Sunday, July 27, 2014

Key Person ဆိုသည်မှာ



အဖွဲ့အစည်းတစ်ခု၊ ကုမ္ပဏီတစ်ခု၊လုပ်ငန်းဌာနတစ်ခုမှာ ကုမ္ပဏီအဖွဲ့အစည်းက အားကိုး အားထားပြုရလောက်တဲ့ Key Person ဆိုတဲ့ အဓိကကျတဲ့ လူတွေရှိနေတတ်တယ်။ ခေါင်းဆောင်မှု အဖွဲ့အစည်းမှာ ရှိနေတဲ့သူတွေဟာ အဲဒီ Key Person တွေကို အလေးဂရုပြုကြဖို့လိုတယ်။မတွေ့ရင် တွေ့အောင်ရှာတတ်ဖို့လိုသလိုတွေ့ပြီဆိုရင်လည်း သူတို့ကိုလုပ်ငန်းခွင်ထဲမှာ ရေရှည်မြဲ အောင်ကြိုးပမ်းသင့်တယ်။
Key Person ဆိုတာ နဖူးမှာစာကပ်ထားတာ မဟုတ်တဲ့အတွက် ဘယ်သူဘယ်ဝါရယ်လို့သိရှိဖို့နဲ့ ခွဲခြားသတ်မှတ်ဖို့ကနဦးပိုင်းမှာ ခက်ခဲနေတတ်တာအမှန်ပါပဲ။ဒါပေမဲ့ ခေါင်းဆောင်ကောင်းတွေဟာ အဲဒီအဓိကကျတဲ့ပုဂ္ဂိုလ် (သော့ချက်ပုဂ္ဂိုလ်)ကို လေ့လာယူမယ်ဆိုရင် မလွဲမသွေတွေ့ရှိနိုင်ပါလိမ့်မယ်။ ဘာကြောင့်လဲ သူတို့ဟာ အများနဲ့မတူတဲ့ ပြုမူလှုပ်ရှားမှုတွေရှိနေတတ်တာကြောင့် အမြဲပဲအများ ထက်ခေါင်းတစ်လုံးပိုမြင့်လို့ပဲဖြစ်ပါတယ်။

Key Person ဆိုတာ အသက်ကြီးတာ၊အသက်ငယ်တာ၊ အတွေ့အကြုံများတာ၊နည်းတာတွေနဲ့မဆိုင်သလို၊ ယောက်ျားမိန်းမဆိုပြီး ခွဲခြားသတ်မှတ်ဖို့မလိုပါဘူး။ကိုယ်တာဝန်ယူထားတဲ့လုပ်ငန်းကို မခိုမကပ်၊ မငြီးမငြူ ဆောင်ရွက်လုပ်ကိုင်တတ်သူ၊ တည်ထွင်ဆန်းသစ်မှုရှိရှိ အမှီခိုကင်းကင်းလုပ်နိုင်တဲ့သူ၊ လုပ်ငန်းခွင်မှာ အချင်းချင်းအပြန်အလှန်လေးစားမှုနဲ့ ဆက်ဆံတတ်တဲ့သူ လူမှုရေးစိတ်ဓာတ်ရှိပြီး အများအတွက် အနစ်နာခံဆောင်ရွက်ဖို့ဝန်မလေးသူစတဲ့သူတွေထဲမှာ Key Personကို ရှာဖွေတွေ့ရှိတတ်တယ်။

ဒီနေရာမှာ သတိထားရမှာက အထက်မှာဖော်ပြခဲ့တဲ့အချက်တွေဟာ ယေဘုယျသာဖြစ်ပြီး ဒီထက်မကတဲ့အချက်အလက် တွေလည်း လက်တွေ့ဘ၀ထဲမှာ အမြောက်အမြားရှိနေပါဦးမယ်။ သတိထားရမှာက အားလုံးပြည့်စုံသူမှ Key Personဖြစ်နိုင်တယ်ဆိုတဲ့အယူအဆမျိုးတွေမတွေးမိဖို့ပဲဖြစ်ပါတယ်။ လူဆိုတာ အရာရာပြည့်စုံနိုင်တာမဟုတ်လေတော့ အများရှေ့မှာ ချွန်ထွက်နေသူတိုင်းကို စူးစမ်းလေ့လာသင့်ပါတယ်။

ကောင်းမွန်ချက်က ၇၀ ရာခိုင်နှုန်းဖြစ်နေပြီး ၃၀ ရာခိုင်နှုန်းက ကိုယ်မကြိုက်တာတွေဖြစ်နေရင်တောင် သူ့ကိုသတိထားကြည့်သင့်ပါတယ်။ Key Person အဖြစ်မွေးမြူတည်ဆောက်ဖို့ စဉ်းစားသင့်ပါတယ်။ ဒါထက်မက ကိုယ့်ရဲ့အမှတ်ပေးအစီအစဉ်မှာ ၇၀ ရာခိုင်နှုန်းကျော်သွားပြီဆိုရင်တော့ အဲဒီပုဂ္ဂိုလ်ကို သော့ချက်ပုဂ္ဂိုလ်အဖြစ် ရွေးချယ်မွေးမြူနိုင်ပါလိမ့်မယ်။

သတထိားရမှာ က ကယိုြ်ကညရ့ှ်ေု လ့လာနေတဲ့ပုဂ္ဂိုလ်ဟာ အရာကိစ္စတွေကို အများအမြင်မှာ တင့်တယ်အောင်လုပ်ယူနေတဲ့သူလား၊ ပကတိစိတ်ရင်းစေတနာမှန်နဲ့ဆောင်ရွက်နေသူလားဆိုတာ ခေါင်းဆောင်မှုကို တာဝန်ယူထားတဲ့သူတွေအကဲခတ်တတ်ဖို့ပါ။ သဏ္ဍာန်တွေကို အမှန်ထင်ပြီး မှားယွင်းဆုံးဖြတ်မိတဲ့အခါ အကျိုးသက်ရောက်မှု မကောင်းတာတွေကို တွေ့ရတတ်တယ်လေ။

တချို့က လူကြီးတွေအနားရောက်လာမှ အလုပ်များပြနေတတ်တာ၊ အထက်ကိုဖား အောက်ကိုဖိတတ်တာ၊ ကိုယ်နဲ့တန်းတူရည်တူ အနေအထား၊ ပုခုံးချင်းယှဉ်နေတဲ့ အနေအထားက လူကိုဒုက္ခရောက်အောင် အဆင်းမှာ ဘီးတပ်ပေးတတ်တာကစတဲ့အကျင့်ဆိုးတွေရှိတတ်
ကြတာအမှန်ပဲ။ သူတို့ဟာ ပကတိအမှန်တရား၊ အရှိတရားကို ဖုံးကွယ်ပြီး ဟန်ဆောင် မျက်နှာဖုံးတွေတတ်ထားကြလေတော့ တချို့တာဝန်ရှိသူတွေဟာ လူရွေးမှားသွားတတ်ကြတယ်။

ခေါင်းဆောင်မှုအခန်းကဏ္ဍကို တာဝန်ယူထားတဲ့သူတွေ၊ လူကြီးတွေဆိုတာဟာလည်း၊ ပေါင်းမြက်နဲ့ ပန်းပင်ကို ခွဲခြားတတ်တယ်ဆိုပေမဲ့ လူထဲကလူတွေဖြစ်တဲ့သူတို့တစ်တွေဟာ တစ်ခါတစ်ရံမှာသဏ္ဌာန်သမားတွေရဲ့စကား၊ အပြုအမူနဲ့တခြားတခြားသာယာစရာကိစ္စတွေအပေါ်မှာ တိမ်းညွှတ်ပြီးမှားယွင်းစွာ ဆုံးဖြတ်တတ်တယ်။ အဲဒီလိုအမှားမျိုးကိုသာကျူးလွန်မိလို့ကတော့ ကိုယ်ရွေးချယ်လိုက်မိတဲ့ Key Person ဟာ ကိုယ့်အဖွဲ့အစည်း၊ကိုယ့်ကုမ္ပဏီရဲ့တိုးတက်အောင်မြင်မှုကိုဖော်ဆောင်မပေးနိုင်ရုံမက ပြိုလဲကျပျက်စီးအောင်လုပ်မယ့်သူ ဖြစ်သွားတတ်တယ်။

ဘာကြောင့်လဲ အဖြေကရှင်းပါတယ်။သူဟာ ကိုယ့်ရဲ့ကိုယ်ကျိုးစီးပွားအတွက်အမှန်မဟုတ်တဲ့ သဏ္ဍာန်တွေကို လုပ်ပြခဲ့တာဖြစ်တဲ့အတွက် လူကြီးကသဘောကျလို့ လုပ်ပိုင်ခွင့်တစ်ခုခုရသွားတဲ့အခါ အဲဒီလုပ်ပိုင်ခွင့်ကို အသုံးချပြီး သူ့ကိုယ်ကျိုးအတွက် အသုံးပြုတော့မှာပဲ။ ဒီအခါ ကုမ္ပဏီအကျိုး၊ အများအကျိုးဆိုတာ ကိုယ့်အကျိုးရဲ့လက်အောက်ခံဖြစ်သွားလေတော့ အဲဒီကုမ္ပဏီလုပ်ငန်းနဲ့ အဖွဲ့အစည်းဟာ ထင်တိုင်းမပေါက်တော့မှာသေချာပါတယ်။

ဒီတော့ လူရွေးမမှားရလေအောင်တာဝန်ရှိသူတွေအနေနဲ့ ကြိုးစားသင့်တယ်။ နားတွေ၊ မျက်စိတွေ၊ သတင်းအချက်အလက်တွေကို အသုံးပြုပြီး ပကတိများထဲကနေပြီး အမှန်ကို ရွေးချယ်နိုင်ကြဖို့လိုတယ်။ လုပ်ငန်းခွင်ထဲက ပကတိအခြေအနေတွေကို အခြေခံပြီး Key Personအစစ်အမှန်ကို ရွေးချယ်သင့်ကြပါတယ်။

ဒီနေရာမှာ အိန္ဒိယယောဂီသူတော်စင်တစ်ဦးရဲ့စကားကို ဆရာကြီးဦးဂိုအင်ဂါက ကိုးကားပြောကြားခဲ့တာကို သတိထားစေချင်တယ်။ အဲဒီစကားကတော့“ဘာကိုမှ အတင်းအကြပ်မလုပ်ပါနဲ့။ ဘာကိုမှ စီမံဖန်ဆင်းခြင်းမပြုလုပ်ပါနဲ့။ အရာရာဟာ မိမိဖြစ်ရိုးဖြစ်စဉ်အတိုင်းသာဖြစ်နေပါစေ...လို့ပါပဲ။

ဒီအတိုင်းပဲ Key Person ဆိုတာ အတင်းအကြပ်ရှာဖွေပြီး ယူရမှာမျိုးမဟုတ်သလို မမှန်မကန်စီမံဖန်ဆင်းတဲ့ပုဂ္ဂိုလ်မျိုးကို အရွေးမမှားဖို့လည်း လိုအပ်လိမ့်မယ်။အားလုံးဟာ ပကတိအတိုင်း၊ သွေးရိုးသားရိုးအတိုင်း ပြုမူပြောဆို၊ လုပ်ကိုင်ဆောင်ရွက်မှုတွေပေါ်မှာ အခြေခံပြီး အမြင်ကြည်ကြည်နဲ့ ကြည့်ရှုရှာဖွေသင့်တယ်။ ဒါမှသာလူမှန်ကို ရမှာမဟုတ်လား။

သူဟာ လုပ်ငန်းခွင်ကို ပိုမိုချောမွေ့အောင်လုပ်ဖော်ကိုင်ဖက်တွေကို စည်းရုံးလှုံ့ဆော်နိုင်သူဖြစ်သလို ကိုယ့်ကုမ္ပဏီရဲ့အနာဂတ်ကို အလှပဆုံးဖြစ် အောင်ပုံဖော်ပေးနိုင်သူလည်း ဖြစ်ပါတယ်။အထက်နဲ့အောက် ညီညွတ်မျှတစေကာ၊လေးစားချစ်ခင်စေတာ စတဲ့အချက်အလက်ကောင်းတွေကိုလည်း ဖော်ဆောင်ပေးပါလိမ့်မယ်။ “ကျွဲကူးရေပါ” ဆိုသလိုကုမ္ပဏီဖွံ့ဖြိုးတိုးတက်အောင် ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်တာဟာကိုယ့်ဘ၀မြင့်မားတိုးတက်စေဖို့လည်း အထောက်အကူဖြစ်စေတယ်ဆိုတာ သူကတစ်ဆင့် အများနားလည်သွားစေလိမ့်မယ်။

Key Person ဆိုတာ ကုမ္ပဏီတစ်ခုအတွက် အရေးကြီးတဲ့ကဏ္ဍမှာ ရှိနေပါတယ်။အခရာလို့ မဆိုနိုင်ပေမဲ့ လျစ်လျူရှုလို့မရပြန်ဘူး။ သူ့ကို ကောင်းမွန်စွာ မွေးမြူတည်ဆောက်သင့်သလို ကုမ္ပဏီနဲ့ ရေရှည်လက်တွဲသွားနိုင်အောင်လည်း စည်းရုံးထားသင့်တယ်။ “ငကန်းသေ-ငစွေပေါ်လိမ့်မယ်”ဆိုတဲ့ အယူအဆမျိုးဟာ အန္တရာယ်ရှိပါတယ်။ လူကောင်းတွေကို ကိုယ့်အပါးကမောင်းထုတ်ဖြစ်လိုက်သလို ဖြစ်သွားစေရုံမက လူညံ့လူရှော်တွေကို ကိုယ့်အပါးမှာရောက်လာစေတယ်။

လူကောင်းတွေ ဘေးရောက်သွားပြီးကိုယ်ကျိုးသမားတွေ “ငို့ဘ” တွေကုမ္ပဏီထဲမှာ စုပြုံရောက်ရှိလာတာဟာ အင်မတန်အန္တရာယ်ကြီးပါတယ်။ သူတို့ဟာကုမ္ပဏီအဖွဲ့အစည်းအတွက် ကောင်းမှုထက်ဆိုးမှုကို ပိုမိုဖြစ်စေလိမ့်မယ်။ ဒါဟာကမ္ဘာနဲ့ အ၀ှမ်းကြုံတွေ့ဖြစ်ပျက်နေတဲ့ အချင်းအရာတစ်ခုအဖြစ် မြင်တွေ့သိနိုင်ကြပါတယ်။
ဖြစ်စေချင်တာကတော့ တာဝန်ရှိတဲ့သူတွေအနေနဲ့ ကိုယ့်ကုမ္ပဏီရဲ့လုပ်ငန်းခွင်အသီးသီးထဲက အရည်အချင်းရှိတဲ့၊ အလားအလာရှိတဲ့၊ ပုဂ္ဂိုလ်တွေကို စောင့်ကြည့်လေ့လာပြီး Key Person အဖြစ်မွေးမြူသင့်တယ်။ ကိုယ်နဲ့ဝေးရာထွက်မသွားဖြစ်အောင်လည်း ဂရုစိုက်သင့်တယ်။ သူတို့ဟာ ကိုယ့်အတွက် “ညာလက်ရုံး” သဖွယ်အားထားရတဲ့သူတွေဖြစ်လာမှာကိုယ့်ရဲ့လုပ်ငန်းဟာလည်း မျှော်မှန်းထားသလို အကျိုးသက်ရောက်မှုရှိလာမှာ မဟုတ်လား။

Source: HR Journal

0 comments:

Post a Comment