Wednesday, July 30, 2014

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးနည်းဗျူဟာ ပြန်သုံးသပ်ပါ (Written by စည်သူအောင်မြင့်)

ကျင်းပပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အချိုးကျကိုယ်စားပြုစနစ်လို့ခေါ်တဲ့ ပီအာရ်ကိစ္စ အပြီးသတ်ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပထမတစ်ကြိမ် မဲခွဲဆုံးဖြတ်ရာမှာ ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်လ်ဒီအမတ်တွေနဲ့ တိုင်းရင်းသားတွေ ထိုင်ရမလို၊ ထရမလို၊ ကန့်ကွက်ရမလို၊ ထောက်ခံရမလို ဇဝေဇ၀ါ ဖြစ်ခဲ့ပြီးနောက် မရှင်းလို့ဆိုပြီး ဒေါ်စုက ဥက္ကဋ္ဌကို ပြန်မေးရပါတယ်။ သူရဦးရွှေမန်းက ရှည်ရှည်လျားလျား ပြန်ရှင်းပါတယ်။ နောက်ဆုံးစကားလုံးက ခုလိုပါ။ “ဦးအောင်ဇင်ရဲ့အဆိုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံနဲ့သင့်တော်တဲ့ ရွေးကောက်ပွဲစနစ်ဆောင်ရွက်ဖို့အတွက် ကော်မရှင်ဖွဲ့စည်းဆောင်ရွက်ဖို့ကို (လွှတ်တော်က သဘောတူပါသလား၊ သဘောတူပါတယ်။) သုံးကြိမ်။ ဦးအောင်ဇင်ရဲ့အဆို အတည်ဖြစ်ကြောင်း ကြေညာပါတယ်”ဆိုပြီး ဖြစ်ပါတယ်။
ဒီတစ်ကြိမ် သူရဦးရွှေမန်းပြောတာကို ဒေါ်အောင်ဆန်းစုကြည်တို့ မကန့်ကွက်တော့ဘဲ ထောက်ခံမှုပေးခဲ့ပါတယ်။ထောက်ခံမှုပေးခဲ့ရတဲ့တိုင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ထဲ သိပ်ရှင်းခဲ့ပုံတော့ မရပါဘူး။ အစည်းအဝေးအပြီး သတင်းထောက်တွေကို သူပြောခဲ့တာက “အန်တီတို့ ထောက်ခံတာ ဥက္ကဋ္ဌကြီး ပြောသွားတဲ့ အဆိုကို ထောက်ခံတာ၊ ဦးအောင်ဇင် ပြောသွားတဲ့ အဆိုအတိုင်း မဟုတ်ဘူး။ ဒါကို အန်တီတို့ရဲ့ ကိုယ်စားလှယ်အားလုံး လက်မှတ်ထိုးပြီး တရားဝင်တင်မယ်”လို့ ဆိုပါတယ်။ ဒီဆောင်းပါးဟာ အဲဒီနေ့တွေတုန်းက ပီအာရ်ကိစ္စ ပြည်သူ့လွှတ်တော်ထဲ အပြင်းအထန် ဆွေးနွေးကြတာ၊ အဆိုတွေ အမျိုးမျိုးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်တို့ကိုယ်တိုင် မရှင်းမရှင်း ဖြစ်ကုန်တာ၊ အစည်းအဝေးပြီးတာတောင် မရှင်းမလင်းဖြစ်ခဲ့တာ အဲဒီအကြောင်းတွေ ဆွေးနွေးဖို့ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်ရတဲ့ ပြဿနာတွေထဲက တစ်ခုကိုပဲ မီးမောင်းထိုးပြတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်နေသလဲ၊ သူ့ရဲ့ နိုင်ငံရေးနည်းဗျူဟာ မှန်ကန်မှုရှိပါရဲ့လားဆိုတာ ဝေဖန်သုံးသပ်မှာဖြစ်ပါတယ်။

လောလောဆယ် ဒေါ်အောင်ဆန်းစုကြည် အဓိကလုပ်ကိုင်နေတာဟာ ပုဒ်မ ၄၃၆ ပြင်ရေး၊ သူ့ရဲ့ ရှင်းရှင်းလင်းလင်း ပြောဆိုချက်အရဆိုရင် စစ်တပ်စစ်တန်းလျားကို ဂုဏ်သိက္ခာရှိရှိ ပြန်ရေးဆိုတာပဲ ဖြစ်ပါတယ်။ အားလုံးမြင်တွေ့ကြပြီးဖြစ်တဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့လှုပ်ရှားမှု ပြည်သူတွေတစ်ခဲနက် ထောက်ခံအားပေးကြတာ တွေ့ရမှာဖြစ်ပါတယ်။ တကယ်တော့ ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးလာတာ ခုမှမဟုတ်ပါဘူး။ အရင်နှစ်ပေါင်းများစွာကတည်းက ထောက်ခံအားပေးခဲ့တာ ဖြစ်ပါတယ်။ တကယ်လို့များ ဒေါ်အောင်ဆန်းစုကြည်ဟာ ပုဒ်မ ၄၃၆ ပြင်ရေး၊ စစ်တပ်ဂုဏ်သိက္ခာရှိရှိ စစ်တန်းလျားကို ပြန်ရေးဆိုတာမျိုး မဟုတ်ဘဲ အခြားလှုပ်ရှားမှုတစ်ခုခုလုပ်ခဲ့ရင်လည်း ပြည်သူလူထုကြီးက ထောက်ခံမှာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဟာ ဒေါ်အောင်ဆန်းစုကြည် အကောင်အထည်ဖော်နေတဲ့ နိုင်ငံရေး နည်းဗျူဟာ အောင်မြင်မယ်ဆိုတဲ့ အာမခံချက်တော့ မဟုတ်ပါဘူး။

ပြည်သူလူထုကြီးက တစ်ခဲနက်ထောက်ခံတဲ့တိုင် “ပုဒ်မ ၄၃၆ ပြင်ရေး၊ စစ်တပ်ကို ဂုဏ်သိက္ခာရှိရှိ စစ်တန်းလျားပြန်ရေး” အောင်မြင်နိုင်မယ် မဟုတ်ဘူးဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံနေတဲ့ နိုင်ငံရေး ကျွမ်းကျင်သူတွေကတောင် မှတ်ချက်ပြုထားကြပြီး ဖြစ်ပါတယ်။ အလားတူ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ဒီလှုပ်ရှားမှုနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူတကွ လှုပ်ရှားနေတဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တချို့ကတောင် သိပ်ပြီး တက်တက်ကြွကြွ မရှိလှဘူးဆိုတဲ့ ကိစ္စပါ။ ဒါလည်း အများကြီး ဖြစ်နိုင်ခြေ ရှိပါတယ်။ လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးနည်းဗျူဟာဟာ လက်တွေ့အခြေအနေနဲ့ ဝေးကွာလွန်းပြီး အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ဆောင်ကြဉ်းနိုင်မှာ မဟုတ်လို့ ဖြစ်ပါတယ်။

တကယ်တမ်း ဒေါ်အောင်ဆန်းစုကြည်၊ အတိုက်အခံနဲ့ ပြည်သူတွေ ရင်ဆိုင်တိုးနေရတဲ့ ပြဿနာကတော့ အဲဒါတွေ မဟုတ်ပါဘူး။ အာဏာရထားသူ စစ်ဗိုလ်ချုပ်ဟောင်းနဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ ၂၀၁၅ ရွေးကောက်ပွဲကနေတစ်ဆင့် နောက်ထပ် သက်တမ်းတစ်ခု ထပ်ပြီး အုပ်ချုပ်နိုင်ရေး လှုပ်ရှားမှုအမျိုးမျိုး လုပ်လာတာပဲ ဖြစ်ပါတယ်။ ဆောင်းပါးအစမှာ ဖော်ပြထားတဲ့ လာမယ့်ရွေးကောက်ပွဲမှာ ပီအာရ်စနစ်ကျင့်သုံးနိုင်ရေး၊ ရွေးကောက်ပွဲဆိုင်ရာ စည်းကမ်းချက်တွေ ချမှတ်ပြီး အင်န်အယ်လ်ဒီနဲ့ အတိုက်အခံတွေကို ထိန်းချုပ်ရေး၊ သတင်းမီဒီယာကို ထိန်းချုပ်ရေး၊ လူမျိုးရေး၊ ဘာသာရေး အမုန်းတရားဖြန့်ဖြူးနေမှုတွေ၊ လှုံ့ဆော်မှုတွေ၊ အကြမ်းဖက်မှုတွေကို ဆက်ပြီး လျစ်လျူရှုထားရင်း ပြည်သူအတွင်း တည်ငြိမ်မှုကင်းမဲ့နေအောင် ဖန်တီးထားရေး စသဖြင့် လုပ်ကိုင်ဆောင်ရွက်လာတာ တွေ့နိုင်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းက မြန်မာအစိုးရ နောက်ကြောင်းပြန်လှည့်လိုတဲ့ လက္ခဏာတွေ့ရတယ်လို့ ဝေဖန်တာပါ။

စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ စစ်ဗိုလ်ချုပ်တွေဘက်မှာလည်း ဒီကိစ္စအကြောင်း နှစ်မျိုးနဲ့ လုပ်ကိုင်ကြတာ တွေ့ရပါတယ်။ပထမအကြောင်းကတော့ ရိုးရိုးသားသား ၂၀၁၅ နောက်ပိုင်း အာဏာလွှဲမပေးချင်တာဖြစ်ပြီး နောက်အကြောင်းတစ်ခုကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ထဲ အမတ်နေရာ ၄၀ ကျော်လောက် ရနေရုံ၊ အခြား ဘာအာဏာ၊ ဘာလုပ်ပိုင်ခွင့်မှ မရသေးခင် “စစ်တပ် ဂုဏ်သိက္ခာရှိရှိ စစ်တန်းလျားကို ပြန်ရေး” လုပ်နေပြီ။ နောင်ရွေးကောက်ပွဲပြီးလို့ လွှတ်တော်ကို စိုးမိုး၊ အစိုးရအာဏာပါရသွားရင် ငါတို့ကံကြမ္မာ ဘယ်လိုဖြစ်မလဲဆိုတဲ့ စိုးရိမ်ပူပန်မှုကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး လမ်းစဉ်ကို မကျင့်သုံးနိုင်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံ အင်န်အယ်လ်ဒီအုပ်စု၊ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ စစ်ဗိုလ်ချုပ်တွေ အုပ်စု၊ အင်အားစုနှစ်စုဟာ ထိပ်တိုက်ရင်ဆိုင်ရေးဘက်ဆီ၊ နိုင်ငံရေး အကျပ်အတည်း တစ်ခုဆီ ရှေးရှုလာနေတာ ဖြစ်ပါတယ်။

အခုဆို အင်န်အယ်လ်ဒီပါတီဝင်တွေနဲ့ ပြည်သူတွေဟာ “ပုဒ်မ ၄၃၆ ပြင်ရေး၊ စစ်တပ်ဂုဏ်သိက္ခာရှိရှိ စစ်တန်းလျားကို ပြန်ရေး” လှုပ်ရှားမှုကြောင့် ပင်ပန်းနေပါပြီ။ တိုင်းပြည်မှာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဖြစ်ပေါ်လာရေး၊ ငြိမ်းချမ်းရေး တည်ဆောက်ရေး၊ ၂၀၁၅ မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာစေရေး၊ အဲဒီကနေတစ်ဆင့် ပြည်သူတွေဆန္ဒနဲ့ ထပ်တူကျတဲ့ အစိုးရအဖွဲ့ပေါ်ပေါက်လာရေး၊ ဒီမိုကရေစီထွန်းကားရေးအတွက် ခက်ခက်ခဲခဲ လုပ်ရပါဦးမယ်၊ ပြည်သူ့အားကို အများကြီးယူရပါဦးမယ်။ ဒီကနေ့ ပြည်သူတွေဟာ အရင်စစ်အာဏာရှင်တွေ လက်ထက်တုန်းကထက် နည်းနည်းအသက်ရှူချောင်လာတာက လွဲရင်ဆင်းရဲမြဲ၊ ပညာမဲ့မြဲ၊ အခွင့်အလမ်းနည်းပါးမြဲဆိုတာ ဒေါ်အောင်ဆန်းစုကြည် သတိပြုမိဖို့လိုပါတယ်။ ပြည်သူတွေ အင်အားချိနဲ့နေဆဲဆိုတာ လေးနက်ဖို့ လိုပါတယ်။

မြန်မာပြည် ဒီမိုကရေစီထွန်းကားရေး နောက်ထပ် နှစ်ဘယ်လောက်ကြာမယ် ဘယ်သူမှ အတတ်မပြောနိုင်ပါဘူး။ အချိန် တစ်နှစ်ကြာတာနဲ့ ပြည်သူတွေဟာ တစ်နှစ်စာ စီးပွားရေး၊ ပညာရေးစသဖြင့် အင်အားပိုရှိလာတဲ့ ပြည်သူတွေဖြစ်လာဖို့ လိုပါတယ်။ ကာလကြာရှည်လေ အင်အားပိုရှိတဲ့ ပြည်သူတွေ ဖြစ်ဖို့လိုပါတယ်။ ဒီအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ “ပုဒ်မ ၄၃၆ ပြင်ရေး၊ စစ်တပ် ဂုဏ်သိက္ခာရှိရှိ စစ်တန်းလျားကို ပြန်ရေး” နည်းဗျူဟာ အခြေအနေအချိန်အခါနဲ့ ကိုက်ညီမှု ရှိ၊ မရှိ၊ ပြည်သူ၊ တိုင်းပြည်၊ ယုတ်စွအဆုံး အင်န်အယ်လ်ဒီ အကျိုးစီးပွားကိုက်ညီမှု ရှိ၊ မရှိ ပြန်သုံးသပ်ပါလို့ တိုက်တွန်းပါတယ်။

Written by စည်သူအောင်မြင့်
mizzimaburmese

0 comments:

Post a Comment