Wednesday, October 2, 2013

ကလေးမြို့ရေကြီးမှု ဆုံးရှုံးမှုတန်ဖိုး မတွက်ချက်နိုင်သေး၊ ရေဘေးဒုက္ခသည် ၃၀၀၀ ကျော်ရှိ

ကလေးမြို့တွင် အဆိုးရွားဆုံးရေကြီးမှုဟု ဒေသခံများဆိုသောရေကြီးမှုဖြစ်စဉ်တွင် ဆုံးရှုံးမှုတန်ဖိုး မတွက်ချက်နိုင်သေးကြောင်း ကလေးခရိုင် အုပ်ချုပ်ရေးမှူး ဦးမောင်ထူးက အောက်တိုဘာ ၂ ရက်တွင် ပြောသည်။

ဆုံးရှုံးမှု တန်ဖိုးစာရင်း အသေးစိတ် မတွက်ချက်နိုင်သေးသော်လည်း သိရှိရသလောက် စာရင်းများအရ ကျွဲ၊ နွား၊ ဆိတ်၊ ၀က် ၁၀၇ ကောင်၊ လယ်မြေဧက ၆၈၉၈ ဧက ပျက်စီးဆုံးရှုံးကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးက အောက်တိုဘာ ၂ ရက် နံနက်ပိုင်းက ပြောသည်။

ဦးမောင်ထူးက “ပျက်စီးသွားတဲ့တံတားတွေကိုတော့ ပဆင (ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း)က စာရင်းလုပ်နေ ပါတယ်။ ဥပုသ်ချောင်းတံတားက ၁၅ ပေလောက် ရေတိုက်စားတယ်။ မပျက်စီးအောင် စစ်သည်တွေ၊ မြို့ထဲမှာ ရှိတဲ့ လူတွေ ကျောက်တုံးတွေစုပြီး ၀ိုင်းချလိုက်လို့ အချိန်မီသွားတယ်။ မြို့ရဲ့အဓိကတံတားကြီးပေါ့၊ မြို့လူထုညီလို့ပေါ့” ဟု ပြောသည်။

ကလေးမြို့ ရေကြီးမှုမှာ မြို့သမိုင်းတွင် အဆိုးဝါးဆုံးမှုဖြစ်သည်ဟုလည်း ရေကြီးသည့်ဒေသများသို့ သွားရောက် အကူအညီပေးနေသူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (ကလေး ) ဥက်္ကဋ္ဌ ဒေါ်ရှားမီးက အောက်တိုဘာ ၂ ရက်တွင် မဇ္ဈိမကိုပြောသည်။

၎င်းက “ကျွန်မတို့က ကလေးမြို့ကနေ ဒုက္ခရောက်နေတဲ့သူတွေကို ဆန်သွားဝေနေတာပါ။ မသွားနိုင်တဲ့နေရာတွေ ရောက်အောင်သွားနေတာ၊ ကျီကုန်း လယ်ပြင်ကြီးတွေ ရေမြုပ်နေတယ်။ အိမ်ခြေပေါင်း ၂၅၀ ရေမြုပ်နေတယ်။ ခေါင်မိုးအထိရောက်တယ်။ နိမ့်တဲ့အိမ်တွေ လုံးလုံးမြုပ်သွားတယ်၊ အရင်က ကားလမ်းနဲ့ သွားရတဲ့ နေရာ၊ အခု စက်လှေနဲ့ သွားနေရတယ်၊ ကလေးမြို့သမိုင်းမှာ အဆိုးဆုံးပဲ” ဟု မဇ္ဈိမကိုပြောဆိုသည်။

ကလေးခရိုင်၊ ကျီကုန်းကျေးရွာအုပ်စုတွင် ရွာသုံးရွာ ရေမြုပ်ခဲ့ပြီး ယခင်က မဖြစ်ခဲ့ဖူးသည့် အတွက် ဒေသခံများ အနေဖြင့် ကာကွယ်ရန် အဆင်သင့်မဖြစ်ခံကြောင်းလည်း ဒေါ်ရှားမီးက ပြောသည်။

“ဆန်ကြိုဝယ်ထားတာမရှိဘူး။ တိရစ္ဆာန်တွေပါ ပါသွားတာလေ၊ ဆုံးရှုံးမှုကို မပြောနိုင်သေးဘူး။ ရေမြုပ်နေတာ ဒီနေ့နဲ့ဆို လေးရက်ရှိပြီ။ အခု ရေကျနေပါပြီ””ဟု ဒေါ်ရှားမီးက ဆိုသည်။

ကလေးခရိုင်တွင် ကျေးရွာ အုပ်စု ၄၁ ရှိပြီး ၁၈ အုပ်စု ရေလွှမ်းကြောင်းနှင့် ကျီကုန်း-ကလေးကြား ကားလမ်း ကားသွား၍မရသေးကြောင်း ဦးမောင်ထူးထံမှ သိရသည်။

မြို့ပေါ်ကယ်ဆယ်ရေးစခန်းများတွင် တာဝန်ရှိသူများ၊ နိုင်ငံရေး ပါတီများ၊ လူမှု အဖွဲ့အစည်းများက အကူအညီပေးလျက်ရှိကြောင်း အထက်ချင်းတွင်း လူငယ်ကွန်ရက်မှ ကိုကျော်သက်ဝင်းကလည်း ပြောသည်။

၎င်းက “ရပ်ကွက်ကြီး ၁၉ ရပ်ကွက်မှာ ရပ်ကွက်သုံးခု ရေလွှမ်းမိုးတိုက်စားခံရပြီး မြစ်သာ၊ ကလေး လယ်တွေတော်တော်များများရေနစ်မြုပ်သွားတယ်။ နှစ်ခါပြန် မြုပ်တာပေါ့။ ပြီးခဲ့တဲ့လကလည်းရေမြုပ်ခဲ့တာ ကိုး။ မြေနုကျွန်း လုပ်ကိုင်သည့် တောင်သူများ၊ မုန်းချောင်းဘက်မှာ သစ်ခုတ်ဝါးခုတ် လုပ်တဲ့တောင်သူတွေ
ရေထဲပါသွားတာတွေ ရှိတယ်” ဟု ဆိုသည်။

အောက်တိုဘာ ၂ ရက်တွင် ရေ စတင် ကျဆင်းနေပြီး ကယ်ဆယ်ရေးစခန်း ခြောက်ခုဖွင့်ထားကာ အိမ်ထောင်စု ၆၅၁ စု၊ ရေဘေး ဒုက္ခသည် လူဦးရေ ၃၁၃၁ ဦးရှိကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးက ပြောသည်။

ကယ်ဆယ်ရေးစခန်းသို့ မလာရောက်နိုင်သည့် ကျေးရွာ ခြောက်ရွာရှိပြီး တိုင်းဒေသကြီး အစိုးရနှင့် ဒကစ (ဒေသကွပ်ကဲကြီးကြပ်ရေး စစ်ဗျူဟာ)၊ ခရိုင်၊ မြို့မိ၊ မြို့ဖ၊ စီးပွားရေးလုပ်ငန်းရှင်များက ဆန်နှင့် အခြား စားစရာ သောက်စရာများ လာရောက်လှူဒါန်းကြသည်ဟုလည်း ခရိုင် အုပ်ချုပ်ရေးမှူးက ပြောသည်။

ရေကြီးမှုဖြစ်စဉ်ကြောင့် လူအသေအပျောက်ရှိသော်လည်း စာရင်းအသေးစိတ် အတည်မပြုနိုင်သေးပေ။

ယင်းသို့ ရေကြီးခြင်းမှာ စက်တင်ဘာ ၂၈ ရက်ကဖြစ်ပြီး အောက်တိုဘာ ၂ ရက်အထိ ရေကြီးနေဆဲဖြစ်ကာ ရန်ကုန်- မန်္တလေး-မုံရွာ-လေး-ကလေးဝ-တမူး ဆက်သွယ်ရေး လမ်းများ ပြတ်တောက်လျက်ရှိပြီး လူအသေအပျောက် ရှိသည်ဟုလည်း ဒေသခံများ ထံမှ သိရသည်။

Mizzima - News in Burmese

0 comments:

Post a Comment