Sunday, July 27, 2014

စွမ်းဆောင်ရည်ဟာ ဘက်ထရီတစ်လုံး မဟုတ်ပါ



တိုင်းပြည်တစ်ပြည်မှာ စွမ်းဆောင်ရည်ညံ့တဲ့ပုဂ္ဂိုလ်ခေါင်းဆောင်နေရင် အဲဒီတိုင်းပြည်ဟာ ချမ်းသာကြယ်ဝဖို့မလွယ်ပါဘူး။ဒုက္ခဆင်းရဲတွေ၊ ဆင်းရဲမွဲတေမှုတွေနဲ့ မလွဲမသွေကြုံတွေ့ရလိမ့်မယ်။ အဲဒီကတစ်ဆင့်ပဋိပက္ခတွေ၊ စစ်ပွဲတွေဖြစ်ပေါ်လာပြီးနောက်ဆုံးမှာ အဲဒီတိုင်းပြည်ဟာ “ကျွန်စုတ်ပြစ်တဲ့ သရက်စေ့”လိုဖြစ်သွားတတ်တယ်။ ဆင်းရဲတွင်းထဲကို ရောက်သွားကြတဲ့မြောက်မြားလှစွာသော ပြည်သူတွေကလည်း သူတို့ရဲ့မဟာခေါင်းဆောင်ကြီးများကို နှာခေါင်းရှုံ့အပြစ်တင်ကြမှာလည်း အမှန်ပါပဲ။ အရည်အချင်းမဲ့တဲ့၊ စွမ်းဆောင်ရည်အားမပြည့်တဲ့ အဲဒီပုဂ္ဂိုလ်ကြီးများကိုအိပ်ယာဝင်တိုင်း မေတ္တာပို့နေတတ်တယ်။သူတို့က စွမ်းဆောင်ရည် ဘက်ထရီတစ်လုံးနဲ့ တူတယ်လို့ ထင်နေတတ်ကြတယ်။ ဘက်ထရီဟာ အားပြည့်နေရင်လုပ်သင့်လုပ်ထိုက်တဲ့အလုပ်တွေကို လုပ်ရာမှာ အောင်မြင်အောင် စွမ်းအင်ပြည့် ဆောင်ရွက်နိုင်မှာဖြစ်တယ်။ ဟိုကိစ္စမှာလွဲလိုက်၊ ဒီကိစ္စမှာချော်လိုက် မအောင်မြင်တာနဲ့ ခရီးမရောက်တာတွေက များနေတဲ့ခေါင်းဆောင်ဆိုသူများရဲ့ စွမ်းဆောင်နိုင်မနဲ့ လုပ်ငန်းစွမ်းရည်တွေအပေါ် သံသယဖြစ်ကြတယ်။ ဒီလိုပုံနှင့် မိုးကြီးချုပ်လျှင်အိမ်ပြန်မရောက်ဘဲ မျက်စိလည်နေမှာကိုလည်း ကြောက်ကြတယ်။ သူတို့ကြောင့်ကြာလေနစ်မွန်းလေဖြစ်သွားနိုင်တယ် မဟုတ်လား။

ဘယ်အဖွဲ့အစည်းမှာမဆို အဖွဲ့အစည်းကို တည့်မတ်လမ်းညွှန်မှုပေးတာ၊အောင်မြင်တဲ့လမ်းကြောင်းပေါ်ကို ရောက်အောင်တွန်းတင်ပေးတာ၊ အောင်ပန်းကိုရယူနိုင်အောင် ဦးဆောင်ဦးရွက်ပြုနိုင်တာဟာ ခေါင်းဆောင်မှုအဆင့်အသီးသီးမှာရောက်ရှိနေတတ်တဲ့ ခေါင်းဆောင်ကြီးငယ်များပဲဖြစ်ပါတယ်။ သူတို့ရဲ့စွမ်းဆောင်နိုင်ရည်ညံ့ဖျင်းရင် အောင်ပွဲနဲ့လွဲနိုင်သလို သူတို့ရဲ့စွမ်းဆောင်ရည်ကောင်းမွန်နေရင် မြေကြီးလက်ခတ်မလွဲ အောင်ပွဲရလိမ့်မယ်ပေါ့။အဲဒီလို သမားရိုးကျအတွေးနဲ့ တွေးထင်တတ်ကြတယ်။

ဒီကတစ်ဆင့်တက်ပြီး တချို့ကတော့စွမ်းဆောင်ရည်ဆိုတာ ဘက်ထရီအိုးတစ်လုံးနဲ့တူတယ်လို့ တွေးတတ်ကြတယ်။ အစိုအိုးပဲဖြစ်ဖြစ်၊ အခြောက်အိုးပဲဖြစ်ဖြစ် လိုအပ်တဲ့စွမ်းအားကို ပေးစွမ်းနိုင်စွမ်းရှိတယ်လို့ မြင်ကြတာပါ။ ဘက်ထရီအိုးထဲက အကန့်အရေအတွက်အလိုက် စွမ်းအားမြင့်တာ၊ နိမ့်တာ၊ နည်းတာ၊ များတာတွေ ကွာခြားသွားလိမ့်မယ်လို့ ပြောကြတယ်။ စွမ်းဆောင်ရည်နိမ့်တဲ့လူဟာ ဘက်ထရီမကောင်းလို့ (ဆားပေါက်နေတာတောင်ဖြစ်နိုင်တယ်) တစ်စုံတစ်ရာလုပ်နိုင်၊ ကိုင်နိုင်၊ စွမ်းဆောင်နိုင်လူဟာ ဘက်ထရီစွမ်းအားအပြည့်ရှိနေလို့လို့ ဖွင့်ဆိုလေ့ရှိတယ်။

အဲဒီအယူအဆဟာ ဟုတ်မလိုလိုနဲ့ မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့စွမ်းဆောင်ရည်ဆိုတာ ဘက်ထရီအိုးမဟုတ်ပါဘူး။ အဲဒီဘက်ထရီအိုးထဲက အကန့်အနည်းအများနဲ့လည်း ဆိုင်တယ်မထင်ဘူး။ စက်ယန္တရားတစ်ခု ဒါမှမဟုတ် စက်ရုပ်တစ်ရုပ်ရဲ့ စက်ပစ္စည်းအစိတ်အပိုင်းများနဲ့ မတူတာလည်းသေချာတယ်။ ထိန်းချုပ်ကိရိယာတွေနဲ့ တပ်ဆင်ပြုလုပ်ထားတဲ့ စက်ယန္တရားတစ်ခုဟာ တစ်စုံတစ်ရာ စွမ်းဆောင်နိုင်မှုတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီစွမ်းဆောင်ရည်ဟာ တစ်သမတ်တည်း၊တစ်သဘောတည်းရှိနေတတ်တဲ့ စွမ်းဆောင်ရည်မျိုးဖြစ်လိမ့်မယ်။
အခြေအနေ အကြာင်းအချက်တစ်ခုခကြောင့် ပြောင်းလဲလုပ်ကိုင်ဆောင်ရွက်ရမယ့် ကိစ္စတွေနဲ့ ကြုံတွေ့ရင် အဆင်ပြေအောင် စွမ်းဆောင်နိုင်မယ်မထင်ဘူး။ သူ့ရဲ့ဉာဏ်ရည်ဉာဏ်သွေးများဟာ တရားသေ ဆန်နေတဲ့အတွက် အလှည့်အပြောင်းလုပ်ဖို့ ခက်ခဲလိမ့်မယ်။ ဘက်ထရီတစ်လုံးကိုအားသွင်းထားတဲ့အခြေအနေမျိုးကလွဲလို့လှည့်ပြောင်းနိုင်ဖို့ ခက်ခဲလိမ့်မယ်။ တကယ်က စွမ်းဆောင်နိုင်ရည်ဆိုတာက အဲဒီလိုပုံသေဆန်လိမ့်မယ်မထင်ပါဘူး။

စွမ်းဆောင်နိုင်ရည်ဆိုတာ တတ်သိပညာ၊ အတွေ့အကြုံ၊ စဉ်ဆက်မပြတ် စူးစမ်းလေ့လာတတ်မှု၊ ဇွဲသတ္တိရှိမှုနဲ့ ကိုယ့်နံဘေးကို မထင်မှတ်ဘဲ ချဉ်းကပ်ရောက်ရှိလာတတ်တဲ့ အခွင့်အလမ်းကို အမိအရ ဆုတ်ကိုင်နိုင်မှု တွေကို ပေါင်းစပ်စုစည်းထားတာပဲဖြစ်ပါလိမ့်မယ်။ အကန့်အသတ်မဲ့လုပ်စွမ်းရည်တွေကိုလည်း အဲဒီကပဲ ရရှိနိုင်ပါတယ်။ အတိုင်းအတာနဲ့ စွမ်းဆောင်ရည်ကလည်း အဲဒီကပဲပေါက်ဖွားလာတာဖြစ်လိမ့်မယ်။
ကာယကံရှင်ဟာ သူ့မှာရှိတဲ့အတွေ့အကြုံတွေ၊ စူးစမ်းလေ့လာမှုတွေ၊ ဇွဲသတ္တိတွေကို တိုးပွားအောင်ကြိုးစားမှုမရှိဘဲ တစ်နေရာရာမှာပဲ ကျောက်ချနေမယ်ဆိုရင်လည်း သူ့ရဲ့စွမ်းဆောင်ရည်ဟာ ရေသေကန်တစ်ကန်လို ဖြစ်သွားလေတော့ ဘ၀အတွက် လိုအပ်တဲ့အောင်ပွဲကို ပေးစွမ်းနိုင်လိမ့်မယ်မထင်ဘူး။ လက်နှိပ်ဓာတ်မီးတစ်လက်မှာ ထည့်ထားတဲ့ဘက်ထရီဓာတ်ခဲလိုပဲ သူ့အကန့်အသတ်နဲ့သာ သူစွမ်းဆောင်နိုင်လိမ့်မယ်။

လူဆိုတာ ဘက်ထရီထည့်ထားတဲ့စက်ရုပ်တစ်ရုပ်မဟုတ်တဲ့အတွက် သူ့စွမ်းဆောင်ရည်ကို ကန့်သတ်လို့ရမယ်မထင်ဘူး။ သေးသေးလေးကနေ ဧရာမကြီးအထိ ဖြစ်ထွန်းနိုင်တယ်။ ဒါကို လက်ခံရလိမ့်မယ်။ ငြင်းဆန်ခေါင်းရမ်းကြရင်လည်း မှားလိမ့်မယ်။ လူရဲ့စွမ်းဆောင်ရည်ဆိုတာ အကန့်အသတ်မရှိဘူး။ သူ့စွမ်းဆောင်ရည်ကိုနှိုင်းယှဉ်နိုင်တဲ့အရာလည်း မရှိဘူး။ သူ့စွမ်းဆောင်ရည်ကို တိုင်းတာစစ်ဆေးလို့လည်းရလိမ့်မယ်မထင်ဘူး။

အသေအချာ မှတ်ထားသင့်တာကတော့ လူတစ်ဦးရဲ့စွမ်းဆောင်ရည်ဆိုတာ ဘက်ထရီတစ်လုံး မဟုတ်ဘူးဆိုတာပါပဲ။

ထက်ကျော်
HR Journal

0 comments:

Post a Comment