Wednesday, July 23, 2014

♪♪♪♪♪♪ Dateလုပ်တဲ့အခါ သတိပြုစရာ ♪♪♪♪♪♪


ခေတ်ကာလအခြေအနေ၊အချိန်အခါအရ အွန်လိုင်းရဲ့ဆက်သွယ်မှုကြောင့် ယောက်ျားလေး၊ မိန်းကလေး အသိ မိတ်ဆွေတွေဖြစ်ကြပြီး တစ်ယောက်နဲ့တစ်ယောက်မမြင်နိုင်တဲ့ သံယောဇဉ်အနှောင်အဖွဲ့တွေဖြစ်ပေါ်လာတယ် ဆိုတာ မအံ့သြသင့်တဲ့အနေအထားတစ်ခုဖြစ်လာပါပြီ။ ကိုယ့်ဓါတ်ပုံလေးကိုပဲမြင်ဖူး၊တွေ့ဖူးပြီး အပြင်လေကမှာ ထဲထဲဝင်ဝင် စကားပြောဖို့တောင်းဆိုမှုတစ်ခု ဒါမှမဟုတ်အကြောင်းတိုက်ဆိုင်လို့ မျက်နှာစုံညီတွေ့ဆုံကြဖို့ အချိန်အခါတစ်ခုသို့လည်း ရောက်လာတတ်ပါတယ်။ ဒီအခါ ကိုယ့်လိုအပ်ချက်တွေ အဆင်သင့်မဖြစ်နိုင်သေးတဲ့ အခါ မှန်းချက်နဲ့နှမ်းထွက်မကိုက်ညီပဲ ပထမအမြင်တစ်ချက်မှာတင် ကသောင်းကနင်းဖြစ်သွားနိုင်ပါတယ်။ သူနဲ့ ကိုယ်ရဲ့ရေရှည်တည်တံ့မှုက ကံကြမ္မာပေါ်မူတည်တယ်ဆိုရင်တောင် အဦးဆုံးအမြင်မှာ သေသပ်ကျနစေဖို့ “Dateလုပ်တဲ့အခါ သတိပြုစရာ”အချက်လေးတွေကို မှတ်သားလိုက်ကြရအောင်နော်။

(၁) ကေသာဆံမြ လှနေမှ

တစ်ဦးနဲ့တစ်ဦးတွေ့ဆုံကြတဲ့အခါ ဘယ်ရှုထောင့်က စမြင်မယ်မသိတဲ့အချက်က အဓိကပါဝင်နေပါတယ်။ ချိန်းဆိုထားတဲ့နေရာတစ်ခုကို ရောက်ပြီဆိုပါစို့။ သူရောက်လာမဲ့ Directionက ကိုယ့်နောက်ကျောဖက် ကလား၊ အရှေ့ကလား၊ ဘေးတစ်ဖက်စီကလားဆိုတာ မသေချာတဲ့အတွက် အနည်းဆုံးအနောက်ဖက်က လာနိုင်စေအုံး တော့ကေသာအလှကိုအရင်မြင်ရတော့မှာပါ။ ဆံပင်သားလေးတွေ ဖြောင့်စင်းနေမှလှတယ်မဆိုသာသလို လှိုင်းတွန့်ခေါက်လေးတွေ မညီမညာရှိနေတာမျိုးကလည်း ဆွဲဆောင်မှုတစ်မျိုးဖြစ်စေလို့ ကိုယ်နဲ့လိုက်ဖက်ညီ မှန်ကန်စွာပြင်ဆင်ဖို့တော့ လိုအပ်ပါတယ်။ အချိန်ကို ကပ်လာပြီး ချက်ချင်းကားပေါ်ကဆင်းတဲ့ဒီဇိုင်းနဲ့တော့ ဘယ်လိုမှအဆင်မပြေနိုင်ပါဘူးနော်။ ချိန်းဆိုတဲ့အချိန်ထက် ခပ်စောစောရောက်နေပါစေ။ ကိုယ့်အတွက် ပြင်ဆင်ချိန်များများပေးထားပြီး ဆံပင်စတိုင်ကို ဂရုစိုက်ပြုပြင်ပါ။ ဆံပင်အရောင်ကိုလည်း မဆိုးတာကြာလို့ ကွက်တိကွက်ကြားဖြစ်နေတာမျိုးမဖြစ်ောအင် ဂရုပြုသင့်ပါတယ်။

(၂) ကျော့ရှင်းဝင့်ကြွား အ၀တ်အစား

Love is first sightတဲ့။ မြင်မြင်ချင်းချစ်မိသွားတဲ့စိတ်ဆိုတာ ကိုယ်ပေါ်မှာဆင်ထားတဲ့ အ၀တ်အစားတွဲစပ်မှု ပေါ်မှာလည်း မူတည်ပါတယ်။ ကိုယ်နဲ့လိုက်ဖက်တဲ့ အ၀တ်အစားတစ်ခုဖြစ်ဖို့ အလွန်အရေးကြီးပါတယ်။ လိုက်ဖက်တယ်ဆိုရာမှာ မြန်မာဆန်ဆန်မျက်နှာအမျိုးအစားနဲ့ ခေတ်ဆန်ဆန်မျက်နှာအမျိုးအစားတို့ပေါ် မူတည်ပြီးရွေးချယ်သင့်ပါတယ်။ ဈေးကြီးပေးဝယ်ရတိုင်း ကိုယ်နဲ့ကိုက်ညီမှုမရှိနိုင်သလို ကသီးကရွဲနိုင်သောပုံစံ ပေါက်သွားနိုင်ပါတယ်။ ကိုယ့်အနေအထိုင်၊ အပြောအဆိုအပေါ် သက်ရောက်မှုကင်းစေတဲ့ အ၀တ်အစားကို ရှောင်သင့်တဲ့အတွက် မတင်းကျပ်လွန်းသော ၀တ်စုံဖြစ်ဖို့ကတော့ အဓိကအကြောင်းရင်းတစ်ခုသာ ဖြစ်ပါတယ်။ အ၀တ်အစားနဲ့အတူ ဆင်ယင်သွားမဲ့ လက်ဝတ်တန်ဆာများဟာလည်း အမြင်ရှင်းသောဒီဇိုင်းများကိုသုံးပါမှ မိမိမျက်နှာကိုရှင်းလင်းစွာ ကွက်ကွက်ကွင်းကွင်းအမှတ်ရစေမှာပါနော်။

(၃) ပြင်ဆင်ခြယ်သ ရူပါအလှ

မိန်းကလေးအများစုရဲ့ထင်မြင်ချက်က တစ်ယောက်နဲ့တစ်ယောက်တွေ့ကြတဲ့အခါ မျက်နှာလေးကိုအသားပေး ပြင်ဆင်လိုက်ရင်ပဲ အိုကေမှာစိုပြေသွားပြီလို့ သုံးသပ်မိကြမှာပါ။ သို့ပေမဲ့သည်အချက်လေးတစ်ချက်ထဲနဲ့တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ အမြဲတမ်းပြင်ဆင်ခြယ်သနေတတ်တဲ့ မိန်းကလေးတွေအတွက် မပြောလိုပေမဲ့ ပွဲနေပွဲထိုင်မျိုးမှာ ပြင်ဆင်တတ်တဲ့ ပျိုမေတို့ကတော့ သည်နေ့မှာ overဖြစ်မသွားစေဖို့ အရေးကြီးပါတယ်။ မိတ်ကပ်အတင်များသွားတာ၊ ကိုယ်နဲ့မလိုက်ဖက်တဲ့ Eye Shadowတွေသုံးမိတာ စသည်ဖြင့်ပေါ့။ ဘာပဲဖြစ်ဖြစ် ကြိုတင်ပြင်ဆင်မှုတွေနဲ့ သွားသင့်ပါတယ်။ ရက်ကြိုတစ်ရက်မှာသည်နေ့လေးအတွက် အိုကေသွားအောင် မထူလွန်း၊ အသွေးအရောင်လေးဖြစ်အောင် ကျင့်ယူရမှာပဲဖြစ်ပါတယ်။ ဒါမှ လှတစ်မျက်နှာလေးကို ဘ၀တသက်တာစွဲထင်အောင် ဖမ်းစားနိုင်မှာမဟုတ်ပါလား။

(၄) ကိုယ်နေဟန်ထား အလှတရား

မိန်းကလေးတွေဟာ ပျိုဖော်ဝင်စအသက်အရွယ်ကိုရောက်လာတာနဲ့ မိမိတို့ ရှိသင့်ရှိအပ်သော ကိုယ်ခန္ဓာ အချိုး အဆစ်တွေပြောင်းလဲဖြစ်ပေါ်လာပါတယ်။ ဒီအချက်မိန်းကလေးတိုင်း တွေ့ကြုံရမှာဖြစ်လို့ ရှက်ကြောက်နေစရာ လည်း မလိုပြန်ပါဘူး။ တချို့မိန်းကလေးတွေက အရှက်အကြောက်ကြီးစွာကိုယ့်ဖွံ့ဖြိုးလာတဲ့ ကိုယ်ခန္ဓာ ဖြစ်စဉ်ကို ဖုံးကွယ်လိုတဲ့အနေနဲ့ ခါးလေးတွေကုန်းကုန်းပြီးလမ်းလျှောက်တတ်ကြပါတယ်။ ဒီအချက်က သိပ်ကို အမြင်ဆိုးပါတယ်။ မသိလိုက်မသိဖာသာဖြတ်သန်းမိ၊ ပြုမူမိတယ်ဆိုရင်တောင် အချိန်မီပြင်သင့်ပါတယ်။ ကိုယ့် ကိုယ်ကို ပြန်လည်ဆန်းစစ်သင့်ပါတယ်။ ခါးမတ်မတ်၊ ခေါင်းမတ်မတ်ထားပြီးလမ်းလျှောက်တဲ့ အမူအယာ ကိုယ်နေဟန်ထားကလည်း ဆွဲဆောင်မှုအပြည့်ရှိနေပါတယ်။ ခါးမတ်မတ်၊ ခေါင်းမတ်မတ်လက်တွေ လက်တွေ ဘယ်ညာရေရွတ်ပြီးလမ်းလျှောက်တဲ့ စက်ရုပ်မျိုးတော့ မဖြစ်စေနဲ့နော်။

(၅) ပြေပြစ်နှုတ်ချို စကားဆို

ဘယ်အလှတရားတွေ ဘယ်လိုပဲပြင်ဆင်မှုရှိရှိမည်သူမှ မိမိအသံကို လုပ်ယူလို့မရပါဘူး။ ဘုရားပေးထားတဲ့ စကားသံကနေ တဖက်လူနားလည်လွယ်အောင် အနှောင့်အသွားလွတ်သော စကားတို့နဲ့ပြောကြရမှာပါပဲ။ တချို့ကအသံကိုလုပ်ယူတတ်ကြပါတယ်။ ချွဲပြစ်ပြစ်အသံလိုလို၊ မပီကလာသံလိုလိုလုပ်ပြောခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ချိုလွန်းတဲ့အခါပိုသလိုဖြစ်သွားတတ်တဲ့အတွက် မူလပင်ကိုယ်သံကိုပဲအသုံးပြုသင့် တယ်နော်။ အွန်လိုင်းပေါ်မှာ ဘယ်လောက်ပဲစာကြောင်းလေးတွေရိုက်ပြီး ရင်းနှီးမှုရှိကြပါစေ။ ပထမဆုံးတွေ့ဆုံ ကြတဲ့ နေ့လေးမှာတော့ သူ့အကြောင်းကိုများများနားထောင်ပြီး ကိုယ်ဖက်ကစကားအပိုမပြောမိစေဖို့ လိုအပ်ပြန် ပါတယ်။ သူ့အပြောအဆိုကိုကြည့်ခြင်းအားဖြင့် အတွင်းစိတ်ကိုလည်း မြင်ရမှာဖြစ်လို့ တချက်ခုတ် နှစ်ချက်ပြတ် အဖြေထွက်ပြီးသားဖြစ်နိုင်ပါတယ်။

(၆) လှပသေသပ် ထင်ပေါ်လျက်

Dateလုပ်ပါတယ်ဆိုမှ လှလှပပ၀တ်လာမှာပေါ့လို့ စောဒကမတက်နဲ့ဦးနော်။ ရုတ်တရက်တွေ့ဖြစ်သွားကြတဲ့ သူတွေအတွက် အထူးပြောချင်တာပါ။ ခုပဲလမ်းထိပ်ရောက်နေပြီ။ တွေ့ရအောင်နော်ဆိုတဲ့စကားတစ်ခွန်းနဲ့ ကိုယ့်ရင်တွေတဒိုင်းဒိုင်းခုန်ပြီး ရှိရင်းစွဲအလှနဲ့ ပြေးထွက်ပြဖို့တော့ ဘယ်လိုမှ မဖြစ်ချေဘူးနော်။ ဘယ်လောက်ပဲ သဘာဝအလှကိုမြတ်နိုးတယ်ဆိုစေအုံးတော့ အလှမကြိုက်တဲ့အမျိုးသားရယ်လို့ ကမ္ဘာပေါ်မှာရှိမနေသေးပါဘူး။ သည့်အတွက်ဝုန်းဒိုင်းကြဲစိတ်မဆုံးဖြတ်ပဲ အနည်းဆုံးတစ်ရက်လောက်တော့ ခွါချိန်းသင့်ပါတယ်။ အလှအပ ကြွကြွရွရွလုပ်ဆိုတာနဲ့ သူနဲ့တွေ့ဖို့ မိနစ်ပိုင်းအလို ချွေးလေးစို့လာလို့ မျက်နှာလေးကို ပေါင်ဒါထပ်ဖို့မဲ့အစီအစဉ် ကိုလည်း stopပါနော်။ ချွေးထွက်ရင် တစ်ရှုးနဲ့သာဖြေဖျောက်သင့်ပါတယ်။ ထပ်ဖို့လိုက်တဲ့ ပေါင်ဒါကြောင့် မျက်နှာကြီးက ထူပိန်းပိန်းဖြစ်သွားတဲ့ ရှုခင်းရှုခွက်ဟာသိပ်ကိုရုပ်ဆိုးစေလို့ပါ။

(၇) စံတစ်ခုထိဆွဲယူ လိမ္မာသောအပြုအမူ

သူနဲ့ကိုယ်နဲ့ကြားမှာ ကြားခံလူက အင်တာနက်တစ်ခုသာဖြစ်ခဲ့တဲ့အတွက် ကိုယ့်အကြောင်းကို ကိုယ်ဖွင့်ဟပြော ပြသလောက်သာ သူသိရမှာပါ။ ပူလောင်မှုတွေနဲ့ မီးစတထောင်လောက်ဝိုင်းထိုးနေကြသလိုဘ၀ကြီးကို ထွက်ဆိုနိုင်သလို ပျားပိတုန်းလေးတွေပျံဝဲနေတဲ့ကြည်နူးခြင်းအတိပုံဖော်မှုကိုလည်း မိမိကပဲ တာဝန်ယူစကားစ ရတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ကိုသူအထင်မသေးအောင် ကြံဆောင်ရမှာကတော့ မိမိတာဝန်ပဲမဟုတ်လား။ ခုလိုDateခြင်းကို ဘယ်အလုပ်တွေဘယ်လိုများနေတဲ့ကြားက အချိန်ပေးလာရောက်ခဲ့တယ်ဆိုတာမျိုးဖြစ် အောင် ပြောဆိုသင့်ပါတယ်။ အားအားလျားလျား Chattingတွေဝင် တစ်ယောက်ပြီးတစ်ယောက်နဲ့ ကြူကြူစိန် လုပ်နေတဲ့စတိုင်မျိုးဆို အမှတ်တွေလျော့ကုန်တော့မှာပေါ့။ အားလပ်ချိန်မရှိတဲ့အလုပ်တွေကြားကအချိန်နဲ့ လိုင်းသုံးဖြစ်ရင်း အခုလိုတွေ့ဆုံခွင့်ရမဲ့နေ့လေးကို တန်ဖိုးထားအရာရာခဏနားပြီး အရောက်လာခဲ့တယ်ဆိုရင်ပဲ အမှတ်တွေက တက်လာကြတော့မှာပါ။

(၈) တွဲဖက်ညီစဖွယ် ဖိနပ်ရွေးကွယ်

ဖိနပ်။ ဟုတ်ပါတယ်။ ယောက်ျားလေးတွေအတွက်မပြောသာသော်လည်း မိန်းကလေးများအတွက်တော့ ဒီဖိနပ် ရွေးချယ်မှုက တစ်ကဏ္ဍပါဝင်နေပါတယ်။ စကားစပ်မိလို့ဖြစ်စေ၊ ကိုယ်နဲ့ Dateထားတဲ့သူရဲ့အရပ်အမြင့်ကိုသိရင် တော့ ကိုယ့်ရှိရင်းစွဲအရပ်နဲ့လိုတိုးပိုလျှော့ စဉ်းစားလို့ရပြီပေါ့။ သို့ပေမဲ့ ကိုယ့်ထက်အရပ်ပုနေတဲ့သူတစ်ယောက် လို့မထင်မိပဲ သို့မဟုတ် ကိုယ့်အရပ်နဲ့တန်းတူအနေအထားတစ်ခုကို ဒေါက်အမြင့်စားကြီး စီးသွားလိုက်ရင် သူနဲ့ ကိုယ်က ရင်ပေါင်မတန်းနိုင်ပဲ အပေါ်စီးက ငုံ့ကြည့်ရမဲ့အခြေအနေမျိုးနော်။ ယောက်ျားလေးတွေက မေပျိုတို့ ဒေါက်ဖိနပ်ဘယ်နှစ်လက်မကို စိတ်မ၀င်စားတတ်ပဲ “ဟင်…. လောရှည်ကြီး”လို့မှတ်ချက်ပေးမြန်လွန်းတတ်တာ မို့ ဖြစ်နိုင်ရင် ဖိနပ်ခုံ မထူမပါးလေးဆင်မြန်းသွားတာက အမှန်ကန်ဆုံးပါပဲ။ မှာချင်တာတစ်ချက်က အသစ် စက်စက် ဖပ်ဖပ်လှလှလေးနဲ့ ရှိုးထုတ်ချင်သူတွေအတွက် ဖိနပ်မပေါက်အောင်တော့ ကြိုတင်သတိပေးချင်တာ ပါပဲ။ ဖိနပ်ပေါက်တဲ့ဝေဒနာက လူရဲ့မျက်နှာကို ၅၀%လောက် ပျက်ယွင်းစေလို့ပါကွယ်။

သည်လောက်ဆိုရင် စာရေးသူတွေးမိသမျှအချက်အလက်လေးတွေ စုစည်းပေးထားပြီမို့ တစ်ဦးနဲ့တစ်ဦးတွေ့ဆုံ ခြင်းမှာ ချောမွေ့သောလမ်းခရီးတစ်ခုဖြစ်လာမှာ အသေအချာပါပဲ။ လိုအပ်တာလေးတွေကိုပြင်ဆင် ပိုမိုနေသည် များကိုလျော့ချပြီး ပထမဆုံးအမြင်မှာ သေသပ်ကျနသောအသွင်ဆောင်နိုင်ကြပါစေနော်။

ရေကြည်သူ

0 comments:

Post a Comment