Thursday, July 31, 2014

ထန်းရွက်အောက်က ယုန်ငယ်၊ စကောတပ်ကြီးနှင့် တိုင်းပြည်ပျက်စီးစေသော အမုန်းတရားများ●


မန္တလေးမြို့တွင် ဇူလိုင်လ ၂ ရက်နေ့နှင့် ၃ ရက်နေ့များတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် ပတ် သက်၍ ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်ကို ဇူလိုင်လ ၂၀ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြပါရှိလာခဲ့သည်။ ထိုဖြစ်စဉ်တွင် ပုဂ္ဂိုလ်ရေး ရန်ငြိုးများကို အရင်းပြု၍ ဖန်တီး လှုံ့ဆော်ခဲ့သော ဖြစ်ရပ်တစ်ခုအဖြစ် ရှင်းရှင်းလင်းလင်း သိမြင်ခဲ့ကြပြီး ဖြစ်သည်။ထိုကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် “အကြမ်းဖက်မှုအတွင်းမှာ ပါဝင်ခဲ့ကြသူများနဲ့ ပဋိပက္ခ ဖြစ်ပေါ် စေဖို့ ရည်ရွယ်ချက် ရှိရှိ ဖန်းတီခဲ့သူများကိုလည်း စုံစမ်းဖော်ထုတ်ပြီး ပြတ်ပြတ်သားသားနဲ့ ထိထိ ရောက်ရောက် အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ သွေးထိုးလှုံ့ဆော်မှုများနဲ့ အကြမ်းဖက်ဖျက်ဆီးမှုများကိုလည်း နိုင်ငံတော်အနေနဲ့ လုံးဝ သည်းခံမှာ မဟုတ်ဘဲ ချက်ချင်း ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်မှာ ဖြစ်တဲ့အကြောင်း” ပြောကြားခဲ့သည်နှင့်အညီ တစ်ချိန်တည်းမှာပင် ဖမ်းဆီးထိန်းသိမ်းမှုများ၊ စစ်ဆေး အရေးယူမှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း တွေ့ရှိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ နောက်ဆုံး ထုတ်ပြန်ချက်အရ ဇလိုင်လ ၁၇ ရက်နေ့အထိ အမှုပေါင်း (၃၄၉)မှု၊ လူပေါင်း (၈၃၄)ဦးကို အရေးယူ ထားပြီး ပြစ်မှုကျူးလွန်ခဲ့သော တရားခံများနှင့် ဆက်စပ်ပါဝင်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ် လျက် ရှိကြောင်း သိရှိရသည်။

● ထန်းရွက်အောက်က ယုန်ငယ်နှင့် စကောတပ်ကြီး

ငါးရာ့ငါးဆယ်နိပတ်တော်တွင် ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြုစဉ် ဘုရားလောင်းသည် ခြင်္သေ့မင်း ဖြစ်ခဲ့စဉ်က ဥသျှစ်ပင်နှင့် ရောသော ထန်းတောတစ်ခု ရှိခဲ့သည်။ ဥသျှစ်ပင်၏ အနီး ထန်းပင်ငယ်၏ထန်းရွက်အောက်၌ ယုန်ငယ်တစ်ကောင် နေထိုင်ခဲ့သည်။ ထိုယုန်ငယ်သည် ထန်း ရွက်အောက်၌ နေလျက် မြေပြိုလျှင် မည်သည့်အရပ်သို့ သွားရမည်နည်း ဟု စဉ်းစားတွေးတောလျက် ရှိ ခဲ့သည်။ ထိုစဉ်မှာပင် ဥသျှစ်သီးမှည့်တစ်လုံး ထန်းရွက်ပေါ်သို့ ကြွေကျခဲ့ရာ ယင်းထန်းရွက်ကြွေသံကို မြေပြိုသည် ဟု အထင်မှား၍ တစ်ချိုးတည်း ထွက်ပြေးခဲ့ပါသည်။ ထွက်ပြေးသော ယုန်ငယ်က “မြေပြို နေပြီ” ဟု ဆိုရာ အခြားယုန်များကလည်း လိုက်၍ ပြေးခဲ့ကြသည်။

ထိုသို့ ယုန်များ ပြေးသည်ကို သမင်၊ ၀က်၊ ဆိုင်၊ ကျွဲ၊ နွားနောက်၊ ကြံ့၊ ကျား၊ ခြင်္သေ့၊ ဆင်တို့ တွေ့မြင်ကာ မြေပြိုသည် ဟု ကြားကာ ယင်း တို့ပါ ထွက်ပြေးကြလေရာ ယူဇနာအတိုင်းအရှည်ရှိသော တိရိစ္ဆာန်အပေါင်းတို့လည်း အလားတူ ထွက် ပြေးခဲ့ကြသည်။ ထိုသို့ တိရိစ္ဆာန်အပေါင်း ထွက်ပြေးကြသည်ကို ဘုရားလောင်းခြင်္သေ့မင်း မြင်၍ အဆင့် ဆင့် မေးမြန်းရာ ထန်းရွက်အောက်၌ နေသော ယုန်သူငယ်ပြောကြောင်း သိရသဖြင့် ယုန်ငယ်ကို ခေါ် ကာ အသံကြားရာအရပ်သို့ သွား၍ စုံစမ်းစေခဲ့သည်။ အသံကြားရာအရပ်သို့ရောက်သော် ထန်းရွက်ထက် ၌ ကျသော ဥသျှစ်သီးမှည့်ကို မြင်တွေ့ရပြီးနောက် မြေပြိုခြင်း မဟုတ်ကြောင်း တိရိစ္ဆာန်အပေါင်းတို့ကို ဘုရားလောင်းခြင်္သေ့မင်းက ရှင်းလင်းပြဆိုခဲ့သည်။

အလားတူပင် မြန်မာ့သမိုင်း၌ ပုဂံရာဇ၀င်တွင် နရသီဟပတေ့မင်းသည် တရုတ်တို့နှင့်စစ်ဖြစ်ရာ တရုတ်တပ်များ ပုဂံသို့ ရောက်ရှိလာသဖြင့် ပုသိမ်သို့ စုန်ဆင်းကာ ပြေးခဲ့ရသဖြင့် တရုတ်ပြေးမင်းဟု အမည်တွင်ခဲ့သည်။ တရုတ်ပြေးမင်းသည် တစ်နေရာအရောက်တွင် အဘွားအိုတစ်ဦးက စကောဖြင့် ဆန် ပြာနေစဉ် လေလွင့်သွားရာ “ငါ့စကော…ငါ့စကော” ဟု အော်ဟစ်၍ လေလွင့်ရာနောက်သို့ လိုက်ရာ “စကောတပ်ကြီးချီလာပြီ” ဟု ထင်မှတ်မှားပြီး ကြားရသူအပေါင်း ထွက်ပြေးခဲ့ကြသည်။ ထိုအခါ တရုတ် ပြေးမင်း၏ တပ်ကြီးပါ ၀ရုန်းသုံးကားဖြင့် ဦးတည်ရာမဲ့ ထွက်ပြေးခဲ့ကြသည်။ ဤသို့ဖြင့် ရှိရှိသမျှ ပြည်သူ အပေါင်း ထွက်ပြေးကြခြင်းကြောင့် ပုဂံပြည်ကြီး ပျက်ခဲ့ရသည် ဟု ဆိုကြသည်။

ဤသည်မှာ ကောလဟာလကြောင့် တိုင်းပြည်ပျက်လုခန်း ကြုံတွေ့ခဲ့ရသော သာဓက ဇာတ် ကြောင်းများ ဖြစ်ကြသည်။ ဘာသာရေး၊ လူမျိုးရေးကို အခြေခံသော ကောလဟာလများမှာ သာမန် ကောလဟာလများထက် ပိုမို၍ သက်ရောက်မှုပြင်းထန်နေကြောင်း တွေ့ရှိနိုင်သည်။ မန္တလေးတွင် ပေါ်ပေါက်ခဲ့သော သွေးထိုးလှုံ့ဆော်မှုများမှာ အဆိုပါ သွေးဆူလွယ်၊ တက်ကြွလွယ်သော အကြောင်း အရင်းဖြစ်စဉ်ကို အခြေခံ၍ ကောလဟာလများ ပြန့်နှံ့ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း မန္တလေး မြို့တော်ကြီး ကံကောင်းခဲ့သလို မန္တလေးသူ၊ မန္တလေးသားများ ကံကောင်းခဲ့ကြသည်။ သွေးဆူ လွယ် သော ပဋိပက္ခ၏ ခေါ်ဆောင်ရာသို့ မန္တလေးမြို့သူ၊ မြို့သားများ လိုက်ပါခဲ့ကြခြင်း မရှိခဲ့ကြပါ။ အချိန်မီ သတိတရား၊ အသိ တရားတို့ဖြင့် လက်တွဲပူးပေါင်း ဆောင်ရွက်နိုင်ခဲ့သည်မှာ မန္တလေးမြို့ သာမက မိမိတို့ လူ့အဖွဲ့အစည်းအတွက်လည်း ကံကောင်းမှုတစ်ရပ်ဟု ရှုမြင်နိုင်ပါသည်။ အကယ်၍သာ မန္တလေးပဋိပက္ခ သာ အခြား ဒေသများသို့ ကူးစက်သွားခဲ့သည်ရှိသော် အတွေးဖြင့် ခန့်မှန်းရုံနှင့်ပင် တုန်လှုပ်ခြောက်ခြား ဖွယ်ရာ ကောင်းသော အခြေအနေဆိုးကြီးတစ်ခုသို့ တစ်မဟုတ်ချင်း ရောက်ရှိသွားစေနိုင်သည်။ အဆိုပါ အခြေအနေဆိုးကြီး မဖြစ်ပေါ်စေရန် မန္တလေးသူ၊ မန္တလေးသားများအနေဖြင့် နိုင်ငံတော်အစိုးရ၊ ဘာသာ ရေးခေါင်းဆောင်များ နှင့် လက်တွဲ၍ ကာကွယ်တားဆီးနိုင်ခဲ့ကြခြင်းပင် ဖြစ်သည်။

●လုံခြုံရေးတပ်ဖွဲ့များ၏ စွမ်းဆောင်ရည်

ဤနေရာတွင် မန္တလေးပဋိပက္ခ ဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့များ၏ ကိုင်တွယ်ဆောင်ရွက် ခဲ့ပုံကို လေ့လာဆန်းစစ်ကြည့်လျှင် ယခင်ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ကွာခြားလာခဲ့သည်ကိုလည်း သတိချပ်စေလိုသည်။ နိုင်ငံတော်သမ္မတကြီးလက်ထက် ပြောင်းလဲလာသော နိုင်ငံရေးစနစ်တွင် ပဋိပက္ခ များ ဖြေရှင်းရာတွင် ရဲတပ်ဖွဲ့ဝင်များက ရှေ့တန်းရောက်ရှိလာခဲ့သည်။ တပ်မတော်အစိုးရလက်ထက် ပဋိ ပက္ခများ ဖြေရှင်းရာတွင် လိုအပ်လျှင်လိုအပ်သလို တပ်မတော်တပ်ရင်း၊ တပ်ဖွဲ့များက အဓိကကိုင်တွယ် ဖြေရှင်းခဲ့ရခြင်း ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရပ်ဘက်ပဋိပက္ခများ ပေါ်ပေါက်လာချိန်တွင် ရဲတပ်ဖွဲ့ကသာ အလုံးစုံတာဝန်ယူ ဖြေရှင်းရသည့်အချိန်၌ အတွေ့အကြုံ၊ လုပ်ငန်းကျွမ်းကျင်မှု၊ အမိန့်ပေး စနစ် စသ်ညတို့မှာ အသစ်စက်စက် ဖြစ်လာခဲ့သည်။

လက်ပံတောင်းကြေးနီစီမံကိန်းပဋိပက္ခ၌ ရဲတပ်ဖွဲ့ အပေါ် ပြစ်တင်ဝေဖန်မှုများ၊ ဖိအားပေးမှုများ ပြင်းပြင်းထန်ထန် မြင့်တက်ခဲ့ရာ ရဲတပ်ဖွဲ့ကိုယ်တိုင်သည် လည်း အသွင်ကူးပြောင်းစတွင် အသားမကျသည့်ကြားမှ အရှိန်တန့်သွားခြင်းကို တွေ့ရှိနိုင်သည်။ မြန်မာ့ လူ့အဖွဲ့အစည်းတစ်ရပ်လုံး ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို လျှောက်လှမ်းနေကြရာတွင် ရဲတပ်ဖွဲ့ သည်လည်း အသွင်ကူးပြောင်းရေးကို လျှောက်လှမ်းနေရခြင်း ဖြစ်သည်။
ဤသည်ကို နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် သိမြင်လက်ခံကာ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လူ့အခွင့်အရေး၊ နိုင်ငံတကာစံနှုန်းများနှင့်အညီ ကိုင်တွယ်ဖြေရှင်းနိုင်မည့် စွမ်းရည်များ ပြည့်ဝလာစေရန် အတွက် ဥရောပသမဂ္ဂ အပါအ၀င် နိုင်ငံတကာ၏ ပံ့ပိုးကူညီမှုများဖြင့် သင်တန်းပေးလေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ရသည်။ မန္တလေးပဋိပက္ခတွင် ဇုန်နယ်မြေအလိုက် ပိုင်းခြားသတ်မှတ်၍ ပြဿနာဖြစ်ပေါ်ရာ နေရာများသို့ စုစည်းသွားရောက် ဖြေရှင်းစေသည့် လုံခြုံရေးစနစ်ကို အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း တွေ့ရှိရသည်။

အလားတူ ပြည်သူလူထုအခြေပြုရဲလုပ်ငန်းစနစ်ကို မန္တလေးသူ၊ မန္တလေးသားများ၏ ၀ိုင်း ၀န်းကူညီပါဝင်မှုဖြင့် ဖြစ်ပွားနိုင်သည့်နေရာများကို ကြိုတင်ကာကွယ်ခြင်း၊ ဖြစ်ပွားနိုင်သည့် အလားအလာ များကို စုံစမ်းရှာဖွေခြင်း စသည်တို့ကိုပါ ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရသည်။ အလားတူ ပဋိပက္ခ ဖြစ်ပွားစေခဲ့သည့် နောက်ခံအကြောင်းတရားများနှင့် အဆက်အစပ်များကို တိုတောင်းသောအချိန်ကာလ အတွင်း ဇစ်မြစ်ရှာဖွေ ဖော်ထုတ်နိုင်ခဲ့သည့်အတွက်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများ အားလုံးကို အသိအမှတ်ပြုရမည် ဖြစ်သည်။ ခြုံ၍ဆိုရလျှင် မန္တလေးပဋိပက္ခကို ကိုယ်တိုင်ရင်ဆိုင်ကျော်လွှားခဲ့ကြ သော မန္တလေးမြို့သူမြို့သားများ၊ တာဝန်သိပြည်သူများ၊ ရဲတပ်ဖွဲ့အပါအ၀င် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ဘာသာရေးခေါင်းဆောင်များအပါအ၀င် အရပ်ဘက်လူ့အဖွဲ့အစည်းများ စသည်တို့ အားလုံးသည် အောင်မြင်သော ပဋိပက္ခကိုင်တွယ်ဖြေရှင်းရေး စံနမူနာတစ်ရပ်ကို ဖန်တီးဖော်ဆောင်နိုင်ခဲ့ ကြသည်ဟု ဆိုက မှားမည် မထင်ပေ။

●Success Story မန္တလေး

မန္တလေး ပဋိပက္ခသည် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအတွက် တည်ရှိနေဆဲ ဖြစ်သော စိန်ခေါ်မှု များအတွက် အောင်မြင်သောဇာတ်ကြောင်းပုံပြင် တစ်ပုဒ်အဖြစ် သမိုင်းတွင်ခဲ့ပြီ ဖြစ်သည်။ ကောလ ဟာလများပေါ် အခြေပြု၍ စိတ်လှုပ်ရှားစေသည့် လှုံ့ဆော်မှုများ တွေ့ကြုံလာခဲ့ပါက မည်သို့မည်ပုံ ဖြေရှင်း ဆောင်ရွက်သင့်သည်ကို မန္တလေးပဋိပက္ခက လက်တွေ့ ပြဆိုသွားခဲ့ပြီ ဟု ဆိုနိုင်မည် ဖြစ်သည်။

မန္တလေး ပဋိပက္ခနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် ဇူလိုင်လ ၇ ရက်နေ့တွင် တစ်နိုင်ငံလုံးသို့ ရေဒီယိုမိန့်ခွန်း ပြောကြားခဲ့ရာ၌ “မန္တလေးသူ၊ မန္တလေးသားများဟာ လူမျိုးမရွေး၊ ဘာသာ မရွေးဘဲ နှစ်ပေါင်းများစွာ ချစ်ကြည်ရင်းနှီးစွာနဲ့ အတူတကွ နေထိုင်လာခဲ့ကြတဲ့ အစဉ်အလာ ရှိခဲ့ ကြ ကြောင်း၊ တစ်ဦးရဲ့ ပွဲလမ်းသဘင်မှာ၊ လူမှုရေးကိစ္စရပ်များမှာ တစ်ဦးက ကူညီဆင်နွှဲရင်းနဲ့ ကိုးကွယ်ရာ ဘာသာချင်း မတူညီသော်လည်း အသွင်တူတဲ့ မန္တလေးသူ၊ မန္တလေးသားဆိုတဲ့ ဒေသစွဲစိတ်နဲ့ ငြိမ်းချမ်း စွာ အတူနေကြတဲ့ အခြားသော ဒေသများအတွက်ပါ အတုယူစရာ စံပြလူ့အဖွဲ့အစည်းတစ်ရပ်အဖြစ် လည်း ဂုဏ်သတင်း ကျော်စောပါကြောင်း၊ ဒါကြောင့်လည်း ဒီရက်ပိုင်းအတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ မတည် မငြိမ် ဖြစ်အောင်သွေးထိုးလှုံ့ဆော်မှုများကို အားလုံးလက်တွဲပြီး အသိရှိရှိ၊ သတိရှိရှိနဲ့ စဉ်းစားဆင်ခြင် ဥာဏ်ရှိရှိ တုံ့ပြန်နိုင်ခဲ့ကြတာ ဖြစ်ကြောင်း၊ အပြစ်မဲ့သေဆုံးရမှုနဲ့ ပျက်စီးဆုံးရှုံးမှုအချို့ကြောင့် ၀မ်းနည်း စရာ ကိစ္စရပ်များ ဖြစ်ပေါ်ခဲ့ရသည့်တိုင် စိတ်ဖြေသာစရာတစ်ခုအနေနဲ့ မန္တလေးသူ၊ မန္တလေးသားများဟာ လူတစ်စုရဲ့ မတရားဖန်တီးမှုကို လက်မခံဘဲ အတူလက်တွဲပြီး ဟန့်တားခဲ့ကြတာပဲ ဖြစ်ကြောင်း၊ သံဃာ တော်များ၊ ဘာသာရေးခေါင်းဆောင်များနဲ့ နှစ်ဖက်ဘာသာဝင်များက လူမှုရေးခေါင်းဆောင်များ၊ ရပ်မိ ရပ်ဖများဟာ ဖြစ်ပေါ်လာတဲ့အခြေအနေများကို အတူလက်တွဲ ရင်ဆိုင်ခဲ့ကြပြီး ဒါဟာ ကျွန်တော်တို့ လူ့ အဖွဲ့အစည်းမှာ အထူးလိုအပ်နေတဲ့ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု ဆိုတဲ့ တန်ဖိုးများကို မန္တလေးမြို့မှာ အထင်အရှား တွေ့မြင်ခဲ့ကြရတာလည်း ဖြစ်ကြောင်း” ပြောကြားခဲ့ သည်။

မန္တလေးနည်းတူ မြန်မာ့လူ့အဖွဲ့အစည်းတွေ့ကြုံရင်ဆိုင်နေရသော လက်ရှိစိန်ခေါ်မှုနှင့်စပ်လျဉ်း၍ နိုင်ငံတော် သမ္မတကြီးက “တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းရဲ့အကျိုးကို မရှေးရှုဘဲ ကိုယ်ကျိုးအတ္တကို ရှေ့တန်းတင်ပြီး နိုင်ငံကို ဖျက်ဆီးလိုသူများဟာ လူမျိုးတိုင်း၊ ဘာသာတိုင်းရဲ့ လူ့အဖွဲ့အစည်းတိုင်းမှာ ရှိနေတာ ဖြစ်ကြောင်း၊ အခု မန္တလေးမြို့မှာ လတ်တလော ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများဟာ လူတစ်စု၊ အဖွဲ့ အစည်း တစ်ခုက ရည်ရွယ်ချက်ရှိရှိနဲ့ တမင်ဖန်တီးလုပ်ဆောင်ခြင်းဖြစ်ကြောင်း ရှင်းလင်းစွာ တွေ့မြင်ရမှာ ဖြစ်ကြောင်း၊ အခုလို သွေးထိုးလှုံ့ဆော်မှုများ၊ ဥပဒေမဲ့လုပ်ဆောင်မှုများနဲ့ ရန်ပြုမှုများကို ထောက်ခံ အားပေးခြင်း၊ ဥပဒေမဲ့တုံ့ပြန်ခြင်း မပြုဘဲ တရားဥပဒေအတိုင်း ဖြစ်စေဖို့အတွက် နိုင်ငံသား အားလုံးက အစိုးရအဖွဲ့နဲ့ အတူ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြားအပ်ကြောင်း၊ နိုင်ငံသား အချင်းချင်း အမုန်းတရား ကြီးထွားစေမယ့် အပြောအဆိုများ၊ ရေးသားမှုများနဲ့ ပြုမူဆောင်ရွက်မှုများကို အားမပေးဘဲ ရှောင်ရှားကြဖို့၊ ပါဝင်လုပ်ဆောင်မှု မပြုကြဖို့နဲ့ အဆိုပါ အပြုအမူများကို ပြတ်သားစွာ အရေးယူ ဆောင်ရွက် နိုင်ဖို့အတွက် နိုင်ငံသား အားလုံးက အသိရှိရှိ၊ သတိရှိရှိနဲ့ ဥာဏ်အမြော်အမြင် ကြီးကြီးထားပြီး ပူးပေါင်း ဆောင်ရွက်ကြဖို့ အထူးလိုအပ်ပါကြောင်း” ပြောကြားခဲ့သည်။

ဤသည်ပင်လျှင် လက်ရှိ အသွင် ကူး ပြောင်းရေးကာလ ကြုံတွေ့နေရသော အကဲဆတ်လှသည့် စိန်ခေါ်မှုအတွက် မြန်မာ့လူ့ဘောင် အဖွဲ့ အစည်းတစ်ရပ်လုံး လက်ကိုင်ထားကြရမည့် ဖြေရှင်းချက်ပင် ဖြစ်သည်။

မှူးဇော်
[Source: Democracy Today Daily, 31 July 2014]

0 comments:

Post a Comment