Sunday, July 27, 2014

ကျောက်မဲမှ အချုပ်သား ၇ ဦးထွက်ပြေး ၃ဦး အသေဖမ်းမိ



ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ မြို့နယ်ရဲစခန်း အချုပ်ခန်းမှ အချုပ်သား ၇ဦး အချုပ်ဖေါက်၍ ထွက်ပြေးရာ ရဲအရာရှိများမှ ၃ ဦးကို သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ကျောက်မဲမြို့မှ ရဲစခန်းမှ သိရှိရသည်။အဆိုပါဖြစ်စဉ်မှာ ဇူလိုင် ၂၆ ရက်၊ ည ၇ နာရီ ၁၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“အခန်း(၂) က အချုပ်သား ၅ ဦးကိုအချုပ်သားတွေအတွက် အိပ်ယာတွေဘာတွေသယ်ဖို့တာဝန်ပေးထားတာ၊ ၇ နာရီ တန်းစီပြီး အခန်းပြောင်းဖို့တံခါးဖွင့်ပေးတဲ့အချိန်မှာ တာဝန်ကျအရာရှိကို အဲ့ဒီ(၅)ယောက်က တိုက်ခိုက် တယ်၊ တစ်ခြားရဲတွေဝင်ပြီးထိမ်းသိမ်းနေတဲ့အချိန် အခန်း(၂)က နောက်ထပ်(၂)ယောက်က ထပ်ပြီးထွက်ပြေး တယ်” ဟု ကျောက်မဲမြို့မြို့နယ်ရဲစခန်းမှ အရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။

ရဲအရာရှိများအား တိုက်ခိုက်ထွက်ပြေးသူအချုပ်သား(၇)ဦးအနက် အခြေအနေအရ ပစ်ခတ်ဖမ်းဆီးခဲ့ရသော (၃)ဦး မှာနေရာ၌ပင် သေဆုံးသွားပြီး ကျန်(၄)ဦးအား ခက်ခဲစွာပြန်လည်ဖမ်းဆီးနိုင်ခဲ့ကြောင်းနှင့်အချုပ်သားများ ဖျက်ဆီးတိုက်ခိုက်မှုကြောင့် သံဇကာပြတင်းပေါက်(၃)ခု(ကာလတန်ဖိုး ၂၅၀၀၀ ခန့်) ပျက်စီးမှု ရှိခဲ့ကာ ညတွင်း ချင်း ပြန်လည်ပြင်ဆင်နိုင်ခဲ့ကြောင်း သိရှိရသည်။

“ရဲစခန်းမှာ သူပုန်သုံ့ပန်း(၃)ယောက် ထွက်ပြေးလို့ သေနတ်နဲ့ပစ်ဖမ်းတာလို့ကြားတယ်၊ ကျောက်မဲမှာ အဲ့လို အဖြစ်မျိုးမရှိခဲ့တော့ ထိတ်လန့်ပြီးတစ်ညလုံးအိပ်လို့မရဘူး ” ဟု အခင်းဖြစ်ပွားရာရဲစခန်းအနီးတွင် နေထိုင်သူ တစ်ဦးက ဆိုသည်။

ပစ်ခတ်ဖမ်းဆီးသော သေနတ်သံများကြောင့် ဇူလိုင် ၂၆ ရက်၊ ညပိုင်းက ရဲစခန်းအနီးတစ်ဝိုက်တွင် နေထိုင်သူ များမှာ ထိတ်လန့်ခဲ့ရပြီး အကယ်၍ သူပုန်သုံ့ပန်းသာဖြစ်ခဲ့ပါက သူပုန် အဖွဲ့အစည်းမှ လက်တုန့် ပြန်မည်ကို စိုးရိမ်ကြောင်း ၄င်းက ပြောသည်။

“ညကဆေးရုံကို ရောက်လာတာ သေနတ်မှန်တဲ့(၃)ဦးနဲ့ ကျန်(၄)ဦး စုစုပေါင်း(၇)ဦးပါ၊ အခုထိတော့ဆေးရုံမှာ ပဲရှိပါသေးတယ်၊ လူနာတွေနဲ့ပက်သက်ပြီး ကိစ္စသေးစိတ်ကိုတော့ ပြောပြလို့မရပါဘူးရှင့်” ဟု ကျောက်မဲ ပြည်သူ့ဆေးရုံကြီးသို့ဆက်သွယ်စုံစမ်းရာတွင် တာဝန်ကျ ဆရာမတစ်ဦးက ပြောသည်။

ထွက်ပေါ်နေသောသတင်းများအရ သေဆုံးသွားသော အချုပ်သားသုံးဦးမှာ ရှမ်းလက်နက်ကိုင်အဖွဲ့မှ သုံ့ပန်း များဖြစ်သောကြောင့် ၄င်းအဖွဲ့မှပြန်လည်လက်စားချေသော တိုက်ခိုက်မှုများဖြစ်လာနိုင်ကြောင်းနှင့် ထို့အတွက် မြို့နေလူထုမှ စိုးရိမ်လျှက်ရှိသော်လည်း အချုပ်ဖေါက်ထွက်ပြေးသူများမှာ မူးယစ်ဆေးဝါးမှုနှင့် စစ်ဆေးခံနေရ သူများသာဖြစ်ကြောင်း အာဏာပိုင်တို့က ဆိုသည်။

အသက်ရှင်ကျန်ရစ်သူလေးဦးအား ပုဒ်မ(၆၁)အပါအဝင်၊ တာဝန်ကျအရာရှိအား သတ်ရန်အားထုတ်မှု၊ ပြင်းထန်စွာ နာကျင်စေမှု၊ ဆဲဆိုကြိမ်းဝါးမှုနှင့်အချုပ်မှ ထွက်ပြေးလွတ်မြောက်မှုတို့ဖြင့် အရေးယူထားပြီး သေနတ်မှန် သေဆုံးသွားသူ(၃)ဦးကို ကျောက်မဲမြို့ရှိ ဇီဝိတလူမှုကူညီရေးအသင်းမှ ဇူလိုင်လ (၂၇)ရက်နေ့ နေ့လည်ပိုင်း၌ သဂြိင်္ုလ်မည်ဖြစ်သည်။


နေဖြိုးမြင့်- ရှမ်းမြောက်(မြစ်မခ)
myitmakhamediagroup

0 comments:

Post a Comment