Friday, July 4, 2014

ထိုင်းနိုင်ငံ စစ်အာဏာသိမ်းမှုအား မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဂုဏ်ပြုပြောဆို


ထိုင်းစစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးပရာယွတ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဘန်ကောက်မြို့တွင် ဇူလိုင် ၃ ရက်က တွေ့ဆုံစဉ်

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းနိုင်ငံ စစ်အာဏာသိမ်းမှုနှင့် ပတ်သက်၍ ဂုဏ်ပြုပြောဆိုခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းဗိုလ်ချုပ်ကြီးများ၏ မေ ၂၂ တွင် အာဏာသိမ်းရန် ဆုံးဖြတ်ချက်ကို ဇူလိုင် ၄ ရက်က တွေ့ဆုံပွဲတွင် ချီးကျူးပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု ဘန်ကောက်ပို့စ်က ဖော်ပြခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံတပ်မတော် ဗိုလ်ချုပ်ကြီး တနားဆက်ပတီမာပရာကွန်းနှင့် တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲတွင် ထိုင်းနိုင်ငံ လက်နက်ကိုင်တပ်များသည် အမျိုးသားလုံခြုံရေးနဲ့ ပြည်သူလူထုရဲ့ ဘေးအန္တရာယ် ကင်းရှင်းရေးကို ထိန်းသိမ်းဖို့အတွက် တာဝန်ရှိသည့်အတွက် ၎င်းအနေဖြင့် ထိုင်းနိုင်ငံ လက်နက်ကိုင်တပ်များ အပေါ်တွင် ယုံကြည်မှုရှိကြောင်းကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ အမျိုးသား လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကောင်စီ (NCPO) ရဲ့ လမ်းပြမြေပုံအတိုင်း အောင်မြင်မှုအပေါ်မှာလည်း ယုံကြည်ချက်ရှိပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်ဟု ဘန်ကောက်ပို့စ်က ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံသည် ၁၉၈၈ ခုနှစ်တွင် ထိုင်းနိုင်ငံထက် ပိုမိုဆိုးရွားသည့် အခြေအနေနှင့် ကြုံတွေ့ခဲ့ရသည်ဟု ၎င်းကပြောကြား ခဲ့ကြောင်းလည်း သိရသည်။

မြန်မာ့တပ်မတော်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီလိုလားသည့် ဆန္ဒပြပွဲများကို နှိမ်နှင်းဖြိုခွဲမှုများ ပြုလုပ်ခဲ့သည့်အပြင် ၁၉၉ဝ ခုနှစ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အနိုင်ရလဒ်ကိုလည်း ငြင်းပယ်ခဲ့သည်။

ထိုင်းနိုင်ငံကို လက်ရှိအုပ်ချုပ်လျက်ရှိသည့် NCPO ၏ ဒုဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီး တနားဆက်က ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ အားလုံးကို စောင့်ရှောက်ပေးမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။ လက်ရှိထိုင်းနိုင်ငံ စစ်အစိုးရက ထိုင်းနိုင်ငံတွင် တရားမဝင်ရွှေ့ပြောင်း အလုပ်သမားများ အသုံးပြုမှုကို အဆုံးသတ်ပြီး တရားဝင် ဖြစ်စေရေးအတွက် မူဝါဒတစ်ခုကို ကျင့်သုံးအကောင်အထည် ဖော်နေကြောင်း သတင်းစာရှင်းလင်းပွဲ ထုတ်ပြန်ချက်အရ သိရသည်။

ထိုင်းနိုင်ငံ ဗိုလ်ချုပ်ကြီးက မြန်မာ-ထိုင်း နှစ်နိုင်ငံကြား ကာကွယ်ရေး လုပ်ငန်းများ ပူးပေါင်းတိုးမြှင့် ဆောင်ရွက်ရေး၊ နှစ်နိုင်ငံနယ်ခြား ဆက်ဆံရေး တိုးမြှင့်ဆောင် ရွက်ရေး၊ စစ်တပ်အရာရှိများ အလဲအလှယ် ပြုလုပ်လေ့ကျင့်စေခြင်း၊ ယခုနှစ်ကျင်းပမည့် ရွှေမြွေဟောက်ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွင် မြန်မာပါဝင်နိုင်ရေး အပါအဝင် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့် ဆောင်ရွက်ရေး ကတိပြုခဲ့သည်ဟု ဘန်ကောက်ပို့စ်က ရေးသားခဲ့သည်။

ထိုင်းနိုင်ငံ စစ်အာဏာသိမ်း အစိုးရသည် ထိုင်းနိုင်ငံရှိ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံများမှ တရားမဝင် အလုပ်သမားများအား မှတ်ပုံတင်နိုင်ရေး ပထမဆုံးဌာနကို စမတ်စပ်ခွန်း ပြည်နယ်တွင် ဇွန် ၃ဝ ရက်က ဖွင့်လှစ် ပြုလုပ်ပေးခဲ့သည်။ တရားမဝင် လူကုန်ကူးမှုများနှင့် အလုပ်သမား မှောင်ခိုကူးမှုများကို အဆုံးသတ်နိုင်ရေးအတွက် အလားတူ တစ်နေရာတည်းအပြီး မှတ်ပုံတင်ပြုလုပ်နိုင်မည့် နေရာများကိုလည်း ပြည်နယ် အကုန်လုံးတွင် ဇူလိုင်လ အလယ်ပိုင်းမှစတင်၍ ဖွင့်လှစ်သွားမည်ဖြစ်သည်။

ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားအလုပ်သမား ၂ ဒသမ ၂သန်းရှိမည်ဟု ခန့်မှန်းထားပြီး အများစုမှာ မြန်မာနှင့် ကမ္ဘောဒီးယား နိုင်ငံတို့မှဖြစ်သည်။ ထိုင်းနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး သုတေသနဌာန၏ ခန့်မှန်းချက်အရ နိုင်ငံတွင်းရှိ အလုပ်သမား ကိုးသောင်းကျော်မှာ တရားမဝင် အလုပ်သမားများဖြစ်သည်။


Eleven Media Group

0 comments:

Post a Comment