Wednesday, July 30, 2014

လမ်းဘေးဈေးသည်များကို ရောင်းချခွင့် ပိတ်တော့မည်


ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ၃၈ လမ်းဈေးရှိ လမ်းဘေးပျံကျဈေးသည်များကို မေလ ၂၉ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ဟိန်းထက်

အောက်တိုဘာလမှစတင်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းဘေးပျံကျဈေးသည်များ လုံးဝရောင်းချခွင့် ပြုတော့မည်မဟုတ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဈေးများဌာနမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါ ပျံကျဈေးသည်များကို စနစ်တကျဖြစ်စေရန် သက်ဆိုင်ရာမြို့နယ်ဈေးများရှိ နေရာလွတ်တွင်သာ ရောင်းချနိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်သည်။ သြဂုတ်လနှင့် စက်တင်ဘာလ နှစ်လတာကာလအတွင်း အဆိုပါပျံကျဈေးသည်များကို ပညာပေးကာလအဖြစ် သတ်မှတ်ထားပြီး ညနေ ၅ နာရီ နောက်ပိုင်းမှသာ ရောင်းချရန် စည်းရုံးဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။ပျံကျဈေးသည်များကို ရောင်းချခွင့်မပြုတော့ခြင်းမှာ လမ်းမကြီးများတွင် ရောင်းချနေသော ပျံကျဈေးသည်များကြောင့် ယာဉ်ကြောပိတ်ခြင်း၊ ရေမြောင်းများ ပိတ်ဆို့ခြင်း၊ နေရာလုကြသဖြင့် အချင်းများရန်ဖြစ်ခြင်းနှင့် လမ်းသွားလမ်းလာခရီးသွားသူများ အနှောင့်အယှက်ဖြစ်စေခြင်းတို့ကြောင့် အောက်တိုဘာလမှစပြီး ပျံကျဈေးသည်များကို ရောင်းချခွင့်မပြုတော့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ဈေးများဌာနမှ တာဝန်ရှိသူတစ်ဦးက “ဈေးသည်တွေ ရန်ကုန်တစ်မြို့လုံးဖြစ်နေတယ်။ သူတို့ကို နေရာပေးဖို့ ပြင်ဆင်နေတယ်။ ဈေးတွေမှာ သဲဖို့၊ မြေဖို့၊ ကျောက်ဖို့ နေတာတွေလုပ်နေတယ်”ဟု ပြောသည်။

ရန်ကုန်မြို့စည်ပင်သာယာနယ်နိမိတ် ၃၃ မြို့နယ်ရှိ ပျံကျဈေးသည်များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ စီမံရေးရာဌာန၊ ဈေးများဌာန၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာန၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့် ပူးပေါင်းကာ ပညာပေးဆောင်ရွက်သွားမည်ဖြစ်သည်။

လက်ရှိတွင် ပျံကျဈေးသည်များကို ညနေ ၃ နာရီနောက်ပိုင်းသာ ရောင်းချခွင့်ပြုထားပြီး သင်္ဃန်းကျွန်းမြို့နယ် စံပြဈေးရှေ့နှင့် မင်္ဂလာတောင်ညွန့်မြို့နယ် ယုဇနပလာဇာဈေးရှေ့တို့မှ စတင်ပြီး ညနေ ၅ နာရီ နောက်ပိုင်းမှသာ လမ်းဘေးဈေးသည်များကို ခင်းကျင်းရောင်းချခွင့်ပြုထားသည်ဟု ဈေးများဌာနမှ တာဝန်ရှိသူက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါက်တာညိုညိုသင်းက “အများအားဖြင့် ပျံကျဈေးသည်တွေကြောင့် လူသွားလမ်းတွေ ပိတ်ဆို့တယ်။ ယာဉ်အန္တရာယ်ဖြစ်တယ်။ ပျံကျဈေးသည်တွေ စနစ်တကျရောင်းချဖို့ နေရာသီးသန့်လိုအပ်တယ်။ လူထုကလည်း တွေ့ကရာမှာ ဈေးမ၀ယ်ဘဲ၊ ဈေးမှာသာ ၀ယ်ဖို့လိုတယ်”ဟု ပြောသည်။

မုံရွာမြို့မှ လာရောက်ကာ ပျံကျဈေးသည်အဖြစ် သက်မွေးဝမ်းကျောင်းပြုသူ ကိုစွမ်းရည်က “ရွာဘက်မှာ အဆင်မပြေလို့ ဒီမှာ ဈေးလာရောင်းတာပါ။ ဈေးသည်တွေ မရှိသင့်ဘူးဆိုရင် စားဝတ်နေရေးထိခိုက်သွားမယ်။ ဈေးသည်တွေ မရှိသင့်ဘူးဆိုရင်လဲ နေရာတစ်နေရာတော့ ပေးရမယ်။ မပေးရင်တော့ ရတဲ့နေရာလေးမှာပဲ ရောင်းရမှာပဲ။ အခုလည်း ညနေ ၃ နာရီမှ စရောင်းခွင့်ပေးထားတော့ ကောင်းပါတယ်။ လူစည်တဲ့နေရာ ပေးရင်တော့ ကျွန်တော်တို့အတွက် အဆင်ပြေတာပေါ့။ ဈေးရုံတွေထဲ ပြောင်းဖို့ဆို အရင်းအနှီးက ကျွန်တော်တို့အတွက် အဆင်မပြေဘူး”ဟု ပြောသည်။

စည်ပင်နယ်နိမိတ် ၃၃ မြို့နယ်တွင် ပညာပေးကာလပြီးဆုံးပါက မလိုက်နာသူများကို ရန်ကုန်မြို့၊ စည်ပင်သာယာရေးကော်မတီ ဥပဒေပုဒ်မ ၆၈ အရ ဒဏ်ငွေကျပ်တစ်သောင်းမှ ထောင်ဒဏ်ငါးနှစ်အထိ ပြစ်ဒဏ်ပေးနိုင်သည်။


Mizzima

0 comments:

Post a Comment