Thursday, July 17, 2014

ဥပဒေချိုးဖောက်သော ကိုရီးယားစက်ရုံပိုင်ရှင်ကို အစိုးရကတရားစွဲ


ကိုရီးယားနိုင်ငံသားပိုင် မာစတာစပေါ့ဖိနပ်စက်ရုံပိတ်သိမ်းခဲ့သဖြင့် စက်ရုံအလုပ်သမားရှစ်ရာကျော်က နစ်နာကြေးရရှိရန်၊ အမည်ပျက်စာရင်းသွင်းရန် အပါအဝင် အချက် ရှစ်ချက်ကို တောင်းဆိုပြီး ကိုရီးယားသံရုံးရှေ့သို့ လမ်းလျှောက်ချီတက် ဆန္ဒပြနေကြစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

ဥပဒေချိုးဖောက်ပြီး စက်ရုံပိတ်သိမ်းခဲ့သည့် ကိုရီးယားစက် ရုံပိုင်ရှင်ကို အရေးယူပေးရန် လုပ်သားရှစ်ရာကျော်က တောင်ကိုရီး ယားသံရုံးရှေ့၌ ဆန္ဒပြတောင်းဆို သော ဇူလိုင် ၁၇ ရက်တွင် အလုပ် သမားဝန်ကြီးဌာနက ၎င်းကို ပုဒ်မ လေးခုဖြင့် လှိုင်သာယာမြို့နယ် တရားရုံး၌ တရားစွဲဆိုထား ကြောင်း သတင်းရရှိသည်။လှိုင်သာယာမြို့နယ်စက်မှု ဇုန်(၃) ရှိ ကိုရီးယားနိုင်ငံသားပိုင် မာစတာစပေါ့ ဖိနပ်စက်ရုံမှ အလုပ်ရှင် မစ္စတာဘန်အင်ဟို သည် စက်ရုံပိတ်သိမ်းခြင်းနှင့်ပတ် သက်၍ ဥပဒေနှင့်အညီ လုပ်သား များကို နစ်နာကြေးနှင့် ကျန်ရှိ နေသည့် လုပ်ခလစာတို့ ပေးခဲ့ ခြင်းမရှိဘဲ ကိုရီးယားနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့၍ ဇူလိုင် ၁၇ ရက်တွင် အလုပ်သမား ၈၃၀ ဦးသည် လှိုင်သာယာစက်မှုဇုန်မှ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ ကိုရီးယားသံရုံးသို့ လမ်းလျှောက်ချီတက်ဆန္ဒပြ တောင်းဆိုခဲ့သည်။

ထို့အပြင် အလုပ်သမားဝန် ကြီးဌာနလက်အောက်ရှိ ဌာန လေးခုအနက် သုံးခုက အလုပ်ရှင်ကို ပုဒ်မလေးခုဖြင့် တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။ ယင်းပုဒ်မများမှာ ၁၉၅၁ ခုနှစ် အလုပ်ရုံအက်ဥပဒေ၊ အလုပ်အကိုင်နှင့် ကျွမ်း ကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ အလုပ်သမားအဖွဲ့အစည်းဥပဒေနှင့် လူမှုဖူလုံရေးဥပဒေတို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

‘‘သူတို့ကတော့ သံရုံးရှေ့မှာ ခွင့်ပြုမိန့်နဲ့ ဆန္ဒပြတယ်။ ဦးတို့ အစိုးရဘက်က အလုပ်ရှင်ကို ဒီ နေ့ပဲ တရားစွဲလိုက်တယ်။ ဌာန သုံးခုကနေ တရားစွဲလိုက်တယ်။ ရုံးချိန်း ၂၅ ရက်နေ့ခေါ်ထားတယ်။ လူမှုဖူလုံရေးကြေးလည်း ပျက် ကွက်လို့ လူမှုဖူလုံရေးဌာနက လည်း တရားစွဲတဲ့အထဲ ပါခဲ့ တယ်’’ ဟု အလုပ်ရုံနှင့် အလုပ်သမားဥပဒေစိစစ်ရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးကျော်ကျော်ထွန်း ကပြောသည်။

ထိုစက်ရုံပိုင်ရှင်က လုပ်သားရှစ်ရာကျော်၏ လုပ်ခလစာကို ဇွန်လအတွက် မပေးဘဲ ဇွန်လ ၂၆ ရက် မှစ၍ ကိုရီးယားနိုင်ငံသို့ ထွက် ပြေးတိမ်းရှောင်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ဇူလိုင်လဆန်းတွင် စက်ရုံပိတ်သိမ်းကြောင်း မန်နေ ဂျာဖြစ်သူမှ တစ်ဆင့် ပြောခဲ့ပြီး စက်ရုံပိတ်သိမ်းခဲ့သည်။

ဆန္ဒပြအလုပ်သမားများကရှစ်ချက်ကို တောင်းဆိုခဲ့ပြီး သံရုံးရှေ့၌ တစ်နာရီခွဲခန့်ကြာ ဆန္ဒပြတောင်းဆိုခဲ့သည်။

တောင်းဆိုချက် ရှစ်ချက်မှာ ဇွန်လပိုင်းလစာပေးရန်၊ အလုပ်ထုတ်နစ်နာကြေးပေးရန် မာစတာစပေါ့ဖိနပ်စက်ရုံကိုအမည်ပျက်စာရင်းသွင်းရန်၊ အလုပ်ရှင် ကိုရီးယား မစ္စဘန်အင်ဟိုးကို တရားစွဲဆိုရန်၊ အဂတိလိုက်စားသော အစိုးရ ၀န်ထမ်းများကို အရေးယူပေးရန်နှင့် အစိုးရက လုပ်သားအခွင့်အရေးများကာကွယ်စောင့်ရှောက်ပေးရန်နှင့် မာစတာစပေါ့ဖိနပ်တံဆိပ်ကို သပိတ်မှောက်ရန် စ သည့်အချက်များကို ကြွေးကြော် ရန် ချီတက်ဆန္ဒပြတောင်းဆိုခဲ့ ကြသည်။

ယင်းကဲ့သို့ ဆန္ဒပြတောင်း ဆိုနေစဉ် ဆန္ဒပြလုပ်သားများကို သံရုံးဘက်မှ တုံ့ပြန်ဆောင်ရွက် ခြင်းမရှိကြောင်း သတင်းရရှိ သည်။ သို့သော်တောင်ကိုရီးယား သံရုံးသို့ ဆက်သွယ်မေးမြန်းသည့် အခါ သံရုံးတာဝန်ရှိသူတစ်ဦး က လတ်တလောယင်းကိစ္စနှင့် ပတ်သက်၍ မည်သည့်မှတ်ချက် တစ်စုံတစ်ရာပေးနိုင်ခြင်း မရှိ သေးကြောင်း၊ မကြာမီ သတင်း ထုတ်ပြန်ရန် စီစဉ်ထားကြောင်း ပြန်လည်ဖြေကြားသည်။

ယင်းကိစ္စအပေါ် ၈၈ မျိုး ဆက်ပွင့်လင်းလူ့အဖွဲ့အစည်းမှ အလုပ်သမားရေးရာ ဆောင်ရွက် ပေးသူဒေါ်မာမာဦးက ‘‘ဒီကိစ္စက နှစ်နိုင်ငံအစိုးရအပေါ် တာဝန်ရှိ တယ်။ ကိုရီးယားနိုင်ငံသားဖြစ် တဲ့ ဒီအလုပ်ရှင်က ငါတို့နိုင်ငံကို စော်ကားသလိုဖြစ်တယ်။ အခု တောင်းဆိုနေတာကို မဆိုင်ဘူး လို့ပြောတယ်ဆိုရင် သံရုံးဆို တာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမယ် ဆိုတာ လူတိုင်းသိတယ်။ အကယ်၍ သူ့နိုင်ငံမှာသာ မြန်မာလူမျိုးက ဒီလိုမျိုးလုပ်မယ်ဆိုရင် ဘယ်လို ဖြေရှင်းမလဲဆိုတာ မေးခွန်းထုတ် ချင်တယ်’’ဟု ဆိုသည်။

‘‘ဆန္ဒပြခွင့်ပြုချိန်က နေ့ လယ် ၂ နာရီအထိပဲ။ အဲဒီအချိန် ထိတော့ သံရုံးဘက်က ဘာမှ မတုံ့ပြန်ခဲ့ဘူး။ ချက်ချင်းတုံ့ပြန်ဖို့ လည်း မမျှော်လင့်ပါဘူး။ ဒါပေ မဲ့ သူတို့အနေနဲ့ ဒီလုပ်သား ရှစ်ရာကျော်ကိစ္စကို ဖြေရှင်းပေး လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ တစ်ခုခုတော့ ထူးခြားလာမယ့် လို့ ယုံကြည်ပါတယ်’’ဟု အလုပ် သမား မစန်းသီတာက ပြောသည်။ထို့အပြင် ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာတစ်နိုင်ငံလုံး ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်က မကြာမီကြေညာချက်ထုတ်ပြန် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခု အခါအချက်အလက်များစု ဆောင်းလျက်ရှိကြောင်း အဖွဲ့ ချုပ် ဥက္ကဋ္ဌဦးအောင်လင်းကပြော သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အလုပ်သမားဝန်ကြီးဌာနမှပြည် ထောင်စုဝန်ကြီးက ကိုရီးယားသံ အမတ်နှင့် ဇူလိုင် ၁၀ ရက်က တွေ့ဆုံဆွေးနွေးခဲ့စဉ် ဇူလိုင် ၁၅ ရက်နောက်ဆုံးထား၍ ဖြေရှင်း ဆောင်ရွက်ခိုင်းခဲ့သော်လည်း အလုပ်ရှင်ဘက်မှ လုပ်သားများ ပေးရန် ကျန်ရှိသည့် ဇွန်လပိုင်း လစာကို သာပေးခဲ့ပြီး အလုပ် ထုတ်နစ်နာကြးမပေးခဲ့ဟု ဆိုသည်။ ထို့ကြောင့် လုပ်သား များက ကျေနပ်မှုမရှိ၍ အငြင်း ပွားမှုဖြစ်ပေါ်နေဆဲပင်ဖြစ်သည်။

ယင်းပြဿနာအပေါ် မြန်မာ အစိုးရဘက်မှ ဖြေရှင်းဆောင် ရွက်မှုအားနည်းပြီး ထိရောက်မှု မရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများနှင့် အလုပ်သမားများက ဝေဖန်ပြောဆိုခဲ့သည်။

‘‘သူတို့ အလုပ်သမားတွေ တကယ်နစ်နာတယ်။ သူတို့အ တွက် အလုပ်သမားဝန်ကြီးဌာန က လိုက်ပါပြီး ဆောင်ရွက်ပေး သင့်တယ်လို့ထင်ပါတယ်။ ကိုရီး ယားကို ပြန်သွားတဲ့ စက်ရုံပိုင်ရှင် ကိုလည်း သံရုံးကနေ အဆင့်ဆင့်ဆက်သွယ်ပြီး နစ်နာကြေးပြန်ရ အောင် လုပ်ပေးသင့်တယ်’’ ဟု မာစတာစပေါ့ ဖိနပ်စက်ရုံလုပ် သားဆန္ဒပြ တောင်းဆိုမှုတွင် လိုက်လံဆောင်ရွက်ပေးသူရှေ့ နေဦးဌေးကပြောသည်။

လှိုင်သာယာမှ လမ်း လျှောက်ချီတက်ဆန္ဒပြတောင်း ဆိုရန် ဖြတ်သန်းသွားမည့် သက် ဆိုင်ရာမြို့နယ် ငါးခုထံခွင့်ပြုမိန့် ကို ဇူလိုင် ၁၁ ရက်က တောင်းခံခဲ့ပြီး ခွင့်ပြုချက်ဖြင့် တရားဝင်ဆန္ဒပြခြင်းဖြစ်သည်။

ယင်းစက်ရုံမှ လုပ်သားတစ် ဦးလျှင် ပျမ်းမျှအားဖြင့် လုပ်ခ လစာကျပ် ခုနစ်သောင်းခန့်ရရှိကြပြီး ယင်းစက်ရုံမှာ ပြီးခဲ့သည့် တစ်နှစ် ခွဲဝန်းကျင်ကစတင်လုပ်ငန်း လုပ်ကိုင်ခဲ့ရာ ယခုအခါ အရှုံးပေါ်၍ ပိတ်သိမ်းခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။


7Day Daily

0 comments:

Post a Comment