Thursday, July 31, 2014

မရေးချင်ဘဲ ရေးလိုက်ရသည့်စာ (ဒီလှိုင်း အယ်ဒီတာအဖွဲ့သို့...)

ခြေဆင်း

စာရေးသူမှာ ကိုယ့်ကိုယ်ကိုယ် လူမုန်းများမှန်း စာရေးဆရာ ဖြစ်တော့မှပဲ သိရတော့သည်။ မြန်မာစာပေတွင် အဆက်ပြတ် အားနည်းနေဆဲဟုထင်သော ခေတ်ပြိုင်နိုင်ငံရေး၊ စီးပွားရေးနှင့် အိုင်ဒီယာရေစီးကြောင်းများကို လက်လှမ်း မီသလောက် မိတ်ဆက်ကြည့်တော့ အနောက်အုပ်စု၏ Mouth Piece ဟုအစွပ်စွဲခံရသည်။ အတွေးအခေါ်သစ်များနှင့်အတူ ကျွဲကူးရေပါ ပါလာသော ဝေါဟာရအချို့ကို ကျစ်လျစ်ထိမိသော ဘာသာပြန်ရှာမရသည်နှင့် အသံဖလှယ် သုံးမိတော့ မြန်မာစာပေဖျက်ဆီးသူဟု စွဲချက်တင်ကြပြန်သည်။ နောက်ဆုံး စိတ်ပျက်နေမိပြီဖြစ်သော သူ့ဘက်ကိုယ့်ဘက် အမြင်တွေမှခွာ၍ ကြားအမြင်ဖြင့် မြန်မာ့နိုင်ငံရေးကို ချဉ်းကပ်ကြည့်မိတော့ အစိုးရအဆက်ဆက်နှင့် ပျော်ပျော်ကြီး ပေးစားကြပြန်သည်။ယေဘုယျအားဖြင့် စာရေးသူ ဘာမှမတုံ့ပြန်ခဲ့ပါ။ ခိုင်ခိုင်မာမာ အယူအဆ သဘောထက် ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေသာများ၍ တုံ့ပြန်စရာ မလိုဟူ၍လည်း သဘောထားခဲ့ပါသည်။ သို့တစေ ၂၈.၇.၂၀၁၄ ထုတ် ဒီလှိုင်းစာစောင် အတွဲ (၃)၊ အမှတ် (၂၉) ပါ ဆောင်းပါးတစ်ပုဒ်ကို ဖတ်ရသော အခါတွင်မူ စာရေးသူဘက်မှ စဉ်းစားစရာတွေ ရှိလာတော့သည်။ ဆောင်းပါးရှင် (ကို) ထက်မြက်၏ ထုံးစံအတိုင်း စာရေးသူကို ထိုးနှက်တိုက်ခိုက်မှုတွေ မကင်းတတ်သေးသော်လည်း သူ့ဆောင်းပါးမှာ ထိလွယ်ရှလွယ် အကဲဆတ်လှသော လက်ရှိအခြေနှင့် ပတ်သက်နေသည်။ အထူးသဖြင့် စိုးရိမ်စိတ်ဖြင့် စာရေးသူ တလေးတနက် ရေးလိုက်သော အဆိုပြုချက်ကို ရှုပ်ရှုပ်ထွေးထွေး နားလည်စေရာလည်း ရောက်သည်ဟု ယူဆသည်။

သို့အတွက် ယခုစာစုကို မရေးချင်ဘဲ ရေးလိုက်ရပါကြောင်း...။

အဝတ်လဲခန်းမှ မိတ်ဆွေကြီး

အမှန်စင်စစ် ဆောင်းပါးရှင် (ကို) ထက်မြက်နှင့် စာရေးသူမှာ လူရင်းတွေ ဖြစ်သည်။ ခေတ်တစ်ခတ်ကို အတူအန်တုခဲ့ကြရင်း တစ်ခုသောအဝတ်လဲခန်းတွင် ကာလတစ်ခု အတူနေခဲ့ကြဖူးပါသည်။ ဤနေရာတွင် ဆက်စပ်မိစေရန် ‘အဝတ်လဲခန်း’ ဆိုသော ဆရာဒဂုန်တာရာ၏ စကားကို ပြန်ညွှန်း လိုသည်။ ဆရာတာရာက ယခုလိုရေးဖူး သည်။ “မျက်နှာဖုံးစွပ်၍ကရသော ကပွဲကြီးပါတကား။ အဝတ်လဲခန်း ရောက်တော့မှ မျက်နှာအစစ်ကို တွေ့ရတော့သည်” စသည်ဖြင့်။ မြန်မာ့နိုင်ငံရေး၏ အဝတ်လဲခန်း တစ်ခုတွင် အတူနေခဲ့ရပြီးဖြစ်၍ (ကို) ထက်မြက်၏ မျက်နှာအစစ်ကို စာရေးသူ မြင်ခဲ့ဖူးတာ ကြာပါပြီ။

ယခုဆောင်းပါးတွင်မူ (ကို) ထက်မြက်က ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှုမှစ၍ နောက်ပိုင်း နိုင်ငံရေး အလှုပ်အယမ်းများကို ခင်းပြသည်။ ဤအထိတော့ စာရေးသူ ယေဘုယျ သဘောတူနိုင်ပါသည်။ တစ်ခုတော့ ကွာနိုင်သည်။ ‘ချ’ သမိုင်းကြီးနှင့်အတူ သက်ဆိုး ရှည်ကြာလှပြီဖြစ်သော Blame Game တွေကို စာရေးသူက စိတ်ပျက် လှပြီ။ ဆရာတာရာ အမြော်အမြင်ရှိရှိ အမွေပေးခဲ့သော ‘ရန်သူမရှိ၊ မိတ်ဆွေသာရှိ’ အယူအဆကို နှစ်နှစ်ကာကာယုံပြီး လက်တွေ့ကျကျ ကျင့်သုံးလိုသူ ဖြစ်နေပါပြီ။ (အဆိုပါ အယူအဆကို (ကို) ထက်မြက်ကိုယ်တိုင်ကတော့ လက်ခံ၊ လက်မခံ မသေချာ။ ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ရဲဟန်တော့ မရှိ။ ‘ဒဂုန်တာရာ’ ကိုး)

ဆောင်းပါး၏ ကော်လံ (၃) အရောက်မှာပင် စာရေးသူအကြောင်း ပါလာတော့သည်။ ‘စာရေးဆရာ ကျော်ဝင်းမှာ အမျိုးသားလွှတ်တော်မှ အကြံပေး အရာရှိတစ်ဦး ဖြစ်သည်ဟု ကြားသိရသည်။ အခြားမည်သည့်ဌာနနှင့် မည်သူ၏ အကြံပေးအရာရှိ ဖြစ်သည်ကိုကား မသိရသော်လည်း..’ စသည်ဖြင့်။ စာရေးသူ အမျိုးသားလွှတ်တော် ကော်မရှင်အဖွဲ့ဝင် ဖြစ်သည်မှာ ခိုးကြောင် ခိုးဝှက်မဟုတ်။ တရားဝင် ထုတ်ပြန်ကြေညာပြီး ဖြစ်သည်။ ဒါကို (ကို) ထက်မြက်က မသိဆိုတော့ အံ့သြရသည်။ (တစ်လသိန်း ၂၀ ကမ်းလှမ်းချက်ကို ငြင်းပြီး တစ်လသုံးသိန်း အလုပ်ကို လုပ်နေသည်ကိုတော့ သိမှ သိပါလေစ။ သိလည်း မသိသလို နေပါလိမ့်မည်။) မျက်နှာအစစ်ကို သိထားပြီးသော (ကို) ထက်မြက်၏ ကလောင်မာယာကို စာရေးသူ ဆဝါးပြီး ဖြစ်ပါသည်။ ထားတော့...။

သံသယအရေခြုံ နိမိတ်ပြမေးခွန်း

ထားလို့မရသည်မှာ စာရေးသူ၏ အဆိုပြုချက် (အမျိုးသားပြန်လည် သင့်မြတ်ရေး အစိုးရဆောင်းပါး၊ Voice တွင်ပါပြီး) အပေါ် (ကို) ထက်မြက် ထုတ်လိုက်သော သံသယယောင်ယောင် နိမိတ်ပြမေးခွန်းပင် ဖြစ်သည်။ ယခုလို... “စာရေးဆရာ ကျော်ဝင်း၏ သဘောထား ကမ်းလှမ်းချက်လား၊ ဦးသိန်းစိန်၏ သဘောထား ကမ်းလှမ်းချက်လား၊ လွှတ်တော်၏ သဘောထား ကမ်းလှမ်းချက်လား၊ မသိနိုင်ပေ...။” ဟူ၏။

စာရေးသူဘက်မှ လိပ်ပြာသန့်သန့်ဖြင့် အတိအလင်း ဖြေပါမည်။ (ကို) ထက်မြက် အတွက်တော့ မဟုတ်။ စာဖတ်ပရိသတ်အတွက် ဖြစ်သည်။ စာရေးသူ၏ အဆိုပြုချက် (ဆောင်းပါး) မှာ ကော်မရှင်နှင့်မဆိုင်၊ လွှတ်တော်နှင့် မဆိုင်၊ ဦးသိန်းစိန်နှင့် ပို၍ပင် မဆိုင်ပါ။ လာရီဒိုင်းမွန်း၊ အီဂေါဗလာဇိုဗစ် အစရှိသော နိုင်ငံတကာပညာရှင်များ၏ အကြံပြုချက်များကို အခြေခံပြီး စာရေးသူ ဉာဏ်မီသမျှ တင်ပြကြည့်ခြင်းမျှသာ ဖြစ်ပါသည်။

(ကို) ထက်မြက်၏ ဆောင်းပါးအဆုံးတွင်မူ ‘တွေ့ဆုံညှိနှိုင်းခြင်းသာ အကောင်းဆုံး’ ဟု ညွှန်းထားပါသည်။ သဘောတူ လက်ခံပါသည်။ သို့တစေ၊ ‘စားပွဲဝိုင်းဆွေးနွေးပွဲများမှာ စစ်မြေပြင်တွင် မရနိုင်သောအောင်ပွဲများကို အရယူနိုင်မည်ဆိုလျှင် ကြိုဆို အပ်ပေသည်’ ဆိုသော အလုပ်မဖြစ်ခဲ့သည့် တစ်ခါကအမြင်များကို စွန့်လွှတ်ဖို့တော့ လိုပါသည်။ တကယ်တော့ တွေ့ဆုံရုံဖြင့်မပြီး။ အပြန်အလှန် အဆိုပြုချက်တွေ တင်ကြဖို့လိုသည်။ အဆိုပြုချက် ဆိုရာတွင် မိမိအလိုရှိရာ တောင်းဆိုရုံမျှမဟုတ်။ မိမိဘက်မှ အလျှော့ပေးနိုင်သည် များကိုလည်း ပူးတွဲဖော်ပြဖို့ လိုပါလိမ့်မည်။ ဒေါ်အောင်ဆန်းစုကြည် ပြောဖူးသလို “ဒီမိုကရေစီဆိုသည်မှာ အပြန်အလှန် အလျှော့ပေး စေ့စပ်ညှိနှိုင်းကြရသည်” သာဖြစ်ပါသည်။ ဆောင်းပါးရှင် (ကို) ထက်မြက်၏ လိုလားချက်အမှန်ကိုမူ သူပေးထားသော ခေါင်းစဉ်မှာပင် အလွယ်နှင့် သိနိုင်ပါသည်။ “၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအရှိန်ကို လျှော့မချလိုက်ကြနှင့်” ဟူသတတ်။

သိလိုသည်မှာ

စာရးသူအနေနှင့် NLD ခေါင်းဆောင်အပေါ် အများကြီး မျှော်လင့်ချက်ထားပါသည်။ အထူးသဖြင့် လက်ဝဲရယ်ဒီကယ် အစွဲကြီးလှသော မြန်မာ့နိုင်ငံရေးတွင် လစ်ဘရယ်ပညာရေး အခြေခံအားကောင်းသော ခေါင်းဆောင်တစ်ဦး ပေါ်ထွက်လာသည့်အတွက် အားတက်ရပါသည်။ သို့တစေ ယခုထက်တိုင် အာဘော်ဖန်တီးနိုင်စွမ်း ရှိနေဆဲ အင်အားစုများအနေနှင့် သြဇာကြီးသော သူမကို ရယ်ဒီကယ်လှိုင်းထဲသို့ ကျွံသွားစေရန် တစ်ရံမလပ် အားထုတ်နေကြသည်ကိုလည်း သတိပြုမိပါသည်။ ယခု ဒီလှိုင်း စာစောင်ပါ (ကို) ထက်မြက်၏ ဆောင်းပါးမှာ အဆိုပါကြိုးပမ်းမှု၏ အစိတ်အပိုင်းတစ်ရပ်ဟု မြင်သည်။

ပြောရလျှင် (ကို) ထက်မြက်အကြောင်းကို သိပြီးဖြစ်၍ သူ့စာနှင့် သူ့အာဘော်ကို စာရေးသူ မအံ့သြပါ။ စာတစ်စောင် ပေတစ်ဖွဲ့ တုံ့ပြန်ရေးဖို့ပင် သဘောထားမရှိပါ။ သို့တိုင်အောင် သူ့ဆောင်းပါးမှာ ‘ဒီလှိုင်း’ တွင် ပါနေ၍ သူ့အာဘော်သည်ပင် ‘ဒီလှိုင်း’ ၏ အာဘော် ဟုတ်မဟုတ် စဉ်းစားစရာ ရှိနေပါသည်။ ထို့ထက် ဒီလှိုင်းမှာ NLD ၏ အာဘော်ဟု နားလည်ထားရာ ဒီလှိုင်း၏ အာဘော်ဆိုလျှင် NLD ၏ ရပ်ခံချက်ဖြစ်လေမည်လား သိလိုပါသည်။

သို့ပါ၍ (ကို) ထက်မြက်၏ အထက်ပါဆောင်းပါးမှာ ဒီလှိုင်း၏အာဘော် ဟုတ် မဟုတ်၊ NLD ၏ ရပ်တည်ချက်အမြင် ဟုတ် မဟုတ်၊ ဒီလှိုင်း အယ်ဒီတာအဖွဲ့မှ ဖြေကြားပေးစေလိုပါသည်။ ဤကိစ္စမှာ တိုင်းပြည်ကံကြမ္မာနှင့် ဆက်စပ်နေသည်ဟု ယူဆပါ၍ သိလိုရင်း ဖြစ်သည်။ စာရေးသူ တစ်ဦးချင်းအနေနှင့်ကား ဘာမှအရေးမကြီးပါ။ သင်္ဂဇာဆရာတော်ကြီး မိန့်ကြားဖူးသလို “ငရဲမကြီးအောင် အဆဲပြီးဆေးဆောင်ထား” ပြီး ဖြစ်ပါသည်။

ကျော်ဝင်း
၃၀.ဇူလိုင်.၂၀၁၄

စာညွှန်း
၁။ အမျိုးသား ပြန်လည်သင့်မြတ်ရေးအစိုးရ (သို့မဟုတ်) ပြည်ထောင်စုအကျပ်အတည်းမှ ထွက်ရပ်လမ်း (ကျော်ဝင်း) (The Voice Daily, Vol.2, No.78)
၂။ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအရှိန်ကို လျှော့မချလိုက်ကြနှင့် (ထက်မြက်) ဒီလှိုင်း (၂၈.၇.၂၀၁၄)

the voice weekly မှ ကူးယူဖော်ပြသည်

မြန်မာ့နိုင်ငံရေးဆောင်းပါးများ

0 comments:

Post a Comment