ကချင်ပြည်နယ်၊ လိုင်ဇာမြို့၌ ပြုလုပ်သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ တတိယအကြိမ် ညီလာခံအစည်းအဝေးသို့ တက်ရောက် လာသော ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် Mr.Vijay Nambia ထံ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(မြန်မာပြည်မြောက်ပိုင်း)မှ ဇူလိုင် ၃၁ ရက်နေ့တွင် KIA အဖွဲ့၏ ရှမ်းမျိုးနွယ်စုများအပေါ် ဖိနှိပ်မှုများကို တင်ပြချက်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။မြစ်ကြီးနားလေဆိပ်သို့ ရောက်ရှိနေသော Mr.Vijay Nambia မှ ရှမ်းမျိုးနွယ်စု
ရေးရာအဖွဲ့အား ညနေ ၃ နာရီ ၂၅ မိနစ်မှ ၃ နာရီ ၅၀ မိနစ်အထိ တွေ့ဆုံ စကားပြောခဲ့ကြောင်းနှင့် တင်ပြချင်များအပေါ် အရေးတယူ မှတ်သား သွားခဲ့ကြောင်း ယင်းအဖွဲ့ဝင်တစ်ဦးက ပြောသည်။
``အဓိက ဦးစားပေးတင်ပြတာကတော့ KIA အဖွဲ့ရဲ့ ဒေသခံရှမ်းလူမျိုးတွေအပေါ် တပ်သားသစ်စုတာနဲ့ ဆက်ကြေး ကောက်နေတဲ့ ကိစ္စပါ´´ဟု ဥက္ကဋ္ဌဖြစ်သူ ဦးစိုင်းထွန်းရင်က ပြောသည်။
ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(မြန်မာပြည်မြောက်ပိုင်း)ှ ဥက္ကဋ္ဌ ဦးစိုင်းထွန်းရင်၊ ပြည်ပဆက်ဆံရေးဥက္ကဋ္ဌ ဦးစိုင်း ထိန်လင်း၊ အတွင်းရေးမှူး ဦးစိုင်းစန်းဝေ၊ ဦးခင်မောင်ကြည်တို့ ပါဝင်ကြောင်း သိရသည်။
``တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆွေးနွေးတာ အောင်မြင်သွားလို့ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ရင် ဒေသခံ တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်တွေကိုပါ ပါဝင်စေဖို့လည်း တင်ပြခဲ့ပါတယ်´´ ဟု အတွင်းရေးမှူး ဦးစိုင်းစန်းဝေက ဆိုသည်။
Mr.Vijay Nambia ထံသို့ ပြည်ပဆက်ဆံရေးဥက္ကဋ္ဌ ဦးစိုင်းထိန်လင်းမှ ကချင်ပြည်နယ်တွင် နေထိုင်လျက်ရှိ သော ရှမ်းတိုင်းရင်းသားများအား KIO/KIA အဖွဲ့အစည်းမှ တပ်သားသစ်စုဆောင်းခြင်း၊ ဆက်ကြေးငွေ များ ကောက်ခံခြင်း တို့ ပြုလုပ်လျက်ရှိကြောင်း၊ ၎င်းအပြင် ဒေသအသီးသီးရှိ လူမျိုးများ၊ အိမ်ထောင်စု များထံမှ တစ်အိမ်လျှင် ဆန် ၃ အိတ်၊ ဆား ၃ ပိဿာ ကောက်ခံနေကြောင်း၊ KIO/KIA အဖွဲ့သည် နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေး မှုများ ပြုလုပ်နေသော်လည်း ယနေ့အချိန်အထိ တိုက်ပွဲများဖြစ်ပွားနေသေး
ကြောင်း၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆွေးနွေးပြီး အောင်မြင်သွား ပါက နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ချိန်တွင် ဒေသံတိုင်းရင်းသားလူမျိုးစု
ခေါင်းဆောင်များ ပါဝင်ဆွေးနွေးစေလိုကြောင်းများအား တင်ပြခဲ့ပြီး ပူးတွဲ စာနှစ်စောင်ကိုလည်း ပေးဆောင်ခဲ့ကြောင်း သိရှိရပါသည်။
စိုင်းကောင်းမြတ်
KDN
0 comments:
Post a Comment