Monday, July 28, 2014

ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လူကအရေးကြီးသလား မူဝါဒကအရေးကြီးသလား

သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ပြည် တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အလေးပေး အကောင်အထည်ဖော် ဆောင်ရွက်နေရာမှာ ခုဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံလုံးဆိုင်ရာ အ ပစ်အခတ်ရပ်စဲမှု လက်မှတ်ရေးထိုးဖို့အတွက် ဆောင် ရွက်မှုတွေကို အရှိန်တိုးမြှင့်ဆောင်ရွက်နေပြီး ခုလိုကြိုး ပမ်းဆောင်ရွက်မှုတွေဟာ အစိုးရရော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေမှာပါရှိနေတာကို မြင်တွေ့နေ ရပါတယ်။အစိုးရကရေးဆွဲထားတဲ့ အဆင့် (၅) ဆင့်ပါ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုအဆင့်မှာ လက်ရှိ အနေအထားက ဒုတိယအဆင့်ဖြစ်တဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲမှုသဘောတူညီချက်ရရှိရေးအတွက် ဆောင်ရွက်နေတဲ့ အခြေအနေမှာရောက်ရှိနေသလို အဲဒီအဆင့်မှာ သဘောတူညီခဲ့တယ်ဆိုရင်၊ လက်မှတ်ရေး ထိုးခြင်း၊ နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် မူဘောင်ရေး ဆွဲခြင်း၊ နိုင်ငံဆွေးနွေးပွဲစတဲ့ အဆင့်တွေကို တက်လှမ်းရ မှာဖြစ်ပါတယ်။

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေအကြား ပထမအဆင့်ဖြစ်တဲ့ တစ်ဖွဲ့ချင်းစီအလိုက် အပစ်အခတ်ရပ်စဲရေးကို အစိုးရတက်လာစအချိန်အနည်း ငယ်အတွင်းဆောင်ရွက်နိုင်ခဲ့ပါတယ်။ အဲလိုဆောင်ရွက် နိုင်ခဲ့ပေမယ့် လက်ရှိရောက်နေတဲ့ အဆင့်ဖြစ်တဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး အဆင့်မှာတော့ နှစ်နှစ် နီးပါးကြာလာတဲ့အထိ ကြိုးစားနေရဆဲဖြစ်တယ်ဆိုတာ လတ်တလောလိုင်ဇာမှာ ကျင်းပနေတဲ့ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေရဲ့ ဆွေးနွေးပွဲတွေ၊ အဲဒါပြီးတဲ့နောက် အစိုးရနဲ့ဆက်လက် ဆွေးနွေးဖို့အတွက် ကျင်းပဖို့ ရည် ရွယ်ထားတဲ့ ဆွေးနွေးပွဲတွေက သက်သေခံနေပါတယ်။

ဘာကြောင့် ခုလိုဖြစ်နေလဲ

အဲဒီလိုဖြစ်နေရတာ ဘာကြောင့်လဲဆိုတာ ကို လေ့လာကြည့်လိုက်တော့ KNU နဲ့ RCSS/SSA အဖွဲ့ကလွဲလို့ ကျန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တော်တော်များများအနေနဲ့ အပစ်ရပ်ပြီး နိုင်ငံရေးဆွေး နွေးပွဲကို ဆက်သွားဖို့ဆိုတဲ့နေရာမှာ နိုင်ငံရေးအရ ခိုင် မာတဲ့ ကတိကဝတ်တွေရရှိဖို့၊ ပြည်တွင်းငြိမ်းချမ်းရေး နဲ့ပတ်သက်လို့ ခိုင်မာတဲ့မူဝါဒတွေ ရရှိစေဖို့နဲ့ တိုင်းရင်း သားတန်းတူအခွင့်အရေးအတွက် လိုလားတာကြောင့် ဖြစ်ပါတယ်။ KNU,RCSS ကတော့ နိုင်ငံရေးဆွေးနွေးပွဲ ဆက်သွားရေးဆိုတဲ့ နေရာမှာ အပစ်ရပ်လက်မှတ်ထိုးပြီး မှသာ ဆွေးနွေးဖို့ဆိုတဲ့ ချဉ်းကပ်မှုမျိုးရှိနေခဲ့ပါတယ်။

အဖွဲ့ပေါင်း ၂ဝ ကျော်ရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအထဲက ပုံမှန်ပူးပေါင်းဆောင် ရွက်မှုရှိတဲ့ အဖွဲ့ ၁၇ ဖွဲ့လောက်မှာ ဘာကြောင့်ခုလိုသ ဘောထားကွဲပြားနေရသလဲဆိုတာကတော့ အရင်စစ် အစိုးရ လက်ထက်က ပြုလုပ်ခဲ့ဖူးတဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းတွေကြောင့်ပဲဖြစ်ပါတယ်။ အရင်တပ်မတော် အစိုးရရဲ့ စစ်ထောက်လှမ်းရေးခေါင်းဆောင်နဲ့ အနားယူချိန်မှာ ဝန်ကြီးချုပ်ရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အကြားပြုလုပ်ခဲ့တဲ့ အပစ်ခတ်ရပ်စဲရေးလုပ်ငန်း တွေကြောင့်ဖြစ်ပါတယ်။ အဲဒီလုပ်ငန်းစဉ်တွေကို ဦးဆောင်အကောင်အထည်ဖော်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့် ဟာ တပ်မတော်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့အကြား အပစ်အခတ်ရပ်စဲရေးပြုလုပ်ဖို့ ကြိုးပမ်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အဲဒီပြုလုပ်ခဲ့တဲ့ အဖွဲ့တွေအနေနဲ့လည်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အတန်အ သင့်ဆောင်ရွက်ခွင့်ရခဲ့ပြီး အဖွဲ့အစည်းရပ်တည်ရေးအ တွက် ကုမ္ပဏီထူထောင်တာကအစ ခွင့် ပြုချက်တွေရခဲ့ ပါတယ်။ ဒါပေမဲ့ အဲဒီအပစ်ရပ်အဖွဲ့တွေထဲမှာ အဲဒီအ ချိန်က အဓိကတိုင်းရင်းသား လက်နက်ကိုင်အင်အားစု တစ်စုဖြစ်တဲ့ KNU ကရင်အမျိုးသားအစည်းအရုံး မပါဝင်ခဲ့သလို ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA အဖွဲ့လည်းမပါခဲ့ပါဘူး။ မပါခဲ့တဲ့အတွက် လည်း သူတို့အဖွဲ့တွေအနေနဲ့ ထိုးစစ်တွေအဆက်မပြတ် ခံခဲ့ရပြီး KNUဆိုရင်အဖွဲ့တွေအများအပြားကွဲထွက် သွားတဲ့အထိဖြစ်ခဲ့ရပါတယ်။

အဲဒီတုန်းကလည်း အပစ်ရပ်အဖွဲ့တွေကို နိုင်ငံရေးဆွေးနွေးပွဲတွေကို သွားဖို့အတွက် တပ်မတော် အစိုးရက ကတိပြုခဲ့ပေမယ့် နောက်ဆုံးမှာတော့ အမျိုးသားညီလာခံကိုသာ တက်ရောက်ခွင့်ရခဲ့ပါတယ်။ အဲဒီ လို တက်ရောက်ခွင့်ရခဲ့ပေမယ့် လွတ်လွတ်လပ်လပ်ဆွေး နွေးခွင့်တော့ မရရှိခဲ့ပါဘူး။ ညီလာခံတက်ရောက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့လောက်က ပူးပေါင်းပြီး သူတို့ရဲ့သဘောထားတွေကို ပေးပို့အကြံပြု တာတွေရှိခဲ့ပေမယ့် ညီလာခံကျင်းပရေး ကော်မတီအနေနဲ့ မှတ်တမ်းတင်ရုံအဆင့်လောက်သာ ပြုလုပ်ပေးခဲ့ ပါတယ်။

၂ဝဝ၄ ခုနစ်မှာတော့ တပ်မတော်အစိုးရရဲ့ လမ်းပြမြေပုံအချက်(၇)ချက်ဆိုတာ ထွက်လာပြီးနောက် မှာတော့ ကာလအတန်ကြာရပ်နားထားတဲ့ ညီလာခံကို ပြန်လည်ကျင်းပပေးခဲ့ပြီး ၂ဝဝ၈ ဖွဲ့စည်းပုံကို အတည် ပြုခဲ့ပါတယ်။ အဲဒီဖွဲ့စည်းပုံမှာလည်း တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေက လိုလားတဲ့ တိုင်းရင်းသားတန်းတူ အခွင့်အရေးအတွက် အချက်တွေမပါခဲ့တဲ့အပြင် ဖွဲ့စည်း ပုံအရ နယ်ခြားစောင့်တပ် (သို့မဟုတ်) ပြည်သူ့စစ်အဖြစ် အစိုးရတပ်မတော်လက်အောက်ကနေ အသွင်ပြောင်းဖို့ ဖိအားပေးခံလာရမှုတွေ ရှိလာပါတယ်။ အဲဒီနောက်ပိုင်း မှာတော့ သိကြတဲ့အတိုင်း ကေအိုင်အိုနဲ့ အစိုးရတို့အ ကြား အပစ်အခတ်ရပ်စဲရေး ကျိုးပျက်ခဲ့ပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ တစ်ဖက်မှာလည်း အဲလိုလိပ်ခဲတည်း လည်းနဲ့ အပစ်အခတ်ရပ်စဲရေးကျိုးပျက်မှုတွေ ဖြစ်ခဲ့ရ တာဟာ အစိုးရတာဝန်ရှိသူတွေ အချင်းချင်း တစ်ဦးဆောင် ရွက်ခဲ့တာကို နောက်ထပ်တာဝန်ရှိသူတွေက လက်ပြောင်း လက်လွှဲတာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိဆောင်ရွက်ခြင်းမရှိ တာကြောင့်လို့ လေ့လာသူတွေကဆိုကြပါတယ်။

အစိုးရသစ်လက်ထက်မှာပြန်စ

အဲဒီနောက် အစိုးရသစ်လက်ထက်မှာတော့ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ ပလောင် ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF ကလွဲလို့ ကျန် အဖွဲ့တွေနဲ့ တစ်ဖွဲ့ချင်းစီ အပစ်အခတ်ရပ်စဲမှုပြုလုပ်နိုင် ခဲ့ပြီး နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲ လက်မှတ်ရေး ထိုးရေးဆိုတဲ့ ငြိမ်းချမ်းရေးအတွက် အဓိကကျတဲ့ ဖြစ် စဉ်ပေါ်ပေါက်လာပါတယ်။

ကေအိုင်အို၊ ပလောင်စတဲ့ အဖွဲ့တွေအနေနဲ့ တစ်ဖွဲ့ချင်းစီအလိုက် အစိုးရနဲ့ အပစ်ရပ်ထားတာ မရှိ ပေမယ့် ခုလိုဆွေးနွေးပွဲတွေမှာ ဦးဆောင်သူတွေအဖြစ် မြင်တွေ့နေရတာကတော့ အပြုသဘောဆောင်တဲ့ လက္ခ ဏာ တစ်ရပ်ပါ။

ဒါပေမဲ့လည်း အစိုးရနဲ့ တိုင်းရင်းသားလက် နက်ကိုင်တွေ ပူးပေါင်းရေးဆွဲထားတဲ့ အချက် (၁၂၂) ချက်ပါ အပစ်အခတ်ရပ်စဲမှုမူကြမ်းမှာ အချက် (၃၁) ချက် သာ သဘောတူညီဖို့ ကျန်ရှိနေတော့တယ်ဆိုပေမယ့် အချက်တော်တော်များများက တိုင်းရင်းသားတွေ လို လားနေတဲ့ ဖက်ဒရယ်နဲ့ တန်းတူ အခွင့်အရေးလိုကိစ္စတွေ ဖြစ်နေတာ၊ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေအဖြစ်ကျန်ရှိနေ တာကတော့ အလျှော့အတင်း လုပ်ဆွေးနွေးရဦးမယ့် အနေအထားမှာ ရှိနေပါသေးတယ်။

ယခင်ကချုပ်ဆိုခဲ့ဖူးပေမယ့် လိုရာပန်းတိုင် ကို မရောက်ခဲ့တာကြောင့်လည်း တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ တော်တော်များများ အနေနဲ့ စာချုပ်ချုပ်ဆို ရာမှာတောင် ကုလသမဂ္ဂလို အဖွဲ့အစည်းတွေအပြင် အမေရိကန်လို နိုင်ငံတကာနိုင်ငံတွေက တာဝန်ထမ်း ဆောင်နေဆဲ ထိပ်သီးခေါင်းဆောင်တွေနဲ့ ပြည်တွင်းက ထင်ရှားတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေရှေ့မှာ သက်သေ ပြုပြီး လက်မှတ်ရေးထိုးလိုနေခြင်းပဲဖြစ်ပါတယ်။ အစိုးရ ဘက်ကတော့ ဒီအချက်နဲ့ပတ်သက်လို့ သဘောတူထား တာ မရှိသေးပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အ များစုကတော့ ယခင်တပ်မတော်အစိုးရ လက်ထက်က ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေလို ပျက်ပြယ်သွားမှာ မလိုလား တာကတော့ ဒီအချက်ကသက်သေခံနေပါတယ်။

အပစ်အခတ်ရပ်စဲရေးအတွက် ချဉ်းကပ်မှုနဲ့ ပတ်သက်လို့ တိုင်းရင်းသား အဖွဲ့တွေအထဲမှာတောင် ကွာဟမှုအချို့ရှိနေတာ KNU လိုအဖွဲ့အနေနဲ့ သမ္မတ ဦးသိန်းစိန်အစိုးရ ဆက်ရှိနေမှသာ ငြိမ်းချမ်းရေးဖြစ် စဉ်ဆက်လက်ဖြစ်ပေါ်နိုင်မှာ ဆိုတဲ့ ယူဆချက်တွေကြောင့် လည်း ငြိမ်းချမ်းရေးဖြစ်စဉ်က မူနဲ့လား လူပုဂ္ဂိုလ်အ ပေါ်မူတည်ပြီးသွားတာလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာစေပါတယ်။ KNU ဆိုရင်လည်း အစိုးရ၊ တပ် မတော်တို့နဲ့ ဆက်ဆံရာမှာလည်း လူပုဂ္ဂိုလ်ချင်းရင်းနှီးမှုနဲ့သာ သွားနေတယ်လို့ လေ့လာသူတွေက ဝေဖန်ကြ ပါတယ်။

''သမ္မတဦးသိန်းစိန်အစိုးရအနေနဲ့လဲ ခုလို ငြိမ်းချမ်းရေးအတွက် ကြိုးစားနေတာကို အသိအမှတ် ပြုပါတယ်။ ဒါပေမဲ့ ဘယ်အစိုးရတက်တက်ဗျာ ငြိမ်းချမ်း ရေးဖြစ်စဉ်က ဆက်သွားတာမျိုးပဲ ဖြစ်သင့်တယ်လေ။ NLD ပဲတက်တက်၊ တပ်မတော်ဘက်က ထိပ်သီးခေါင်း ဆောင်ပဲတက်တက် နောက်အစိုးရနဲ့ ဆက်သွားရမယ့် မူမျိုးရှိသင့်တယ်။ ဗိုလ်ချုပ်အောင်ဆန်းကိုပဲ ကြည့်ဗျာ၊ ပင်လုံမှာ တိုင်းရင်းသားတွေနဲ့ အဆင်ပြေခဲ့တယ်။ သမိုင်း ဝင်စာချုပ်ချုပ်နိုင်ခဲ့တယ်။ သူရှိနေရင် တိုင်းရင်းသား အခွင့်အရေးက ပင်လုံကတိကဝတ်အတိုင်း ရမယ်လို့လဲ ယုံကြည်တယ်။ သူ့နောက်က ဦးနုအစိုးရလက်ထက်ကျ တော့ ကျွန်တော်က ဒါကိုအစကတည်းက သဘောတူခဲ့ တာမဟုတ်ဘူးဆိုတော့ ဘယ်လိုဖြစ်ခဲ့သလဲဆိုတာ အား လုံးအသိပါပဲ။ အဲဒါကြောင့် လူပုဂ္ဂိုလ်ဆိုတာထက်မူအ ပေါ်မှာ အခြေခံသင့်ပါတယ်'' လို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ဒုတိယဥက္ကဋ္ဌဦးခူးဦးရယ်က မှတ်ချက် ပြုပြောဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် တိုင်းရင်းသားတွေအနေ နဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ တိုင်းရင်းသား အခွင့်အရေးအတွက် ပြောဆိုဆွေးနွေးကြတဲ့နေရာမှာ ညီညွတ်မှု ရှိဖို့လိုပါတယ်။ ဒါမှသာ တိုင်းရင်းသားတွေ မျှော်မှန်းနေတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာ ဖို့ အတွက် တစ်ဆင့်ချင်း တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။


ကိုစိုင်း (ရှမ်းမောမြေ) - Flower News ဂျာနယ် အတွဲ(၁၀)၊ အမှတ် (၂၉)။
Yangon Media Group

0 comments:

Post a Comment