Sunday, July 27, 2014

အချုပ်ခန်းဖောက် ထွက်ပြေးမှု ဖြစ်ပွားရာ သုံးဦးသေဆုံး

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲ မြို့မ ရဲစခန်း၌ ယမန်နေ့ည ၇ နာရီခန့်တွင် အချုပ်သားများ အချုပ်ခန်း ဖောက် ထွက်ပြေးမှုကြောင့် သေနတ် ပစ်ဖောက် ဖမ်းဆီး ခဲ့ရာ တရားခံ သုံးဦး သေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာ ရရှိခဲ့ကာ စခန်းမှူး အပါအ၀င် ရဲတပ်ဖွဲ့ဝင် လေးဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ည ၇ နာရီ အချိန်တွင် ရဲစခန်း အတွင်းရှိ အခန်း(၃) အမျိုးသမီး အချုပ်ခန်း အတွင်းသို့ ပြင်ပတွင် ထားရှိသော စောင်များ သွင်းခဲ့ပြီး တစ်ဆက်တည်းပင် အချုပ်ခန်း (၂)ရှိ အမျိုးသား အချုပ်ခန်း အတွင်းသို့ ပြင်ပတွင် ထားရှိသော စောင်များ ဆက်လက် သွင်းမည် ပြုစဉ် အဆိုပါ အချုပ်ခန်း အတွင်းရှိ အချုပ်သား ခုနစ်ဦးက အချုပ်ခန်း တံခါးကို အတင်း တွန်းဖွင့်ပြီး အချုပ်သား တစ်ဦးက ကင်းသား ရဲ ဒုတိယတပ်ကြပ် နောင်နောင် ကို လက်သီးဖြင့် ထိုးခဲ့ကြောင်း သိရသည်။ထိုသို့ အချုပ်သား တစ်ဦးက လက်သီးဖြင့် ထိုးသဖြင့် တာဝန်မှူး ဒုတိယ ရဲအုပ်နှင့် ကင်းမှူး ရဲတပ်ကြပ် တို့က ပြန်လည် ထိုးကြိတ်စဉ် အချုပ်ခန်း အပြင်ဘက်သို့ ရောက်ရှိလာသော အချုပ်သား ခြောက်ဦး မှလည်း ဝိုင်းဝန်း ထိုးကြိတ်၍ အချုပ်ခန်း အပြင်ဘက် ဘေးပတ်လည်ရှိ အုတ်နံရံတွင် ကာရံထားသော သံဆန်ခါကို အတင်း ဆွဲဖြတ် ထွက်ပြေး ခဲ့ကြောင်း သိရသည်။

ထွက်ပြေးသည့် တရားခံများကို စခန်းမှူး နှင့် ရဲတပ်ဖွဲ့ဝင် များက M 22 သေနတ် တစ်လက်၊ HK 33 သေနတ် တစ်လက်တို့ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ရာ ည ၇ နာရီ ၃၅ မိနစ်တွင် အချုပ်သား ခုနစ်ဦး ကိုပြန်လည် ဖမ်းဆီး ရမိခဲ့ သော်လည်း အချုပ်သား သုံးဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံး သွားသော အချုပ်သား သုံးဦးနှင့် ဒဏ်ရာရရှိသူ နှစ်ဦးမှာ မူးယစ်ဆေးဝါး မှုဖြင့် တရားရုံးတွင် အစစ်ဆေး ခံနေရသူများ ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်တွင် သေဆုံးသူ သုံးဦး၊ ဒဏ်ရာ ရရှိသူ နှစ်ဦးနှင့် ဒဏ်ရာရ ရဲတပ်ဖွဲ့ဝင် လေးဦးတို့ကို ရဲဆေးစာ ဖြင့် ကျောက်မဲခရိုင် ဆေးရုံကြီးသို့ ပို့ဆောင် ထားကြောင်း သိရှိရသည်။ (၁၆၃)

PyiChitThar

0 comments:

Post a Comment