Friday, July 25, 2014

မြ၀တီမြို့ အားဇာနည်အခမ်းအနားသို့ လာရောက်အလေးပြုသော DKBA တပ်ဖွဲ့ဝင်များကို နယ်မြေခံစစ်တပ်မှ လက်နက်များဖြင့် ၀ိုင်းရံမှုဖြစ်ပွား

မြဝတီမြို့အမှတ်(၁) ရပ်ကွက်တွင်း ရှိ အာဇာနည်ကျောက်တိုင်ဝင်းကြီးတွင် ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀း၃၀ နာရီအချိန်က ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြု လွမ်းသူ့ပန်းခွေချသည့် အခမ်းအနားကို စည်ကားစွာ ကျင်းပပြုလုပ်ခဲ့ရာ မြဝတီမြို့မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် နိုင်ငံ ရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ၊ အင်အား (၈၀ဝ)ကျော် တက်ရောက်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ DKBA တပ်မတော်မှ ဗိုလ်မှူးထွန်းထွန်း ဦးစီးသည့် DKBA တပ်ဖွဲ့ဝင်အင်အား (၄၀)ခန့်သည် လက်နက်များ ကိုင်ဆောင်လာခြင်းမရှိဘဲ ဝတ်စုံပြည့် လာရောက်ပြီး လွမ်းသူ့ပန်းခွေ ချအလေးပြုခဲ့ကြသည်။‘အာဇာနည်နေ့ဟာ မြန်မာနိုင်ငံ အတွင်းနေထိုင်ကြတဲ့ တိုင်းရင်းသားအား လုံးနဲ့ သက်ဆိုင်တဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ကြီးများရဲ့ ထင်ရှားတဲ့ ဂုဏ်ဒြပ်ကို လေးစားသောအားဖြင့် ကျွန် တော်တို့ DKBA တပ်ဖွဲ့ဝင်တွေ ယခုလို လာရောက်အလေးပြုခြင်းဖြစ်တယ်’ ဟု ဗိုလ်မှူးထွန်းထွန်းက ပြောကြားသည်။

ထိုသို့ DKBA တပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထုကြီးမှ မြဝတီမြို့ အာဇာနည် ကျောက်တိုင်ဝင်းကြီးအတွင်း တက် ရောက်အလေးပြုနေစဉ် မြဝတီမြို့ နယ်မြေခံစစ်တပ်မှ အင်အား (၅၀)ခန့်သည် မော်တော်ယာဉ်များဖြင့် ချက်ချင်းဆိုသလို ရောက်ရှိလာပြီး အာဇာနည်ကျောက်တိုင် ဝင်းအပြင်ဘက်မှ လက်နက်ကိုယ်စီ ကိုင်ဆောင်၍ ဝိုင်းရံခဲ့ကြသည်။ ယင်းဖြစ်စဉ်ကြောင့် အာဇာနည်ကျောက်တိုင်ဝင်းအပြင် ဘက်မှ ပြည်သူအချို့မှာ အထိတ်တလန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ၎င်းကိစ္စနှင့် ပတ်သက်၍ နယ်မြေခံစစ်တပ်၏ လုပ်ရပ်သည် မလျော်သောအပြုအမူဖြစ်ကြောင်း ဒေသခံပြည်သူများက သုံးသပ်ပြောဆိုနေ ကြသည်။

ကိုကိုမောင်(မြဝတီ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

0 comments:

Post a Comment