Thursday, July 31, 2014

ကျောင်းဈေးတန်းများကို ရှောင်တခင် စစ်ဆေးပြီ



မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန FDA က ထောက်ခံခွင့်ပြုချက်မရှိသည့် အစားအစာများကို ကျောင်းမုန့်ဈေးတန်းများတွင် ရောင်းချနေခြင်းရှိ၊ မရှိသြဂုတ် ၁ ရက်မှ စတင်ပြီး ရှောင်တခင်စစ် ဆေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာန ကျောင်းကျန်းမာရေး ဆရာဝန်ကြီး ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာခင်စောရီက မဇ္ဈိမကို ပြောသည်။ကျောင်းမုန့်ဈေးတန်းများတွင် အန္တရာယ်ဖြစ်စေသောကြောင့် ပိတ်ပင်ထားသည့် အစားအစာများ ရောင်းချပါက ရောင်းချသူနှင့် ဈေးဆိုင်ခန်းကို ပိတ်သိမ်းသည်အထိ အရေးယူသွားမည်ဖြစ်သည်။ စစ်ဆေးရေးအဖွဲ့များဖြင့် ရန်ကုန်းတိုင်းအတွင်းရှိ ကျောင်းတိုင်းတွင် သြဂုတ် ၁ ရက်မှစတင်ပြီး လိုက်လံစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

FDA အသိအမှတ်ပြုထောက်ခံချက် မပါရှိသည့် အစားအစာများ ရောင်းချခြင်းရှိ၊ မရှိကို မြို့နယ်ကျန်းမာရေး ဆရာဝန်ကြီးများ၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာမကြီးများပါဝင်သော စစ်ဆေးရေးအဖွဲ့တို့ဖြင့် စစ်ဆေးသွားမည်ဖြစ်ပြီး မြို့နယ်တစ်မြို့နယ်လျှင် စိစစ်ရေးအဖွဲ့တစ်ဖွဲ့က ခွဲခြားကာ စစ်ဆေးသွားမည်ဖြစ်သည်။

ကျောင်းများရှိ မုန့်ဈေးတန်းများတွင် FDA က အသိအမှတ်ပြုထားပါက မည်သည့်မုန့်အမျိုးအစားမဆို ရောင်းချခွင့်ရှိသော်လည်း ထောက်ခံချက်မရှိသည့် မုန့်များရောင်းချခြင်းကိုမူ ရောင်းချခြင်းမပြုရန် ပထမတစ်ကြိမ် အသိပညာပေးမှုများပြုလုပ်ပြီး နောက်တစ်ကြိမ်စစ်ဆေးရာတွင် ထပ်မံတွေ့ရှိပါက ကျောင်းဈေးရောင်းချခွင့် ပိတ်သွားမည်ဖြစ်သည်။

အန္တရာယ်ရှိမုန့်များ ရောင်းချမှုပပျောက်စေရန် မိဘ၊ ဆရာများပူးပေါင်းပါဝင်သည့် အစားအစာ အန္တရာယ် ကင်းရှင်းရေးအဖွဲ့များ ဖွဲ့စည်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ ဆရာဝန်ကြီး ဒေါက်တာခင်စောရီက “ကလေးတွေ ဘေးဖြစ်စေမယ့် အစားအစာတွေ မရောင်းချအောင် အတတ်နိုင်ဆုံး စစ်ဆေးမှုတွေ လုပ်သွားမယ်။ စည်းကမ်းချက်တွေကို ဈေးသည်တွေ လိုက်နာရမှာ ဖြစ်သလို ဆရာတွေကော၊ မိဘတွေကော ကလေးတွေရဲ့ကျန်းမာရေး ဂရုစိုက်ဖို့လိုပါတယ်”ဟုပြောသည်။

ကျောင်းများရှိ မုန့်ဈေးတန်းများတွင် အချိုမှုန့်၊ ဆိုးဆေး အလွန်အကျွံသုံးစွဲထားသည့် မုန့်များ၊ အကင်များ၊ ယမ်းစိမ်းအသုံး ပြုထားသည့် မုန့်များ၊ တာရှည်ခံဓာတုပစ္စည်းများ ပါဝင်သော အစားအစာများ ရောင်းချခြင်း နှင့် နို့နှင့် နို့ထွက်ပစ္စည်းများ ရောင်းချရာတွင် တံဆိပ်၊ ခွင့်ပြုအမှတ်၊ ကုန်ဆုံးရက်များ ရောင်းချခြင်း ရှိ၊ မရှိကို စစ်ဆေးမည်ဟု ၎င်းက ဆိုသည်။

ကျန်းမာရေးစစ်ဆေးရာတွင် သတ်မှတ်ထားသော စည်းကမ်းချက်များလိုက်နာပါက ကျန်းမာရေး အသိအမှတ်ပြု ကတ်ပြားများ ပေးမည်ဖြစ်ပြီး စစ်ဆေးရာတွင် ဆိုင်အခင်းအကျင်းများ၊ ယင်လုံအောင် ဖုံးဖိထားခြင်း ရှိ၊မရှိ၊ ရောင်းချရာတွင် ဖန်ထည်၊ ကြွေထည် ပန်းကန်၊ စတီးပန်းကန်များ အသုံးပြုခြင်းရှိ၊ မရှိ စစ်ဆေးမည်ဖြစ်သည်။

ကျောင်းဈေးတန်းများတွင် အစားအသောက်များကို မယ်လမင်၊ ကော်၊ ပလတ်စတစ်၊ ဖော့ဘူးများ အသုံးပြု ရောင်းချခွင့် ပြုမထားပေ။

အရပ်ဘက်အဖွဲ့အစည်းများက ကျောင်းကျန်းမာရေးကို လိုက်လံဆောင်ရွက်သူ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က “ကျန်းမာရေးနဲ့ မညီညွတ်တဲ့ မုန့်အများစုကို ရောင်းချခြင်း မပြုအောင် ကျောင်းဈေးတန်းကို အသိပညာပေးတာ အရင်လုပ်မယ်။ ခံဝန်ကတိအရင် ထိုးခိုင်းမယ်။ စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုလည်းပြီးရော အရင်လိုပဲ ပြန်မရောင်းအောင် သေချာ ကြပ်မတ်ရမယ်”ဟု ဆိုသည်။

ကျောင်းဈေးတန်းများရှိ အစားအသောက်များမှ ကလေးများ၏ ကျန်းမာရေးထိခိုက်စေနိုင်သော မုန့်များရောင်းချမှု တွေ့ရှိပါက စားသုံးသူကာကွယ်ပေးရေး ဥပဒေ ပုဒ်မ-၂၂ ပုဒ်မ ခွဲငယ် (က)၊(ခ)၊ (ဃ)(င)တို့အရ ထောင်ဒဏ် သုံးနှစ်နှင့် ငွေဒဏ်ကျပ် သုံးသိန်းအထိ အရေးယူနိုင်သည်။

ရန်ကင်း အထက(၁)ကျောင်းအုပ် ဆရာမကြီးဒေါ်မိုးသူက“အခုလို မိုးတွင်းမှာ ကလေးတွေ ၀မ်းပျက်ဝမ်းလျှောတာ အဖြစ်များကြတယ်။ ကျောင်းမုန့်ဈေးတန်းက အစားအစာ စားမိလို့ ဖြစ်တာရောအပြင် ဆိုင်တွေမှာ စားမိတာတွေကြောင့်လည်း ပါပါတယ်”ဟု ဆိုသည်။

ဧပြီ ၂၅ရက်တွင် ပြုလုပ်သော တိုင်းလွှတ်တော် အစည်းအဝေးတွင် ကျောင်းများတွင် မသန့်ရှင်းသောမုန့်များ မရောင်းချရေး အဆိုတင်သွင်းရာ အောင်မြင်ခဲ့သည်။


Written by ဇာနည်အောင်၊ အိအိထွန်း
mizzimaburmese

0 comments:

Post a Comment