Thursday, July 31, 2014

ပွင့်လင်းမြင်သာမှုလား၊ လုံခြုံမှုကို ဦးစားပေးမှာလား


သမ္မတ လက်မှတ်မထိုးရသေးတဲ့ အမိန့်ကြေညာချက်တစ်ခုကို ဇူလိုင်လ ၃၀ ရက်နေ့က လူမှုကွန်ရက် စာမျက်နှာပေါ်ပျံ့နှံ့နေတာသတိထားမိပါတယ်။ လစ်လပ်နေတဲ့ ပြန်ကြားရေးဝန်ကြီးနဲ့ ကျန်းမာရေးဝန်ကြီး နေရာတွေကို ဦးရဲထွဋ်နဲ့ ဒေါက်တာသန်းအောင်ကို ခန့်အပ်တဲ့ အမိန့်ပါ။ လွှတ်တော်မှာလည်း လစ်လပ်နေတဲ့ ဝန်ကြီးတွေနေရာမှာ လက်ရှိဒုဝန်ကြီး ၂ ဦးကို အစားထိုးခန့်အပ်ဖို့ လွှတ်တော်ကို သမ္မတ ဦးသိန်းစိန်က ဒီကနေ့အဆိုပြုပါတယ်။ ထူးခြားတာက လူမှုကွန်ရက်ပေါ်ပျံ့နေတဲ့ အမိန့်စာက သမ္မတလက်မှတ်မထိုးရ သေးတာပါ။အရင်တုန်းက ဒီလိုအမိန့်စာတွေ၊ ကြေညာချက်တွေနဲ့ သဝဏ်လွှာတွေ လူမှုကွန်ရက်ပေါ် ရောက်ရှိလာခြင်းကို လွှတ်တော်အမတ်များဆီက တက်လာတာလို့ အကြမ်းဖျဉ်းယူဆရပါတယ်။ ဒါပေမယ့် ယခုလို “ပုံ သိန်းစိန်” ဆိုပြီး လက်မှတ်မထိုးရသေးတဲ့ အမိန့်စာတွေ အင်တာနက်ပေါ်ကို (ဓာတ်ပုံဖိုင်အနေနဲ့) ရောက်လာတာက ထူးဆန်းပါတယ်။ နိုင်ငံရဲ့အမြင့်ဆုံး သမ္မတရုံးကအမိန့်ကြေညာချက်တစ်ခုကို သမ္မတက အတည်မပြုရသေးခင် (သို့မဟုတ်) လက်မှတ်မထိုးခင် ဖြန့်ဝေခြင်းက မသင့်တော်ဘူးလို့ ထင်မိပါတယ်။ တင်တဲ့သူတွေကလည်း အဆင့်မြင့်ရုံးက အကြီးတန်းတာဝန်ထမ်းဆောင်ကပဲ ဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ် သမ္မတက တမင်လက်မှတ်မထိုးဘဲ ပို့လိုက်တာလား၊ တမင်လက်မှတ်မထိုးဘဲ ပို့တယ်ဆိုရင် အခုလိုလုပ်တာက ဥပဒေနဲ့ညီရဲ့လား၊ တင်သင့်ရဲ့လားဆိုတာကိုလည်း မေးခွန်းထုတ်ချင်ပါတယ်။

သတင်းတစ်ခုကို ဖြန့်ဝေခြင်းအတက်ပညာကို ဝန်ထမ်းတွေက သတင်းထောက်တွေ လောက်မသိတာ လက်ခံပါတယ်။ ဒါပေမယ့် အဆင့်မြင့်ရုံးမှာနေတဲ့လူ လုံခြုံမှုတွေ၊ ဖြန့်ဝေမှုတွေကို သိဖို့လိုပါတယ်။ သတင်းဖြန့်တယ်ဆိုတာ ပြည်သူအတွက် အကျိုးရှိရဲ့လား၊ သတင်းရင်းမြစ် ခိုင်မာမှုရှိရဲ့လားဆိုတာ အဓိက သတိထားဖို့လိုအပ်ပါတယ်။

သတင်းထောက်တွေလည်း အချို့သတင်းတွေကို စောင့်ထိန်းရမှာပါ။ သတင်း တွေက အကုန်သိပါတယ်။ မတင်သင့်လို့ထိန်းထားရတာပါ။ မတင်သင့်တာကို မထိန်းဘဲ ဘယ်သူမှ မသိသေး တာကို ဦးဦးဖျားဖျား ဓာတ်ပုံရိုက်ပြီး တင်လိုက်လို့ ယူနတီဂျာနယ်က သတင်းထောက်တွေ ထောင် ၁၀ နှစ် ကျကုန်တာ အားလုံးအသိဖြစ်ပါတယ်။ ဒါကို မကျေနပ်လို့ အသံတိတ်ဆန္ဒပြတဲ့ ကိုအောင်သူရတို့တွေလည်း ပုဒ်မ ၁၈ နဲ့ တရားစွဲခံနေရပါတယ်။

အစိုးရတာဝန်ရှိသူများအနေနဲ့ သမ္မတက အတည်မပြု လက်မှတ်မထိုးရ သေးခင်မှာ အမိန့်တစ်ခုကို ဦးဦးဖျားဖျား ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်မှာဖြန့်ဖို့ မလိုအပ်ဘူးထင်ပါတယ်။ ဒီအမိန့်စာကိုတွေ့ချိန်မှာ အစစ်အမှန် ဟုတ်ရဲ့လား၊ ဝန်ထမ်းတွေ အခုလို စည်းမဲ့ကမ်းမဲ့လုပ်ပါ့မလား၊ သတင်းမှန်ကန်မှုရှိရဲ့လားဆိုတာ ကျွန်တော်တို့ သတင်းထောက်တွေ သံသယဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ရုံးတံဆိပ်ကမှန်နေသလို၊ အကြောင်းအရာတွေကလည်း လွှတ်တော်ကိုပို့တဲ့ သဝဏ်လွှာနဲ့ အတူတူဖြစ်နေ ပါတယ်။ ဒီတော့ ဒီအမိန့်စာကို လက်မှတ်မထိုးခင်ကတည်းက အရင်ဖြန့်ပြီး ပြည်သူ့အသံနားထောင်ဖို့ သမ္မတ ကိုယ်တိုင်ခိုင်းခဲ့တာလား၊ ဝန်ကြီးတွေ ညွှန်မှူးတွေက ခိုင်းတာလား၊ အခြားဝန်ထမ်းတွေက ဦးဦးဖျားဖျား ဓာတ်ပုံရိုက်တင်တာလားဆိုတာ စဉ်းစားစရာပါ။ အကယ်၍သာ ဤအမိန့်စာက ဝန်ကြီးခန့်တာမဟုတ်ဘဲ ဝန်ကြီးအလုပ်ဖြုတ်အမိန့်(သို့မဟုတ်)လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဆိုလျှင် ကာယကံရှင်များအနေဖြင့် ဘယ်လို ခံစားရမလဲဆိုတာ စဉ်းစားစိုးရိမ်မိပါတယ်။

နားလည်သလောက်ကတော့ သမ္မတလက်မှတ်မထိုးရသေးတဲ့ အမိန့်မှန်သမျှကို ထုတ်ပြန်ခွင့်မရှိဘူးလို့ သိထားပါတယ်။ ပွင့်လင်းမြင်သာလွန်းတာလား၊ လုံခြုံမှုမရှိတော့တာလားဆိုတာ ဝေခွဲမရပါ။ လုံခြုံစွာမသိမ်း ဆည်းဘဲ အမိန့်မရခင် ထုတ်ပြန်တဲ့သူမှာကော အပြစ်မရှိတော့ဘူးလား မေးခွန်းထုတ်ချင်ပါတယ်။ အဓိက အရေးကြီးအမိန့်များကို ထုတ်ပြန်နေတဲ့ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးမဏ္ဍိုင်များအနေဖြင့် စတုတ္ထမဏ္ဍိုင်ကို အတုယူပြီး ဦးဦးဖျားဖျား သတင်းတင်ခြင်း၊ မှန်ဖို့ထက် မြန်ဖို့ကို ဦးစားပေးခြင်းများလုပ်ဖို့ လုံးဝမလိုဘူးလို့ ထင်ပါတယ်။ ကိုယ့်အလုပ်သာ ကိုယ်တာဝန်ကျေအောင်လုပ်ကြပါလို့ သတိပေးချင်ပါတယ်။ မှန်ခြင်း နဲ့ မြန်ခြင်း ဘယ်ဟာ ပိုအရေးပါသလဲ၊ အချိန်မတိုင်ခင် ပွင့်လင်းမြင်သာခြင်းနဲ့ လုံခြုံမှုရှိခြင်း ဘယ်ဟာ ဦးစားပေးသင့် သလဲဆိုတာ ဆန်းစစ်ကြဖို့ သတိပေးချင်ပါတယ်။

ထွန်းနိုင်အောင်
နေ့စဉ်သတင်း

0 comments:

Post a Comment