Thursday, July 31, 2014

ဝေါဟာရအငြင်းပွားမှုကြောင့် ငြိမ်းချမ်းရေးအလှမ်းဝေးနေဦးမှာလား


တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များပါဝင်တဲ့ ထိပ်သီးညီလာခံကို ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ဇူလိုင် ၂၅ ရက်နေ့မှ စတင်၍ဆွေးနွေးခဲ့ကြပါတယ်။ တစ်နိုင်ငံလုံးရှိ ပြည်သူလူထုများ မျှော်လင့်နေသော စစ်မှန်သော ထာဝရငြိမ်းချမ်းရေးရရှိရန် ယင်းဆွေးနွေးပွဲ၏ရလဒ်အပေါ် များစွာသက်ရောက်မှု ရှိပါတယ်။ အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်မှသာ နိုင်ငံရေးဆွေးနွေးပွဲများသို့ တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ထာဝရငြိမ်းချမ်းရေးရရှိစေရေးအတွက် တိုင်းရင်းသားခေါင်းဆောင်ပိုင်းများ၏ ဆွေးနွေးချက်များဟာ ပြည်သူလူထုအား အခြေခံတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်စေချင်ပါတယ်။ မိမိအဖွဲ့အစည်း၏ ဂုဏ်သိက္ခာအကျိုးအတွက်ကိုဘဲ မျှော်ကိုးတဲ့ ဆွေးနွေးပွဲမဖြစ်စေလိုပါ။

ထိပ်သီးအစည်းအဝေးစတင်သည့် ပထမနေ့တွင် ယခင်ဆွေးနွေးပွဲမှ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် Single Text(မူကြမ်း) အပေါ်စတင်ဆွေးနွေးခဲ့ကြပါတယ်။ အစည်းအဝေးစတင်သည့် ပထမနေ့တွင် “တော်လှန်ရေး“ ဆိုသည့် ဝေါဟာရ သုံးနှုန်းမှုအပေါ်တည်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား သုံးသင့်၊ မသုံးသင့် ပေါ်မူတည်၍ သဘောထားကွဲလွဲမှုတွေ ရှိလာပါတယ်။ အစိုးရဘက်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဟု သုံးနှုန်းမှုအပေါ် တိုင်းရင်းသားများဘက်က တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး ဆိုတဲ့ ဝေါဟာရကို အသုံးပြုသင့်ကြောင်း တိုင်းရင်းသားများအတွင်း သဘောထား ကွဲလွဲမှုများ ရှိခဲ့ကြပါတယ်။

တိုင်းရင်းသားတွေဘက်မှ အဖွဲ့အစည်းတခုရဲ့ ဂုဏ်သိက္ခာ အတွက် တော်လှန်ရေးဆိုတဲ့ ဝေါဟာရကို အသုံးပြုသင့်တယ်လို့ ယူဆကြပါတယ်။ ဒါတွေဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ရှည်လျားအောင် ဆွဲဆန့်သလိုဖြစ်နေပါတယ်။ ဆွေးနွေးပွဲအစမှာ သဘောထားကွဲလွဲမှုတွေ ရှိနေမည်ဆိုရင် နောက်ပိုင်း အစိုးရနဲ့ ပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ဘယ်လိုတက်လှမ်းကြမလဲ။စစ်မှန်သောထားဝရငြိမ်းချမ်းရေး ရရှိရေးသည် မိမိတို့၏ လက်တကမ်းတွင် ရောက်နေပါပြီ။ စကားလုံးအသုံးနှုန်းဆိုတဲ့ဝေါဟာရ ပြင်ဆင်ရေးဟာ အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် အရေးပါနေသလား၊ စစ်ဘေးသင့်တိုင်းရင်းသားပြည်သူလူထုမှ မျှော်လင့်နေသော စစ်မှန်သောထာဝရငြိမ်းချမ်းရေး ရရှိရေးဟာ အရေးပါသလားဆိုတာ တိုင်းရင်းသားခေါင်းဆောင်များ ထည့်သွင်းစဉ်းစား ပေးစေလိုပါတယ်။

အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရန်အတွက် ကြန့်ကြာစေနိုင်သော ဝေါဟာရများကို ဦးစားပေးမဆွေးနွေးလိုဘဲ တိုင်းရင်းသားပြည်သူလူထု၏ ထာဝရငြိမ်းချမ်းရေးရရှိစေရေးကိုသာ ရှေ့တန်းတင်လျှက် နိုင်ငံရေးဆွေးနွေးပွဲဆီသို့တက်လှမ်းလိုကြောင်း အကြံပြုရေးသားလိုက်ပါတယ်။

ညီညီ(မြစ်ကြီးနား)
နေစဉ်သတင်း

0 comments:

Post a Comment