Wednesday, July 30, 2014

သရဖူပြန်ရဖို့ ဆွေးနွေးညှိနှိုင်းလိုတဲ့ ဂျူးစံသာ

စာနယ်ဇင်းရှင်းလင်းပွဲမှာ တွေ့ရတဲ့ ဂျူးစံသာ

မစ္စ Globe Myanmar သရဖူဆု ရရှိထားပြီး နိုင်ငံတကာပြိုင်ပွဲကို သွားရောက်ဖို့အတွက်
လေ့ကျင့်မှုတွေ ပြုလုပ်နေရာက သရဖူပြန်လည် ရုပ်သိမ်းခံရတယ်ဆိုတဲ့ အလှမယ် ဂျူးစံသာရဲ့
သတင်းဟာ အင်တာနက်မှာ ဒီသီတင်းပတ်အတွင်း ရေပန်းစားနေတဲ့ သတင်းတစ်ပုဒ်
ဖြစ်လို့နေပါတယ်။

သရဖူရုပ်သိမ်းတယ်ဆိုတဲ့ သတင်းကို ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်ကနေတစ်ဆင့် ကြေညာခဲ့သူ
ကတော့ Globe Myanmar ပွဲစီစဉ်သူလည်းဖြစ်၊ ဂျူးစံသာရဲ့ National Director လည်းဖြစ်တဲ့
မလှနုထွန်း ပဲဖြစ်ပါတယ်။

သရဖူရုပ်သိမ်းလိုက်ရတဲ့ အကြောင်းရင်းကိုလည်း တခြားအဖွဲ့အစည်းနဲ့ ဆက်သွယ်မှု၊ မက်ဆေ့ခ်ျမှ
ရိုင်းပြစွာပြောဆိုမှု၊ စာချုပ်အတွက် လာရောက် ဆက်သွယ်ရန် ပြောခဲ့သော်လည်း ပျက်ကွက်မှု
တို့ကြောင့်ဖြစ်တယ်လို့ မလှနုထွန်းက ရေးသားထားပါသေးတယ်။

အဲဒီသတင်းကို မလှနုထွန်းက ဇူလိုင်လ ၂၄ ရက်နေ့မှာ ကြေညာခဲ့ပြီး နောက်တစ်နေ့မှာပဲ
အလှမယ် ဂျူးစံသာ က ပါ့ခ်ရွယ်ရယ်ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ သူ့အနေနဲ့
ရည်ရွယ်ထားတဲ့အတိုင်း နိုင်ငံတကာအလှမယ်ပွဲကြီးဖြစ်တဲ့ Miss Globe International ပွဲကြီးမှာ
သွားရောက် ယှဉ်ပြိုင်ချင်တာကြောင့် မလှနုထွန်းနဲ့ ဆွေးနွေးညှိုနှိုင်းလိုပါတယ်လို့ ထုတ်ဖော်
ပြောဆိုခဲ့ပါတယ်။

Miss Globe International အလှမယ်ပွဲကို ဩဂုတ်လ ၁၁ ရက်နေ့မှာ Azerbaijan နိုင်ငံမှာ
စတင်ကျင်းပသွားမှာဖြစ်ပြီး နိုင်ငံပေါင်း ၁၀၀ ကျော်မှ အလှမယ်များ ပါဝင်ယှဉ်ပြိုင်ကြမှာ
ဖြစ်ပါတယ်။

စာနယ်ဇင်းပွဲမှာ ဂျူးစံသာက ခုလိုမျိုး ဖေ့စ်ဘွတ်ခ်သတင်းကြားရတဲ့အခါ ထင်မှတ်မထားတာ
ကြောင့် အံ့ဩခဲ့ရပါတယ်လို့ ၀မ်းနည်းဟန် မျက်ရည်အ၀ဲသားနဲ့ ဆိုခဲ့ပါသေးတယ်။

"စာချုပ်မူကြမ်းကို အခုလို သရဖူသိမ်းကြောင်း မကြေညာခင် တစ်ရက်အလိုမှာ အိမ်ကိုပို့ခဲ့ပေမယ့်
အဖေနေမကောင်းလို့ ခဏစောင့်ပေးဖို့ ပြောခဲ့ပါတယ်။ သုံးနှစ်စာ ချုပ်ဆိုရမယ့်စာချုပ်ကို
ခဏအတွင်းမှာ သမီးတစ်ယောက်တည်းပဲ ဖတ်ခဲ့ပြီး အမေတို့နဲ့ မတိုင်ပင်ရသေးတဲ့အချိန်ဆိုတော့
ဆုံးဖြတ်ချက် မချနိုင်ခဲ့လို့ပါ"လို့ အသက် ၁၈ နှစ် မပြည့်သေးတဲ့ ဂျူးစံသာက ပြောပါတယ်။

သူ့ကို ဖေ့စ်ဘွတ်ခ်ကနေ သရဖူသိမ်းကြောင်း ကြေညာထားပေမယ့် တရားဝင်အကြောင်းကြားစာ
တော့ မရသေးပါဘူးလို့လည်း ညှိုနှိုင်းမှုအပေါ် စိတ်အားထက်သန်နေတဲ့ မစ္စ Globe Myanmar က
ဆိုပါတယ်။

"ပြိုင်ပွဲက ဘယ်နှရက်မှ မလိုတော့ပါဘူး။ အကုန်ပြင်ဆင် ပြီးသွားပြီဆိုတော့ သမီး သွားပြိုင်ချင်ပါ
တယ်။ ဆွေးနွေးညှိနှိုင်းဖို့ကိုလည်း ကြိုးစားသွားမှာပါ။ တကယ်လို့ ဒီတစ်ခေါက်ပြိုင်ခွင့်
မရခဲ့ရင်လည်း သမီးဝါသနာပါတဲ့ ဒီအလုပ်ကိုပဲ ဆက်လုပ်သွားမှာပါ"လို့လည်း ဂျူးစံသာက
ပြောပါတယ်။

မလှနုထွန်းက စာချုပ်ကို ဇူလိုင် ၂၃ ရက်နေ့တွင် ပေးပို့ခဲ့ပြီး ၂၄ ရက်နေ့ ညနေတွင် လက်မှတ်
လာရောက်ထိုးဖို့ ပြောပေခဲ့ပေမယ့် ဂျူးစံသာရဲ့ဖခင် နေမကောင်းတာကြောင့် စာချုပ်လက်မှတ်
မထိုးနိုင်ခဲ့ဘူးလို့ မိခင်ဖြစ်သူ ဒေါ်သင်းသင်းရီ ကလည်း ထပ်လောင်းပြောဆိုပါတယ်။

"ဂျူးလေး အဖေနေမကောင်းလို့ အရမ်းအလုပ်ရှုပ်နေရတဲ့ အချိန်ပါ။ စာချုပ်ကိုလည်း နားလည်တဲ့
သူတွေနဲ့ ပြချင်ပါသေးတယ်။ လက်မှတ်မထိုးဘူးလို့ ကျွန်မတို့ မပြောပါဘူး။ အချိန်လေးပဲပေးပါလို့
ပြောခဲ့ပါတယ်။ တစ်နေ့ကထိ (ဖေ့စ်ဘွတ်စ်ပေါ် ပို့စ်တင်တဲ့နေ့ မတိုင်ခင်) ကို ကျွန်မတို့
ဆက်ဆံရေးက အေးအေးဆေးဆေးပါ။ ဘာမှမဖြစ်ခဲ့ပါဘူး"လို့လည်း သူက ဆိုပါတယ်။

စာချုပ်မူကြမ်းမှာ ဖော်ပြထားတဲ့ အချက်တွေထဲမှာ ဂျူးစံသာရဲ့ အနုပညာဝင်ငွေ သုံးဆယ်
ရာခိုင်နှုန်းကို နေရှင်နယ်ဒါရိုက်တာဖြစ်သူ မလှနုထွန်းကို သုံးနှစ်အထိ ခွဲပေးရမှာဖြစ်ပြီး
အဖွဲ့အစည်းအပေါ် ရိုင်းပြစွာ စကားမဆိုရ၊ ကျိန်စာမတိုက်ရ၊ ဆေးလိပ်၊ ကွမ်းနဲ့ အရက် အပါအ၀င်
မူးယစ်ဆေးဝါး မသုံးစွဲရ၊ ကလပ်များသို့ သွားရောက် ကခုန်ခြင်း မပြုလုပ်ရ စတာတွေပါဝင်ပြီး
အရမ်းတင်းကျပ်လွန်းတာမို့ ညှိနှိုင်းဖို့ အတွက် အချိန်ယူရတာပါလို့လည်း ဒေါ်သင်းသင်းရီက
ပြောပါတယ်။

မိခင်စကားကို ထောက်ခံတဲ့ ဂျူးစံသာကလည်း "မစ္စမြန်မာတွေအားလုံး တစ်နှစ်စာချုပ်ပဲ
ချုပ်ကြပါတယ်။ သုံးနှစ်ဆိုတဲ့ကာလကို ဘယ်သူမှ စာချုပ် မချုပ်ကြပါဘူး။ မေမြတ်နိုးလည်း
သုံးနှစ်စာချုပ်ကို လက်မှတ်မထိုးသေးပါဘူး။ နားလည်တဲ့ သူတွေနဲ့ တိုင်ပင်ချင်လို့ စာချုပ်ချုပ်မယ့်
ရက်ထပ်တိုးပေးဖို့ တောင်းဆိုတာပါ"လို့ ဆိုပါတယ်။

ဖြစ်ရတဲ့ပြဿနာရဲ့ အဓိကအကြောင်းက စာချုပ် ချုပ်ဆိုဖို့ ကိစ္စဖြစ်တာကြောင့် Miss Globe
Myanmar ပြိုင်ပွဲစတင်ကတည်းက ဆုရရှိတဲ့ အလှမယ်အနေနဲ့ ပြုလုပ်ရမယ့် အချက်အလက်
တွေကို အေဂျင်စီအနေနဲ့ ကြိုတင်မပြောခဲ့ဘူးလား၊ စာချုပ်ကိုရော ပြိုင်ပွဲသွားခါနီးမှ ဘာကြောင့်
ချုပ်ဆိုရသလဲဆိုတဲ့ မေးခွန်းတွေကို တွေးတောစရာဖြစ်လာခဲ့ပါတယ်။

"စာချုပ်ကို ပွဲပြီးပြီးချင်းမချုပ်တာက သူတို့ အမေတွေရော၊ သူတို့ကရော စာချုပ်ကိုကြိုက်တဲ့အချိန်
ချုပ်ပါ။ လက်မှတ်ကို အချိန်မရွေးထိုးပါ့မယ်။ ၃၀ ရာခိုင်နှုန်းလည်း ပေးပါ့မယ်လို့ ပြောထားတာကို
ယုံလို့ပါ။ ပြီးတော့ မစ္စတစ်ယောက်ဆိုတာ တခြားသူတွေရော တူသလား၊ ကတိတည်ရဲ့ လား
ဆိုတာ စမ်းသပ်တာပါပဲ။ ခုတော့ လှနု သိလိုက်ပါတယ်။ နောက်ကျရင် စာချုပ်ချုပ်ဖို့
အရင်လုပ်ရပါတော့မယ်"လို့ မလှနုထွန်း က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

မလှနုထွန်းဟာ ပြီးခဲ့တဲ့မေလက တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss Asia Pacific World
ပြိုင်ပွဲမှာ သရဖူရရှိခဲ့တဲ့ အလှမယ် မေမြတ်နိုးရဲ့ နေရှင်နယ်ဒါရိုက်တာလည်းဖြစ်ပြီး
လတ်တလောမှာ မေမြတ်နိုး နဲ့လည်း အဆင်မပြေမှုတွေ ကြုံနေရတာဖြစ်ပါတယ်။

"ဂျူးလေးကိုရော သူ့မိသားစုကိုရော ကျွန်မ အတန်တန်မှာထားပါတယ်။ တခြားအဖွဲ့အစည်းတွေနဲ့
မဆက်သွယ်ဖို့ကိုပါ။ ဒါပေမဲ့ ကျွန်မပြောတာကို နားမထောင်ခဲ့ပါဘူး။ တခြားအဖွဲ့အစည်းနဲ့
ရိုက်ထားတဲ့ ဓာတ်ပုံတွေ တင်ပါတယ်။ ခုစာချုပ်ကလည်း အကြမ်းပဲ ရှိပါသေးတယ်။ သူ့ကို
လက်မှတ်ချက်ချင်း ထိုးခိုင်းတာ မဟုတ်ပါဘူး။ ဆွေးနွေးဖို့ပဲ ခေါ်နေတာပါ။ နောက်ပိုင်းရက်တွေမှာ
လှနု မအားပါဘူး။ ဒါကြောင့် ဆွေးနွေးဖို့လာခဲ့ပါလို့ ပြောတာပါ။ ခု သရဖူသိမ်းရတာကလည်း သူနဲ့
ဆက်ပြီးလက်တွဲလုပ်ဖို့ အဆင်မပြေတော့လို့ပါ။ သူ့အဖေ နေမကောင်းဘူးလို့ စာချုပ်မချုပ်နိုင်
သေးဘူးလို့ ပြောပေမယ့် သူတခြား အစီအစဉ်တစ်ခုအတွက် လုပ်နေတယ်ဆိုတာ လှနု
သိနေပါတယ်။ ရှေ့မှာ မေမြတ်နိုးကိစ္စကလည်း ရှိထားတော့ လှနု နောက်တစ်ခေါက်
အရှက်ကွဲခံလို့ မရပါဘူး"လို့ မလှနုထွန်း ကဆိုသလို သူ့ဘက်က မှားတာ မရှိတဲ့အတွက်
ဂျူးစံသာ တို့ဘက်မှ တရားစွဲမယ်ဆိုလည်း စွဲလို့မရပါဘူးလို့လည်း ဆိုပါတယ်။ ဖုန်းမက်ဆေ့ခ်ျ
ကနေတစ်ဆင့် ရိုင်းပြစွာပြောဆိုတယ်လို့ မလှနုထွန်း ရေးသားခဲ့တာနဲ့ ပတ်သတ်ပြီး ပြဿနာ
ရှိခဲ့တာ မှန်ပေမယ့် နှစ်ဦးနှစ်ဖက်ကြားမှာ အဆင်ပြေပြီးခဲ့သားဖြစ်တယ်လို့ ဂျူးစံသာက
ဆိုပါတယ်။

"တီချယ်(လှနုထွန်း) ခရီးသွားနေတုန်းက ၀တ်စုံမလောက်ငတဲ့အတွက် Miss Golden Myanmar
က ကိုဟန်ဇော်လတ်ဆီမှာ အကူအညီတောင်းခဲ့မိပါတယ်။ တီချယ်ကိုလည်း ဘာမှမလုပ်ပေးဘဲနဲ့
လို့ မက်ဆေ့ခ်ျကနေ ပြောမိပါတယ်။ အဲဒီအတွက်လည်း တောင်းပန်ပြီးပါပြီ။ တီချယ်ကလည်း
အဲဒါတွေ မေ့လိုက်ပြီး ရှေ့ဆက်သွားကြမယ်လို့ ပြောထားပါတယ်။ ဒါပေမဲ့ ခုလို ဘာဖြစ်လို့
လုပ်ရတယ်ဆိုတာ ဂျူးလည်း မသိပါဘူး။ သမီး ဖုန်းဆက်ပေမယ့် တီချယ်က လုံးဝမကိုင်ပါဘူး"လို့
ဂျူးစံသာက ပြောပါတယ်။

မြန်မာတိုင်း(မ်)နဲ့ နောက်ဆုံး စကားပြောခဲ့တဲ့ ဇူလိုင် ၂၈ ရက်နေ့အထိ မလှနုထွန်း ဘက်မှ
ဆက်သွယ်မှု တစ်စုံတစ်ရာ မလုပ်ခဲ့ဘဲ ဖေ့စ်ဘွတ်ခ်မှာ Miss Globe ဆုရှင်ဂျူးစံသာမှာ
စိတ်ကစဥ့်ကလျား ရောဂါရှိနေတဲ့အတွက် ပြိုင်ပွဲကိုစေလွှတ်တော့မှာ မဟုတ်ဘူးလို့
ရေးတင်ခဲ့တယ်လို့ ဒေါ်သင်းသင်းရီက ပြောပါတယ်။

"အန်တီတို့ဘက်က ခုချိန်ထိတော့ ဘာမှမလုပ်သေးပါဘူး။ သူတို့က သမီးလေးကို စိတ်ဝေဒနာရှင်
ပုံစံနဲ့ ပြိုင်ပွဲကျင်းပတဲ့ဆီကို အကြောင်းကြားတဲ့စာကို တွေ့ရပေမယ့် အဲဒီအဖွဲ့အစည်းနဲ့ အန်တီတို့
ဘာအဆက်အသွယ်မှ မရှိတော့ ရှင်းပြဖို့ အခက်တွေ့နေပါတယ်။ သူတို့ဘက်က ကြားခံ
လုပ်ပေးခဲ့ပြီး အန်တီတို့နဲ့ တစ်ကြိမ်မှ တိုက်ရိုက်ဆက်သွယ်ခြင်း မရှိခဲ့ပါဘူး"လို့ ဒေါ်သင်းသင်းရီက
ပြောပါတယ်။

မလှနုထွန်း ကတော့ "Miss Tourism International ပွဲအတွက်လည်း လှနု စီစဉ်နေပါတယ်။
Miss Globe ပွဲက အရမ်းကပ်နေတော့ နောက်တစ်ယောက်အစားထိုးဖို့ မီ မမီလည်း
မသေချာပါဘူး။ ကံကောင်းလို့ ပွဲရက်ရွှေ့သွားမယ်ဆိုရင် ဂျူးစံသာနေရာမှာ တစ်ယောက်
အစားထိုးဖြစ်ရင် ဖြစ်မှာပါ။ Miss Tourism International အတွက် လာလျှောက်ထားတဲ့
ကလေးတွေလည်း ရှိပါတယ်။ ခုတော့ လှနု စိတ်ရှုတ်နေလို့ ရွေးဖြစ်မရွေးဖြစ် သေချာမပြောနိုင်
သေးပါဘူး"လို့ဆိုပါတယ်။

Miss Globe Myanmar ပြိုင်ပွဲကြီးကို မတ်လ ၄ ရက်နေ့က ကရ၀ိက်နန်းတော်ဟိုတယ်မှာ
ပြုလုပ်ခဲ့ကာ မစ္စအဖြစ် ဂျူးစံသာက ရွေးချယ်ခံခဲ့ရပြီး Miss Absolute Beauty Skin ဆုကိုလည်း
ရရှိခဲ့ပါတယ်။

အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

0 comments:

Post a Comment