတယ်။ စက်တင်ဘာ ၃၀ ရက်မှာ ကိုအောင်နိုင်ကို ကျိုက်မရော စက်လှေဆိပ်မှာ မသင်္ကာဖွယ်ရာ ပုံသဏ္ဌာန်နဲ့ ရန်သူအဖြစ် ဖမ်းမိတယ်လို့ ဆိုပါတယ်။ ကိုအောင်နိုင်ဟာ စက်တင်ဘာ ၂၇ နဲ့ ၂၈ ရက်၊ KKO နဲ့ တပ်မတော်ကြား ဖြစ်ပွားတဲ့ ထိတွေ့မှုမှာ ပါနေတယ်။ အခြေအနေအရ KKO က တိမ်းရှောင်သွားရာမှာ ကိုအောင်နိုင်ကို ဖမ်းမိတာလို့ ဆိုပါတယ်။ ဖမ်းမိစဉ်က ကိုအောင်နိုင်မှာ “သတင်းထောက်” (သတင်းမီဒီယာ) တစ်ယောက်ရဲ့ အထောက်အထားတွေ မရှိသလို ကိုယ်တိုင်ကလည်း “သတင်းထောက်” အဖြစ် မထုတ်ဖော်ခဲ့ဘူး ဆိုတာပါပဲ။
ကွဲကွာနေသည်ဟု ကိုအောင်နိုင် ထွက်ဆိုထားသော ဇနီး (ဒေါ်သန္တာ) က အောက်တိုဘာ ၁၉ ရက်နေ့မှာ ကျိုက်မရော ခမရ (၂၀၈) ကို လာစုံစမ်းမှ “ကိုပါကြီး” ဖြစ်ကြောင်း သိရတယ်လို့ စာနယ်ဇင်းကောင်စီကို ရောက်လာတဲ့ အကြောင်းကြားချက်မှာ ဖော်ပြထားတာ တွေ့ရတယ်။
ဒီအဖြစ်အပျက်မှာ ကိုပါကြီးဟာ လက်နက်ကိုင် အဖွဲ့အစည်းမှာ တကယ်ပဲ ပါဝင် ပတ်သက်နေသလား။ “အလွတ်သတင်းထောက်” ဆိုရင် ဘယ်သတင်းဌာနက အသိအမှတ်ပြုထားသလဲ။ ဒါတွေက ဝေဝါးနေဆဲပါ။
မြန်မာနိုင်ငံမှာ ကိုပါကြီးလို အဖြစ်ဆိုးတွေက ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက် ပြည်တွင်းစစ် စတင်ချိန်ကတည်းက ရှိနေခဲ့ပါတယ်။ ဖဆပလအစိုးရ၊ ဗကပ (BCP)၊ ကပဗ (CPB)၊ ကေအန်ယူ၊ မဒညတ.. စတဲ့ မြန်မာနိုင်ငံရဲ့ နယ်မြေအများအပြားကို လက်နက်ကိုင် ထိန်းချုပ်ထားခဲ့ကြတဲ့ အဖွဲ့အစည်းတွေဟာ လူ့အခွင့်အရေး ဆိုတာကို အာမခံ တာဝန်မယူခဲ့ကြတာ သူတို့ကိုယ်တိုင် သိပြီးဖြစ်ပါတယ်။ ပြည်တွင်းစစ်ကြီးတွေ ဖြစ်ပွားခဲ့ကြတဲ့ အမေရိကန် အပါအဝင် တရုတ်၊ ကိုရီးယား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံတွေမှာလည်း ထို့အတူပါပဲ။ ၂၁ ရာစုခေတ်ရောက်မှ “လူ့အခွင့်အရေး” က အသံကျယ်လောင်လာပါတယ်။ ဒါကြောင့် ကိုအောင်နိုင်(ခ)ကိုပါကြီးအတွက် လူ့အခွင့်အရေး ဆန္ဒပြသူတွေဟာ ကိုပါကြီး တစ်ဦးတစ်ယောက်တည်း အတွက်သာ မဖြစ်သင့်ဘဲ “ကိုပါကြီးလို လူစား- အများကြီးဟေ့” လို့ ဖြစ်စေချင်တာ ဖိုးသောကြာရဲ့ ဆန္ဒပါ။
ဖိုးသောကြာကိုယ်တိုင် သတင်းထောက်စစ်စစ် ဖြစ်ပါလျက် “အယောင်ဆောင်” သလို ဖြစ်ခဲ့ဖူးလို့ပါ။ ၁၉၅၃ ခုနှစ်ဆန်း (ဇန်နဝါရီ) က ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်ကို အနက်ရောင် (Black Area) နယ်မြေ သတ်မှတ်ထားချိန်၊ KNU လက်နက်ကိုင်အဖွဲ့က ဗိုလ်ဆီးပလိန်း (အဲဒီအချိန်က ဗိုလ်စပယ်ရှယ် (ကွယ်လွန်) မရောက်သေး) နဲ့ “ဗိုလ်လာ” တို့က နယ်မြေစိုးမိုးထားချိန်ပါ။ စီးပွားရေးသတင်းစာ ဗမာ့ခေတ်နဲ့ လူထု (မန္တလေး) သတင်းစာတို့ရဲ့ တရားဝင် ရှမ်း (တောင်) သတင်းထောက် ဖိုးသောကြာက နယ်မြေစစ်ဆင်ရေး (တံမြက်စည်း စစ်ဆင်ရေးလို့ နာမည်ပေးထားတယ်) မှာ သတင်းလိုက်ယူခွင့် ရခဲ့ပါတယ်။ “စစ်ဆင်ရေးမှူးက ဗိုလ်ကြီး သူရညွန့်တင် (နောင်-အလုပ်သမားဌာန)၊ စစ်ကြောင်းမှူးက ဗိုလ်ကြီးမောင်ညို (နောင်လမ်းစဉ်ပါတီ ဗဟိုကော်မတီ)၊ ဗိုလ်ကြီးမြင့်လွင် (မိတ္ထီလာ) နဲ့ ဗိုလ်မင်းဇင် နယ်မြေခံတပ်ရင်းက ခြေလျင်တပ်ရင်း (၂၁)၊ တပ်ခွဲ (ဃ) တပ်ခွဲမှူးက ဗိုလ်ကြီးဂရွန်း (ဂေါ်ရခါး)၊ တပ်ခွဲတပ်စုမှူးက ဗိုလ်ကြီးမြင့် (နောင်မီးသတ်ဦးစီး ညွန်ချုပ်-ရွှေတိဂုံဂေါပကအဖွဲ့ဝင်)၊ တပ်ခွဲအရာရှိက ဒုဗိုလ်မောင်မောင်တင် (နောင်အကောက်ခွန်ဦးစီး) (ဖိုးသောကြာနဲ့ အလုံကူရှင် ကျောင်းနေဖက်) တို့ ပါဝင်ကြတယ်။
ပင်လောင်းမြို့မှ လွိုင်ကော်-ဖယ်ခုံမြို့ဘက် (တောင်ဘက်) ကား လမ်းကိုဖွင့်ဖို့ စစ်ဆင်ရေး ထွက်ကြတော့ ဖိုးသောကြာကို တပ်ခွဲမှူးက ရှမ်းပြည်မှာ ရာသီဥတု အေးလွန်းလို့ စစ်တပ်သုံး ဆွယ်တာဝတ်ခိုင်းပြီး ကိုယ့်လုံခြုံရေးအတွက် စတင်းဂန်းတစ်လက် ကိုင်ထားခိုင်းတယ်။ စစ်ဆွယ်တာဝတ် စတင်းဂန်းလွယ်ပြီး ကင်မရာ (Mamia SIX) အမျိုးအစား ကိုင်ထားတဲ့ ဖိုးသောကြာက တပ်ခွဲမှူးစီးတဲ့ ဂျစ်ကား (မြို့နယ် ပြည်သူ့လုပ်ငန်း (PWD) ဌာနကား) နဲ့ လိုက်ရတယ်။ ပင်လောင်းတောင်ဘက် ၁၂ မိုင်ခန့် အကွာအရောက် သေနတ်သံနှစ်ချက် ကြားလိုက်ရပြီး ရှေ့ဆုံးစစ်ကား (ပွိုင့်ကားလို့ခေါ်တယ်) က ရဲဘော်နှစ်ယောက် ကျသွားပြီလို့ သတင်းပို့လာပါတယ်။ ဖိုးသောကြာတို့ စစ်ယာဉ်တန်းကို ချုံခိုတိုက် (Ambush) ခံရတာ။ ကြိုတင်သတင်းရထားဟန် တူတယ်။ တပ်စုမှူး ဗိုလ်ကြီးမြင့် ဆောင်းထားတဲ့ (ဘက်ရီကက်) ဦးထုပ်ကို ကျည် ရှပ်မှန်သွားတယ်။ ကံဖယ်တာပဲ။ ကားလမ်းပေါ်မှာ သူနဲ့ ရဲဘော်အချို့ အလူးအလဲ ခံနေရတယ်။ ဖိုးသောကြာကိုလည်း တပ်ခွဲမှူးက ဂျစ်ကားပေါ်ကနေ လမ်းဘေးမြောင်းထဲ ဆွဲချတယ်။
သတင်းထောက် အကျင့်အတိုင်း သတင်းပုံတွေ ရိုက်ယူတယ်။ ရဲဘော်နှစ်ယောက် ကျသွားပြီဆိုတော့ တပ်စုက ဒေါသထွက်နေပြီ။ တပ်ကြပ် (Copral) ရဲဘော် (အမည်မေ့) က ဘရင်းဂန်း (Bren Gun) ကို ကြိုးနဲ့လွယ်၊ ခါးမှာပိုက်ပြီး မတ်တတ်ရပ်လျက် ရန်သူရှိရာဘက် ရှေ့ကို တက်လို့ ပစ်ခတ်နေတာကို အရှေ့ဘက် နေရောင်အတက်မှာ သူ့နောက်ကျောဘက်ကနေပြီး ဖိုးသောကြာ မြင်ရတော့ ကြက်သီးတဖြန်းဖြန်း ထသွားတယ်။ ကင်မရာချိန်လိုက်ပြီး လိုက်ရိုက်မိတယ်။ တပ်ခွဲမှူးက သူ့ရဲဘော် တစ်ယောက်လွှတ်ပြီး ဖိုးသောကြာကို မြောင်းထဲ အတင်းဆွဲချခိုင်းတယ်။
“ဘရင်းဂန်းနဲ့ ရဲဘော်က မတ်တတ်ရပ်ပြီး ရန်သူကို ပစ်နေတာ သူ့နောက်က ဖိုးသောကြာကို ရန်သူက ကျည်ဆန်မထိနိုင်ဘူး” လို့ တပ်ခွဲမှူးကို ပြောတော့ တပ်ခွဲမှူးက “ကျည်ဆန်မှာ မျက်လုံးမပါဘူး။ ခင်ဗျားက စတင်းဂန်းနဲ့ စစ်ဆွယ်တာ ဝတ်ထားတာ။ သူပုန်က “သတင်းထောက်” လို့ ဘယ်လိုသိနိုင်မှာလဲ” တဲ့။ ဖိုးသောကြာလည်း အဲဒီတော့မှ သတိထားမိတော့တယ်။ ချုံခိုတိုက်ခံရပြီး နောက်နေ့မှာ ရှင်းလင်းရေးလုပ်တော့ သူပုန်တွေ ဝှက်ထားတဲ့ ဆန်နဲ့စပါးတွေ၊ ဆီအိုးတွေ၊ ရိက္ခာဂိုဒေါင်တွေကို တွေ့လို့ မီးရှို့ဖျက်ဆီးကြတယ်။ ဖိုးသောကြာက ဓာတ်ပုံသတင်းယူတယ်။ နောက် ၁၀ ရက်လောက် ကြာတဲ့အခါ ကလောတပ်နယ် တပ်မဟာ (၄) တပ်မဟာမှူး ဗိုလ်မှူးကြီးစောမြင့် (စာရေးဆရာ မှူးသမိန်) က အောင်ပွဲခံ ဂုဏ်ပြုပွဲလုပ်တယ်။ ဖိုးသောကြာလည်း လိုက်ခဲ့ရတယ်။ ဖိုးသောကြာ ရိုက်ထားတဲ့ သတင်းဓာတ်ပုံတွေကို ကြည့်ပြီး ချီးကျူးတယ်။ သူပုန်ရိက္ခာနဲ့ ဂိုဒေါင်တွေ မီးရှို့နေတဲ့ပုံ၊ မီးလောင်ပုံတွေကိုတော့ သတင်းမထည့်ဖို့ မေတ္တာရပ်ခံတာက “ကိုခင်မောင်လေးရယ် ရွာတွေကို တပ်မတော်က မီးရှို့တယ်လို့ ထင်နေပါဦးမယ်” လို့ အကြောင်းပြပြောတယ်။ ဓာတ်ပုံတွေကို သူယူထားလိုက်တယ်။
အဲဒီအဖြစ်အပျက်မှာ ဖိုးသောကြာ အမှတ်တမဲ့ ဖြစ်သွားတာက စစ်ဆွယ်တာနဲ့ စတင်းဂန်းက ကိုယ်ဝတ်ထား လွယ်ထားမိတာ အမှန်ပါပဲ။ သူပုန် ရိက္ခာဂိုဒေါင်တွေကို မီးရှို့တာ မှန်ပေမယ့် သတင်းဖတ်သူတို့ အသိမှာ “ရွာမီးရှို့တယ်” လို့ သံသယ ဝင်နိုင်တာလည်း အမှန်ပဲ။ အဲဒီတော့ သတင်းကျင့်ဝတ်မှာ မဖော်ပြပေမယ့် “ကာလဒေသ၊ ပယောဂ” ကိုတော့ သတင်းထောက်က နားလည်ပေးသင့်တယ်လို့ သင်ခန်းစာရပါတယ်။ သတင်းထောက် (သတင်းမီဒီယာ) ဟာ အမြဲလိုလို ကြားညှပ် ခံရတတ်ပါတယ်။ အသုံးချခံရတတ်ပါတယ်။ ပြည်သူလူထုကို သတင်းပေးရတဲ့ ပရော်ဖယ်ရှင်နယ် (Professional) ဖြစ်လို့ သတိထားနိုင်ကာမှ တန်ကာကျပါလိမ့်မယ်လို့...။
ဖိုးသောကြာ (ခေတ်+မိုး)

The Voice Weekly
0 comments:
Post a Comment