တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး စာချုပ် အမြန်ဆုံး လက်မှတ်ရေးထိုးကြဖို့ သက်ဆိုင်သူအားလုံးကို တိုက်တွန်းတဲ့ နိုင်ငံရေးပါတီများရဲ့ သဘောထား ထုတ်ပြန်ချက်ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မပါဝင်ဘူးလို့ ၂၀၁၄ သြဂုတ်လ ၁၃ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ခဲ့တာ ရှိပါတယ်။ ဒါကိုမြင်တော စိတ်မကောင်းဖြစ်မိသလို ၀မ်းနည်းသလိုခံစားမိတာ အမှန်ပါ။ အစိုးရက နိုင်ငံရေးပါတီများကို ငြိမ်းချမ်းရေး ဖော်ဆောင်မှု အခြေအနေရှင်းပြပြီး နိုင်ငံရေးမူဘောင်အတွက် တာဝန်ခံမှု ရှိရှိနဲ့ စတင်ပါဝင်ကြဖို့ ကမ်းလှမ်းတဲ့ သြဂုတ်လ ၁၁ ရက်နေ့ တွေ့ဆုံပွဲအပြီးမှာ နိုင်ငံရေးပါတီတွေကတညီတညွတ်တည်းသဘောထားထုတ်ပြန် တိုက်တွန်းခဲ့တာဖြစ်ပြီး အဲဒီသဘောထားမှာ NLD ပါတီ မပါဝင်ဘူးလို့ ထုတ်ပြန်ရှင်းလင်းခဲ့တဲ့အတွက် စိတ်မကောင်း ဖြစ်ခဲ့ပါတယ်။ ဒါဟာ NLD ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု အပေါ်မှာ ယုံကြည်ချက် ခံယူချက်ဟာ အခြားသော ပါတီ ပေါင်း ၆၆ ပါတီနှင့် မတူကွဲပြားနေတာကို တွေ့ရပါတယ်။ ကျန်နိုင်ငံရေးပါတီ ၆၆ ပါတီ၏ သဘောထားကို ထုတ်ပြန်ကြေညာချက်များအနေဖြင့် “တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေးကို အမြန်ဆုံး လက်မှတ်ရေးထိုးရန်။ နိုင်ငံရေး ဆွေးနွေးမှု မူဘောင်တွေနဲ့ နိုင်ငံရေးဆွေးနွေးမှုများကို အပစ်အခတ် ရပ်စဲရေး စာချုပ်အတိုင်း မပျက်မကွက်လုပ်ဆောင်ရန် နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများ တွေ့ဆုံနိုင်ရေးကို အမြန်ဆုံး ဆောင်ရွက်ရန်” စသည့် အချက် ၃ ချက် တို့ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံရေး ပါတီတိုင်းနိုင်ငံ၏ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားခြင်း ရှိတယ်ဆိုတာကို ထုတ်ဖော်လိုက်ခြင်းပဲ ဖြစ်ပါတယ်။နိုင်ငံတစ်နိုင်ငံမှာ ပြည်တွင်းငြိမ်းချမ်းရေး မရှိတာနဲ့အမျှ နိုင်ငံတိုးတက်မှုဆိုတာ နှောင့်နှေးနေမည်သာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ရှိမှ တည်ငြိမ်အေးချမ်းပါမယ်။ တည်ငြိမ်အေးချမ်းမှ တရားဥပဒေ စိုးမိုးပါမယ်။ တရားဥပဒေ စိုးမိုးမှ ဒေသ ဖွံ့ဖြိုးတိုးတက်ပါမယ်။ ဒေသ ဖွံ့ဖြိုးတိုးတက်မှ စီးပွားရေး ကောင်းပါမယ်။ စီးပွားရေး ကောင်းမှ ဒေသခံများ၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ပါမယ်။ ဒေသခံများ၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်မှ နိုင်ငံ တိုးတက်သာယာပါမယ်။ နိုင်ငံ တိုးတက်သာယာမှ အနာဂါတ် မျိုးဆက်သစ် လူငယ် မောင်မယ်များ ဘဝ အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်ပါမယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အလုံးစုံသော ကိစ္စရပ်အားလုံး၏ အနှစ်ချုပ်သည် ငြိမ်းချမ်းရေးတွင်သာ အခြေခံနေပါတယ်။ ဒါကြောင့် နိုင်ငံအတွင်းမှာရှိတဲ့ ပါတီတိုင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတိုင်းဟာ နိုင်ငံတော်အတွင်း ငြိမ်းချမ်းရေးကို အတူယှဉ်တွဲကာ တညီတညွတ်တည်း ကြိုးပမ်းသင့်သော ပြုလုပ်သင့်သည့် အကြီးမားဆုံးသော ကိစ္စရပ်တစ်ခုပင်ဖြစ်ပါတယ်။
ကျွန်တော်တို့ နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကို ယခုထက်ပင် ပိုမိုမြန်ဆန်သင့်ပါတယ်။ NLD အနေဖြင့်လဲ ငြိမ်းချမ်းရေးဖော်ဆောင်မှုအပေါ် ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။ ဆောင်ရွက်မယ်လို့လဲ မျှော်လင့်ပါတယ်။ ဘယ်သောအခါမှ ပြည်သူအတွက် ကျောမခိုင်းဖူးတဲ့ NLDက ယခုအချိန်တွင်လဲ ကျောခိုင်း ထားမှာ မဟုတ်ဘူးဆိုတာ ယုံကြည်မိပါတယ်။ NLD သာ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကို ပါဝင်ဆောင်ရွက် မည်ဆိုလျှင် တနိုင်ငံလုံး အပစ်ခတ်ရပ်စဲကာ နိုင်ငံရေးဆွေးနွေးပွဲ စာပွဲဝိုင်းမှာ ဆွေးနွေးမှု အဆင့်တောင် ရောက်ရှိနေမယ်ဆိုတာ မလွဲဧကန်ပင်ဖြစ်ပါတယ်။ NLD အနေဖြင့် အရင် စစ်အုပ်ချုပ်မှုအောက်မှာ ဖိနှိပ်မှု များကြားထဲကနေပြီ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ကာနိုဘယ်ငြိမ်းချမ်းရေးဆုကိုပင် ချီးမြှင့်ခြင်းခံခဲ့ရတာ အားလုံးအသိပင်ဖြစ်ပါတယ်။ ယခုလို အစိုးရသစ်တက်လာချိန်မှာ ငြိမ်းချမ်းဖော်ဆောင်မှုကို NLD ပါတီ အနေဖြင့် အထူးပင် ကျွမ်းကျင်သေသပ်စွာ ပြုလုပ်နိုင်လိမ့်မည်ကို ပြည်သူအများကလဲ ယုံကြည်ထားမှာပါ။
နိုင်ငံတကာအနေဖြင့်ကြည့်ရင် ကျွန်တော်နိုင်ငံမှာNLD ပါတီလို နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် တစ်ယောက်လုံး ရှိတာတောင် ငြိမ်းချမ်းရေးဖော်ဆောင်မှု လမ်းစဉ်နှေးကွေးတယ်ဆိုတာကို မြင်ကောင်းမြင်လာနိုင်ပါတယ်။ NLD ပါတီအနေဖြင့်လဲ ပြည်သူတွေ အမှန်တကယ်လိုလားတဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုမှာ အားလုံး၏ ဆန့်ကျင်ဘက် ပါတီတစ်ခု အနေဖြင့် မရပ်တည်ပဲ အားလုံးနည်းတူ ငြိမ်းချမ်းရေး အတူဖော်ဆောင်သင့်ပါတယ်။ ပြည်သူအတွက် အမြဲတမ်း စဉ်းစားပေးတတ်သော NLD ပါတီ အနေနဲ့ ဒီတခါလဲ ပြည်သူ့ဆန္ဒကို လစ်လျူရှု လိမ့်မယ် မထင်ထားမိပါဘူး။
စစ်ဆိုတဲ့ အရသာက အားလုံးသိတဲ့အတိုင်း သေကြေပျက်စီးမှုခြင်း၊ ၀မ်းနည်းကြေကွဲရခြင်း၊ ဆုံးရှုံးခြင်း၊ ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်ခံစားနေရတဲ့ တိုင်းရင်းသားတွေရဲ့ဘ၀တွေနှင့် မငြိမ်းချမ်းသော ဒေသများသို့ တာဝန် ထမ်းဆောင်နေကြရသော ပြည်သူတွေထဲက အစိုးရ၀န်ထမ်းတွေများနှင့် ပတ်သက်ဆက်နွယ်သူများ၏ ခံစားချက်များအားလုံးကို ကိုယ်ချင်းစာ သနားသင့်နေပါပြီ။ မငြိမ်းချမ်းသော ကာလတွေမှာ ကျီးလန့်စာ စားဘ၀မျိုးကနေပြီ ငြိမ်းချမ်းမှုရချိန် အေးချမ်းသာယာပြီး မကြောက်မရွံနေထိုင်သွားလာနိုင်တဲ့ ဖွံ့ဖြိုးတိုးတက် သော အခြေအနေမျိုးရောက်အောင် စွမ်းဆောင်နိုင်သော သူများ အနေဖြင့် စွမ်းဆောင် ပေးဖို့ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး ကိုယ်စား မေတ္တာရပ်ခံ ချင်ပါတယ်။ ဒီလိုငြိမ်းချမ်းရေး ဖော်ဆောင်ခြင်းဟာ အနာဂတ် တိုင်းရင်းသားရင်သွေးငယ်များရဲ့ အနာဂတ်လမ်းပြကြယ်အဖြစ် သမိုင်းတစ်ခုမှာ မော်ကွန်းတင်ကျန်ရစ်မည် ဖြစ်သလို အနာဂတ်မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ခဲ့မှုမှတ်တမ်းများတွင်လဲ မော်ကွန်း တင်ကာ ပြည်သူချစ်သော ငြိမ်းချမ်းရေး မီးအိမ်ရှင် အဖြစ် ရပ်တည် ပေးစေချင်ပါကြောင်း ဆန္ဒတစ်ခုကို စာရွက်ပေါ်ချရေးကာ ထုတ်ဖော် ရေးသားလိုက်ရပါတယ်။
စွမ်းထက်(ဇေယျာမြေ)
Online Update News
Wednesday, August 20, 2014
ငြိမ်းချမ်းရေး မီးအိမ်ရှင်အဖြစ် ပြည်သူများကို အလင်းပေးစေချင်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment