Tuesday, July 29, 2014

အချစ်သုံးပါးနှင့် အဖွဲ့အစည်းများ

အမှန်အတိုင်းဝန်ခံရလျှင် စာရေးသူ၏တင်ပြချက်များကို အဖြေတစ်ခုသို့ အထောက်အပံ့တစ်ရပ် ဖြစ်စေချင်သည်။ ပြေလည်မှုကို ဦးတည်စေချင်သည်။ အရှိတရား ကို ကိုယ်စားပြုချင်သည်။ လတ်တလော အခြေအနေ အရပ်ရပ် တို့နှင့်လည်း နီးစပ်စေချင် သည်။ အမှန်တော့ ဤသည်မှာ စာရေးသူ တစ်ယောက်တည်းတွင် ရှိသော ဆန္ဒတော့ မဟုတ်။ စာရေးသူတိုင်းလိုလိုတွင် ရှိသော ဆန္ဒ၊ အတ္တများသာ ဖြစ်လိမ့်မည် ထင်ပါသည်။

သို့အတွက် စာရေးသူအနေနှင့် မီဒီယာများနှင့် လက်လှမ်းမီသလောက် ထိတွေ့ ရသည်များ ရှိသလို ကြုံရာဆုံရာ နယ်ပယ် အသီးသီးက ပုဂ္ဂိုလ် အသီးသီးတို့၏ ရင်တွင်းဖြစ် စကား များကို လိုလိုလားလား နားထောင်ရခြင်းများလည်း ရှိပါသည်။ တိုင်းရင်းသားလည်း တိုင်းရင်းသားမို့၊ လယ်သမားလည်း လယ်သမားမို့၊ စစ်သားလည်း စစ်သားမို့၊ အန်အယ်လ်ဒီလည်း အန်အယ်လ်ဒီမို့၊ ပြည်ခိုင်ဖြိုးလည်း ပြည်ခိုင်ဖြိုးမို့၊ ကြုံသလို ဆုံသလို ပြောဖြစ်၊ ဆိုဖြစ်၊ နားထောင်ဖြစ်သည်။ ဤမှာပင် သတိထားမိစရာလေး တစ်ခု ရှိလာသည် ဖြစ်သောကြောင့် ယခု စာစုကို ရေးဖြစ်ခြင်း ဖြစ်ပါသည်။

ယနေ့ကာလ မည်သည့် အဖွဲ့အစည်းတွင် ဖြစ်စေ လူမျိုးစုံ၊ အမြင်မျိုးစုံ အတွေးမျိုးစုံ တွေက ထူးထူးခြားခြား ရှိလှသည်။ အချို့လည်း တကယ် လေးစားဖွယ်ကောင်းသည်။ တကယ် ရင့်ကျက်သည်။ တကယ် အမြင်ကျယ်သည်။ အချို့ကျတော့ ဆန့်ကျင်ဘက် ဖြစ်သည်။ အသားလွတ် ဘဝင်ဟပ်နေသူများ ဖြစ်သည်။ အသားလွတ် စိတ်ကြီး ဝင်နေသူ များ ဖြစ်သည်။ တကယ် မေးကြည့်၊ ပြောကြည့်လျှင် လူလူသူသူ ဘာမှ မသိ။ အချို့ကျ တော့ ဘာရယ်မဟုတ်။ အုပ်စုတောင့်ရာ ယောင်တောင်တောင် သမားများ ဖြစ်သည်။ ခြေခြေ မြစ်မြစ် ရယ်လို့တော့ ဘာမျှမရှိ။ အချို့ကျတော့လည်း တစ်ဖက်ပိတ်သမားများ ဖြစ်နေပြန်သည်။ ဘာပြောပြောလက်မခံ။ အကျိုးရယ် အကြောင်းရယ်လို့ မရှိလှ။ ယင်း သဘောတို့မှာ မည်သည့် အဖွဲ့အစည်းရယ်လို့ မဆိုလို။ နေရာတိုင်း၊ အဖွဲ့အစည်းတိုင်းမှာ ရှိနေတတ် သည်မျိုး ဖြစ်ပါသည်။

ယခုဆောင်းပါး အနေနှင့်လည်း ယနေ့ လူ့အဖွဲ့အစည်းအတွင်းရှိ သဘောတစ်ခုကို စာရေးသူ နားလည်မိသလို ဆင်ခြင် ကြည့်မိခြင်းသာ ဖြစ်သည်။

၁။ မျက်ကန်းအချစ်

စာရေးသူတို့သည် ကိုယ့်ဘဝနှင့်ကိုယ် ဖြတ်သန်းမှုမျိုးစုံ ရှိခဲ့ကြသလို ကိုယ်ရည် ကိုယ်သွေး ဆိုသည်ကလည်း တစ်ယောက်တစ်မျိုး ဆိုသလိုဖြစ်သည်။ သို့ဖြစ်ရာ ယင်းတို့ အနက် ပညာအခံ အားနည်းသူမျာ၊ အသိအမြင် နိမ့်ပါးသူများမှာ အဖွဲ့အစည်းတစ်ခုတွင် မျက်ကန်းအချစ် သမားတို့ ဖြစ်တတ်ခြင်းပင် ဖြစ်သည်။

ယင်းတို့သည် မိမိအဖွဲ့အစည်း၏ ပေါ်လစီကိုလည်း သိလှသည်မဟုတ်။ ဘယ်ကို သွားလို့၊ ဘယ်ကို ရောက်နေမှန်းမသိ။ ခံစားချက်တို့က သူတို့အတွက် မောင်းနှင်အား ဖြစ်သည်။ မြှောက်ပေးလျှင်လည်း ကွေးကောက်နေအောင် ကတတ်သည်။ သွေးဆူ လွယ်သည်။ ဗိုက်ဆာ လွယ်သည်။ ထစ်ခနဲဆို အရှေ့ဆုံးမှ တွေ့ရလေ့ရှိသည်။ ဒေါသက သူတို့အတွက် လောင်စာ ဖြစ်သည်။ မောဟက သူတို့အတွက် ယုံကြည်မှုဖြစ်သည်။ အစာကို မြင်နိုင်သလောက် ငါးမျှားချိတ်ကို မမြင်နိုင်အောင် ပိန်းသည်။ ပုဂ္ဂိုလ်ရေး ဆန်ဆန်လည်း ကိုးကွယ်တတ်သည်။ အပေါစား ဝါဒဖြန့်မှုလောက်ကိုတောင် ကျော်ပြီး မကြည့်နိုင်။ အညံ့စား ဝါဒမှိုင်းတွေက သူတို့အတွက် ပိဋကတ်သုံးပုံလောက်ကို ထင်မှတ် စရာဖြစ်နေသည်။ဤသည်ကိုပင်အဟုတ်ကြီးလုပ် ကိုးကွယ်တတ်သေးသည်။ မဟာဗျူဟာ အသိတရားနှင့် အဝေးဆုံးက လူများဖြစ်သည်။ ယင်းတို့မှာ ပညာအားနည်းခြင်းကို အမှီပြုပြီး ဖြစ်လာသော ချစ်ပုံချစ်နည်းဖြစ်သည်။

မျက်ကန်းသမားတို့ အမုန်းဆုံးက ဝေဖန်ရေးဖြစ်သည်။ မည်သည့် ဝေဖန်ချက်မျိုး ကိုမဆို လက်မခံ၊ အပြုသဘောလည်း မရ၊ မပြု သဘောလည်းမရ။ နည်းနည်းလေး လာထိသည်နှင့် ပက်ခနဲ ပြန်ဆော်တတ်သည်။ ရှုထောင့်တစ်ခုတည်းတွင် အသေ ရပ်နေသူ များ ဖြစ်သည်။ သူတို့လည်ပင်းမှ အရာသည် ဆွဲကြိုးလား၊ လည်ပတ်လား သူတို့ မဝေခွဲ တတ်။ အဲသလောက် သနားစရာကောင်သည်။ သို့ဖြစ်ရာ ထိုသူတို့သည် ညစ်နွမ်းသော ခေါင်းဆောင်များ၏ အသုံးချခံ သက်သက်သာ ဖြစ်တတ်သည်။ မှန်ကန်သော ခေါင်းဆောင်များ အတွက် ကျပြန်တော့၊ ထိုသူတို့သည် ခြေရာနင်းပါဆိုမှ၊ ဖိနပ်ကို လိုက်နင်းသူများ ဖြစ်နေပြန်သည်။

၂။ မျှော်ကိုးအချစ်

ဒုတိယအုပ်စုကား မျှော်ကိုး အချစ်သမားတို့ ဖြစ်သည်။ အဖွဲ့အစည်း တစ်ခု အောင်မြင်ရန် မောင်းနှင်အား အနေနှင့် မက်လုံးနှင့် ကန့်သတ်ချက် (Incentiveand Constraint) တို့ ပြိုင်တူ ဖွံ့ဖြိုးရမည် ဖြစ်သည်။ မက်လုံးရှိမှ လူတိုင်း အလုပ်လုပ်ချင် မည်။ မက်လုံး၏ သဘောသည် လောဘကို အထောက်အကူပြုသည်ဖြစ်ရာ ထိရောက်သော မောင်းနှင်အား ဖြစ်သည်။ သို့သော် မက်လုံးသာရှိပြီး ကန့်သတ်ချက် ဟူသော အရာမရှိလျှင် လောဘ၏ သဘာဝအတိုင်း မဲမဲမြင်ရာ ငါ့ဟာ လုပ်ကိန်း ရှိသည်။ ထိုကြောင့်မက်လုံး (Incentive) ကို ကန့်သတ်ချက် (Constraint) ဖြင့် အနားသတ်ပေးရသည်။

ဤတွင် မျှော်ကိုးအချစ်သမားဟူသည် မက်လုံးသာ မြင်သူများဖြစ်သည်။ လောဘက သူတို့၏ လောင်စာ ဖြစ်သည်။ မူကိုမြင်သည်လည်း မဟုတ်။ ပေါ်လစီကို သိသည်လည်း မဟုတ်။ အရွေ့ကို စိတ်ဝင်စားသူများလည်း မဟုတ်။ မက်လုံးသာလျှင် သူတို့ စိတ်ဝင်စား သည်။ ဒီမက်လုံးကြောင့် ဒီမူကို စိတ်ဝင်စားချင်ယောင် ဆောင်သည်။ ဒီအဖွဲ့အစည်းကို အလေးထားချင် ယောင်ဆောင်သည်။ ဒီပုဂ္ဂိုလ်ကို သစ္စာခံချင်ယောင် ဆောင်သည်။ ဗိုက်သာ ပြည့်ပါစေ၊ အမြဲတစေ သစ္စာခံအဖြစ် ရပ်တည်ပေးဖို့ ဝန်လေးလှ သူများ မဟုတ်။ သို့တည်းမဟုတ် ဗိုက်ပြည့်အောင် လုပ်ပေးလိမ့်မည်ဟု ယုံကြည်နေသရွေ့ ပုံချစ်မည့်သူများ ဖြစ်သည်။ ဗိုက်မပြည့်နိုင်သော တစ်နေ့၊ ပထမဆုံး 'တာ့တာ' လုပ်မည့်သူများမှာ မျှော်ကိုး အချစ်သမားများသာ ဖြစ်သည်။ ရာထူး၊ အဆောင်အယောင် လာဘ်လာဘတို့ကြောင့် လည်း မသိမသာ မျှော်ကိုးသမားဘဝသို့ ရောက်လေ့ရှိကြသည်။

သူတို့၏ အဖွဲ့အစည်းအပေါ် တန်ဖိုးထားမှုမှာ နတ်ကိုးကွယ်မှု ဆန်သည်။ ပူဇော် သည်။ ပသသည်။ ပြီးတော့ စောင့်ရှောက်၊ စွန့်ကြဲမှုကို ပြန်မျှော်လင့်တတ်သူများ ဖြစ်သည်။ လုပ်ပိုင်ခွင့်၊ အခွင့်အရေးပေးနိုင်သော ပုဂ္ဂိုလ်များ အနီးတွင် မျှော်ကိုး အချစ်သမားများကို အပိုးကျိုးသော မျက်နှာပေးများနှင့် အစုလိုက် အပုံလိုက် တွေ့ရလေ့ ရှိသည်။

ထိုသူတို့အား ပညာအခံ အားနည်းသူများဟု ဆိုသည်ထက် ကိုယ်ကျင့်တရား အားနည်းသူများဟု ဆိုက ပို၍ သင့်တော်မည် ထင်ပါသည်။ တစ်နည်းအားဖြင့် အလိုတော်ရိ နည်းနည်း ဆန်သည်။ အရှိတရားကို မိမိလောဘဖြင့် ဖုံးကွယ်ထားသူများ လှည့်စားထား သူများ ဖြစ်သည်။

၃။ ဆင်ခြင်အချစ်

ဆင်ခြင်အချစ်သမားများမှာ အမှန်တော့ မျက်ကန်းသစ္စာခံ သက်သက် မဟုတ်သလို လိုဘ တစ်ခုတည်းဖြင့် ရစ်သီသီ လုပ်နေသူများလည်း မဟုတ်ချေ။ ပေါ်လစီကိုလည်း စိတ်ဝင်စားသည်။ မူဝါဒကိုလည်း စိစစ်သည်။ ရပ်ကွက်ကိုကျော်၍ မြို့နယ်ကိုလည်း ကြည့်သည်။ ပြည်နယ်ကိုကျော်၍ နိုင်ငံကိုလည်း ကြည့်သည်။ နိုင်ငံကိုကျော်၍ ကမ္ဘာ ကိုလည်း ကြည့်သည်။ မိမိအဖွဲ့အစည်းကိုကျော်၍ လူ့အသိုင်းအဝိုင်း တစ်ခုလုံး ကိုလည်း ကြည့်တတ်သူများဖြစ်သည်။ ချောင်တစ်ခုတွင် အသေရပ်နေသူများ မဟုတ်။ အဟောင်းကို အသေဖက်မထား။ အသစ်ကိုလည်း စူးစမ်းရဲသည်။ ယင်းအတွက် သင့်သလောက် ပညာ ကို အခြေခံထားသည့်အပြင်၊ သင့်သလောက် ပြေလည်မှုကိုလည်း ပိုင်ဆိုင် ထားသူများ ဖြစ်သည်။ ထို့ကြောင့် ဆင်ခြင်အချစ်သမားအများစုကို လူလတ်တန်းစား အုပ်စုတွင် တွေ့ရလေ့ရှိသည်။ ထိုထက်ထူးခြားသည်မှာ ထိုသူတို့တွင် သင့်သလောက် ဖွင့်ထားသော စိတ်ထားတစ်ခုရှိခြင်းပင် ဖြစ်သည်။ သို့ကြောင့် လူလတ်တန်းစားဖွံ့ဖြိုးမှုသည် လူ့အဖွဲ့ အစည်း ဖြောင့်မတ်ရေးကို များစွာအထောက်အကူပြုသည်ဟုဆိုခြင်း ဖြစ်သည်။ သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ မိမိကိုယ်ကို ယုံကြည်မှု ပြည့်ဝသော ခေါင်းဆောင် များသာ ဆင်ခြင်အချစ်သမားများကို တန်ဖိုးထားတတ်ပြီး ယုံကြည်မှု အားနည်းသော ခေါင်းဆောင် များ အနေနှင့် ဆင်ခြင်အချစ်သမားတို့အား မလိုလားတတ်ခြင်းပင် ဖြစ်သည်။ “ဒီကောင် ရှော့ခ်ရှိတယ်” ဟု သုံးသပ်ကာ လက်ရှောင် ထားတတ်ကြသည်။ ထိုသူတို့သည် အခပ်မသင့်လျှင် “အချင်းချင်းအပေါ် သစ္စာမရှိ” ဟုပင် တံဆိပ်အကပ်ခံရတတ်သည်။

လူ့သဘောမှာ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ မိမိကိုယ်ကို၊ မိမိအဖွဲ့အစည်းကို ဝေဖန်လာလျှင် မကြိုက်။ သို့သော် ဆင်ခြင်အချစ်သမားများကား အပြုသဘောပါသော မည်သည့် ဝေဖန်ချက်မျိုးကိုမဆို လက်ခံနိုင်စွမ်းရှိသလို၊ တုံပြန်နိုင်စွမ်းလည်း ရှိသည်။ သူတို့ကိုယ်တိုင်လည်း အပြုသဘောဝေဖန်ချက်များကို ခပ်ရဲရဲပြုလေ့ရှိသည်။ အပြုသဘော ဝေဖန်ချက်များကို သတ္တိရှိရှိ ကြိုဆိုရဲသည်။ မဟုတ်လျှင် မဟုတ်ကြောင်း သတ္တိရှိရှိ ဝန်ခံ ရဲသလို ဟုတ်ရာမှန်ရာအတွက်လည်း အမြဲအသင့်ဖြစ်နေကြသူများဖြစ်သည်။ ဖောက်ထွက် တွေးဖို့၊ ဖြန့်ကြက်တွေးဖို့ ဝန်မလေးသူများဖြစ်သည်။

ယင်းတို့ကား စာရေးသူနားလည်မိသော အဖွဲ့အစည်းအသီးသီးက ချစ်ပုံချစ်နည်း အဝဝပင် ဖြစ်ပါသည်။ သေချာသည်မှာ ကျွန်ုပ်တို့သည် ကိုယ့်အဖွဲ့အစည်း၊ ကိုယ့် ဝန်းကျင် ကို တန်ဖိုးထားကြသည်မှာ မှန်သော်လည်း၊ တန်ဖိုးထားပုံထားနည်းတို့က အမျိုးမျိုး ဖြစ်နေကြသည်။ အတ္တနှင့် ယှဉ်သောအချစ်၊ ပညာနှင့်ယှဉ်သောအချစ်၊ ဒေါသနှင့် ယှဉ်သောအချစ်၊ မောဟနှင့် ယှဉ်သောအချစ်၊ လောဘနှင့်ယှဉ်သောအချစ်၊ မာနနှင့် ယှဉ်သောအချစ် စသဖြင့် စသဖြင့် အမျိုးမျိုး အဖုံဖုံ တွေ့မိပါကြောင်း စာရေးသူ ခံစားမိသလို တင်ပြလိုက်ရပါသည်။


ပေါ်လင်းဦး
The Voice Weekly ဂျာနယ် အတွဲ ၁၀၊ အမှတ် ၂၆ မှ ကူးယူဖော်ပြသည်
မြန်မာ့နိုင်ငံရေးဆောင်းပါးများ

0 comments:

Post a Comment