Tuesday, October 29, 2013

ဥစ္စာစောင့် တစ်ကယ်ရှိတာလား (ဇာတ်သိမ်း)

   

ဥစ္စာစောင့် တကယ်ရှိမရှိကတော့ ကျွန်တော်လည်းသေသေချာချာတော့ မပြောတတ်။  အရင်အပိုင်း ၁ ကတော့ကျွန်တော့် အမေရဲ့ ဆေးခန်းမှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ကလေးကို ရေးထားတာ။  ခုအပိုင်းကတော့ ကျွန်တော့် အဖေရဲ့ ဇာတိမြို့ကလေးကန်ကြီးဒေါင့်မြို့က အကြောင်းလေး။
  ကန်ကြီးဒေါင့်ဆိုတာကပုသိမ်ကနေဆိုရင် ၁၈ မိုင်လောက်ဆိုတော့ နာရီဝက် ၁ နာရီလောက် ကားမောင်းသွားရင်ရောက်တယ်။  အရင်တုန်းက ကားလမ်းတွေသိပ်ပြီးတော့ မပေါက်သေးတော့ကန်ကြီးဒေါင့်နားက ဘဲကရက်၊ ဒေါင့်ကြီး၊ ကံကုန်း၊ ဖားစီကွင်း စတဲ့ စတဲ့ ရွာကလေးတွေကကန်ကြီးဒေါင့်ကိုပဲ အားထားနေရတာ။  ဘာဖြစ်လို့လဲဆိုတော့ကန်ကြီးဒေါင့်က မြစ်ကမ်းဘေးက ဆိပ်ကမ်းမြို့ကလေးလို ဖြစ်နေတော့ ရေလမ်းက အဓိကပဲ။  အနီးအနားကရွာတွေက စပါးပေါ်ချိန်ဆိုရင် စက်လှေတွေနဲ့လာပြီးတော့ စပါးလာအပ်ကြ၊ ကြိတ်ကြ၊ ရလာတဲ့ ငွေစလေးတွေနဲ့ ငရုပ်၊ ကြက်သွန် စတဲ့ ကုန်စိမ်းတွေဖြစ်ဖြစ်၊ အ၀တ်အစားတွေဖြစ်ဖြစ် ကန်ကြီးဒေါင့်မှာပဲ လာပြီး ၀ယ်ကြတာ။  ခုကျတော့ ကားလမ်းတွေပေါက်လာပြီဆိုတော့ ကန်ကြီးဒေါင့်မြို့လဲအရင်လောက် သိပ်ပြီး စည်စည်ကားကားမရှိတော့ပါဘူး။ အဲ.. စကားမစပ် မော်ဒယ် ချောရတနာ ကလည်း ကန်ကြီးဒေါင့် ဇာတိပဲ။

          ကန်ကြီးဒေါင့်ရောက်ရင် လောကမှန်ကူ ဆုတောင်းပြည့်စေတီတော်ရှိမယ်။  ပုဂံခေတ်က ပုံစံကို ယူပြီးတော့ ဆောက်ထားတဲ့စေတီတော်။  စေတီတော်ထဲမှာ ရွှေ၊ ကျောက်မျက်ရတာနာတွေနဲ့ပူဇော်ထားတဲ့ ဆင်းတုတော် ရှိတယ်။  ပွဲတော်ရက်တွေဆိုရင်တော့အပူဇော်ခံပါတယ်။  အနီးကပ် ကြည့်လို့လဲရတယ်။ဒီ စေတီတော်ကို တည်တုန်းက ထူးထူးခြားခြားလေးတွေတော့ ရှိခဲ့ဖူးတယ်။  ဒါကတော့ သိုက်မောင်နှမ ဇာတ်လမ်းပဲ။  စေတီတော်ကို ဦးစီးဦးဆောင်ပြီးတော့ တည်ထားခဲ့တာကအခု ပျံလွန်တော်မူသွားပြီးတဲ့ ကန်ကြီးဒေါင့်ဆရာတော်ကြီး။  စေတီတော်ကြီးနဲ့ ကပ်ရပ်မှာက မင်္ဂလာရာမ ကျောင်းတိုက်ရှိတယ်။  ပရိယတ္တိစာပေတွေကို သင်ကြားပို့ချပေးနေတဲ့ ကျောင်းတိုက်။  ကျောင်းတိုက်ကြီးကလည်း တော်တော့်ကို ထည်ဝါတဲ့ မှန်စီရွှေချကျောင်းတိုက်ကြီး။  သင်္ကြန်တို့၊ အခါကြီး ရက်ကြီးတွေဆိုရင်မိုးကုတ်ဝိပဿနာတရားစခန်းဖွင့်တယ်။ နောက်ပြီးတော့ ရှင်ပြု နားသ မင်္ဂလာပွဲတွေလဲ ရွာနီးချုပ်စပ်ကလူတွေလာပြီးတော့ စုပေါင်းရှင်ပြု ပွဲတွေ လုပ်ကြတယ်။ နောက်ပြီး နှစ်တိုင်း ဘုရားပွဲရှိတယ်။ ဘုရားပွဲတော်ဆိုရင် အရမ်းပျော်ဖို့ ကောင်းသပေါ့။  ဇာတ်ပွဲ၊ စားသောက်ဆိုင်တန်းတွေ၊ ဒေသထွက် ပစ္စည်းရောင်းတဲ့ဆိုင်တွေ.. စသည် စသည်ဖြင့်။

        ထူးဆန်းတယ်ဆိုတာက ဒီလို စေတီကြီးကို တည်နိုင်တယ်ဆိုတဲ့အချက်ကိုပါ။  စေတီတော်ကြီးတည်တော့ အနယ်နယ် အရပ်ရပ်ကအလှူရှင်တွေ အားတက်သရော လာပြီးတော့ လှူဒါန်းကြတာပဲ။  ဒါပေမယ့် စေတီတော် ကုန်ကျတဲ့ စရိတ်ကို တွက်ကြည်လိုက်ရင်လှူဒါန်းလို့ရတဲ့ ငွေနဲ့ မဖြစ်နိုင်လောက်တဲ့ အနေအထား။  နောက်ပြီးတော့ ဆရာတော်ကြီးကို သိုက်က သိုက်စောင့်ဘိုးဘိုးကြီးနဲ့သိုက်က မောင်နှမတွေ လာရောက်ပြီးတော့ လှူဒါန်းကြတယ်လို့လဲ ငယ်ငယ်တုန်းကတော့ ကြားဖူးပါရဲ့။ သို့ပေမယ့် ဟိုလူပြော၊ ဒီလူပြောဆိုတော့ ဂဃနဏသေချာ မကွဲပြားဘူး။  ဒါပေမယ့် ဒီစေတီကြီး တည်တော့သိုက်မောင်နှမတွေရဲ့ သိုက်နန်းနဲ့ သိုက်စောင့် ဘိုးဘိုးကြီးတို့ရဲ့ ရုပ်တုတွေကတော့အခုအချိန်ထိရှိတုန်းပဲ။  စေတီတော် တည်တဲ့အချိန်တုန်းကဆိုရင်ညပိုင်းတွေမှာ စေတီတော်ပေါ်မှာ သိုက်စောင့်ဘိုးဘိုးကြီး လမ်းလျှောက်နေပါတယ်ဆိုပြီးတော့ပြောသံတွေလဲ ကြားဖူးရဲ့။ 

နောက်တစ်ခုက စေတီရဲ့ မုဒ်တစ်ခုမှာ အမည်မဖော်လိုသူပါရမီရှင် အမျိုးသမီးတစ်ဦး ကောင်းမှု့ဆိုပြီး ခုချိန်အထိ ရေးထိုးထားတဲ့ မုဒ်ဦးတစ်ခုပါပဲ။  အဲဒီအချိန်တုန်းကတော့ အစိမ်းရောင်ဝတ်စုံ ၀တ်ဆင်ထားတဲ့အမျိုးသမီးတစ်ဦးက ဆရာတော်ကြီးဆီကို လာပြီးတော့ မုဒ်ဦးအတွက် ရွှေငွေ ရတနာတွေ လာပြီးတော့လှူဒါန်းသွားတယ် လို့ကြားဖူးတယ်။  တချို့ကလဲနဂါးသိုက်ကလာတယ်လို့ ပြောကြသလို၊ တချို့ကလဲ ဥစ္စာစောင့်လို့ ပြောကြတာပဲ။  မည်သို့ပင်ဖြစ်စေ ကျွန်တော် ဒီစေတီကြီးဆီကို သွားပြီးတော့ဖူးတိုင်း ထူးခြားတဲ့ ခံစားမှု့တစ်ခုကို အမြဲတမ်းခံစားရတယ်။  အဲဒီမှာ ကျွန်တော့်အဖေကို ရည်စူးပြီးတော့ အန္ဒိယကဗောဓိညောင်ပင်ကို လှူထားတာရှိတယ်။  ပြန်ရောက်တိုင်းသွားပြီးတော့ ကြည့်ဖြစ်တယ်။  ညောင်ရေသွန်းပွဲတော်နဲ့ကြုံရင်လဲ သွားပြီးတော့ ညောင်ရေသွန်းဖြစ်တယ်။ ခု ဗောဓိညောင်ပင်လဲ တော်တော်လေးကြီးလာပြီဆိုတော့ ငုံထားတဲ့ ပတ်လည်က အုတ်တွေကိုချဲ့ရဦးမယ်။

နောက်ထပ်စေတီတစ်ခုကတော့ ရွှေလိပ်ပြာ စေတီပါ။  အဲဒီမှာလဲ ဇာတ်လမ်းလေးရှိတာပဲ။  အပိုင်း ၁ နဲ့ ၂ မှာ ကျွန်တော် ထဲ့ပြီးတော့ ရေးခဲ့ဖူးတယ်ထင်ပါတယ်။  မည်သို့ပင်ဖြစ်စေ ဥစ္စာစောင့် တစ်ကယ်ရှိမရှိကတော့ကျွန်တော်လည်း သေသေချာချာ ရှိပါတယ်လို့ မပြောနိုင်သလို၊ မရှိပါဘူးလို့လဲ မပြောနိုင်ပါဘူး။  ထူးခြားတာလေးတွေကတော့ ရှိနေတာပါပဲ။

0 comments:

Post a Comment