Friday, October 25, 2013

မြတ်ဆရာ



“ဟာ… ရေးထားတာကလည်းကွာ၊ ဘယ်လိုဖတ်လို့ ဘယ်လိုအဓိပ္ပါယ်ရောက်မှန်းမသိအောင် ရှုပ်ယှက်ခတ်နေတာပဲ… သူရ… မင်းအဲ့လောက် ညံ့ရလားကွာ… နောက်ငါ့ကို ဘယ်တော့မှ စာလာမပြနဲ့”

ဆရာဦးသိန်းဟန်၏အပြောနဲ့အတူ အမှတ်ပေးရာ စားပွဲပေါ်ကနေ အတားအဆီးမဲ့ လွင့်ကျလာတာက ကျွန်တော့ စာစီစာကုံး စာအုပ်ကလေးပါ။ ကျွန်တော်ရဲ့ကျောင်းသားဘ၀ စိတ်ဝင်စားရာ ဘာသာရပ်ကိုပြောပါဆိုလျှင် တွက်ချက်မှုပိုင်းကိုသာ အားသန်ခဲ့သော ကာလလို့ပြောရတော့မဲ့ အခြေအနေလေ။ အားအားရှိ တွက်ချက်နေတဲ့ဝါသနာအရ သင်္ချာ၊ ရူပဗေဒ ဘာသာရပ်တွေက ကျွန်တော့အတွက် အေးဆေးတည်ငြိမ်စွာ ဖြတ်သန်းခွင့်ရှိသလောက် ဤသို့သော မြန်မာစာအရေးအသားနဲ့ပတ်သက်လာတဲ့အခါ ဘယ်လိုမှခေါင်းတွင်းက ထုတ်လို့မရလောက်အောင် စကားလုံးများ ရှားပါးလွန်းလှပါသည်။ လွင့်စဉ်သွားသော စာအုပ်တွင်းမှ ပြုတ်ထွက်စာရွက်များကိုထပ်ရင်း မသိနားမလည်မှုတခုအပေါ် အပြစ်တင်စောတတ်သော ဆရာတယောက်၏ လုပ်ရက်များကို နားမလည်နိုင်စွာဖြင့် ကျောင်းသားအများရှေ့ ရှက်စိတ်များနဲ့အတူ ဒေါသဖြစ်ခဲ့ရသော နေ့တနေ့ဖြစ်ခဲ့ပါတော့သည်။

ဆရာဦးသိန်းဟန်ဆိုတာ ကျွန်တော့အိမ်ရဲ့ တအိမ်ကျော်ကပါ။ ဆရာနဲ့ရင်းနှီးသလို ဆရာ့ဇနီးနှင့်လည်း ခင်မင်သူမို့ ကျွန်တော်က ဆရာ့အတွက် သူစိမ်းကျောင်းသားတယောက်မဟုတ်တာအမှန်ပါ။ တရပ်ကွက်ထဲသား၊ အိမ်နီးနားချင်း၊ တူလိုသားလို တပည့်လို ဆက်ဆံရင်း ချစ်ကြောက်ခဲ့တဲ့ ဆရာတယောက်ဖြစ်ပေသည့် ယခုလို လူဘုံအလယ် ခပ်ဆောင့်ဆောင့်အပြုအမူ၊ အပြောအဆိုမျိုးက အင်မတန်မျက်မုန်းကျိုးဖို့ ကောင်းလှချည်ရဲ့။ ခင်မင်တဲ့အတိုင်းအတာ၊ ရိုသေလေးစားမှုအမြင်တွေအားလုံးကို ယနေ့ဆရာကိုယ်တိုင် ရိုက်ချိုးလိုက်တဲ့အတွက် ဒေါသလည်းဖြစ်မိသလို ခံပြင်းမှုကလည်း အတိုင်းထက်အလွန် တိုးလို့လာခဲ့ပါတယ်။ ကျွန်တော့စိတ်တွင်းမှာတော့ ဆရာ့ကို နာကျည်းတဲ့စိတ်ကစတဲ့ မခံချင်စိတ်တွေနဲ့အတူ မြန်မာစာကို ၀ါသနာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ လေ့လာလိုက်စားဖို့ရန်သာ အာရုံတေးထားရင်း ဆရာ့ထံ ယနေ့မှစ၍ ဘယ်သောအခါမျှ စာအုပ်မပုံတော့ရန် ခံစားချက် ခပ်ပြင်းပြင်းဖြင့် သံဓိဌာန်ချမိပါတော့သည်။

အားလပ်ရက်တွေကို နားချိန်မယူတော့ပဲ စာစောင်တွေ၊ သတင်းစာတွေ၊ ပညာပေးရသစာပေတွေ ရှာဖွေဖတ်ရှုရင်း ကျွန်တော့စာအုပ်စင်လေးမှာလည်း တဖြည်းဖြည်းကာလာစုံလာပါတော့သည်။ စာရေးသူအာဘော်ကအစ လေ့လာမှတ်သားဖတ်ရှုပြီး စာတပုဒ်မှာ မှတ်သားစရာ ပညာသားပါစကားလုံးဖွဲ့စည်းမှုတွေကို မြင်အောင်ကြည့်ရင်း ကျောင်းကပေးလာသော ခေါင်းစဉ်တိုင်းကို စိတ်ဝင်တစားအာရုံစူးစိုက်ကာ ရေးကျင့်နေမိပါတော့သည်။ အိမ်ကပေးလာတဲ့ မုန့်ဖိုးလေးတွေကို အများသူငှာ အစားအသောက်တွေစားရင်း ပျော်မြူးနေချိန် ကျွန်တော်မှာတော့ လစဉ်ထုတ် မြတ်မင်္ဂလာ၊ မင်္ဂလာမောင်မယ် စသည့် ကျောင်းတွင်းမှ ၀ယ်ယူ၍ရသော စာအုပ်များကိုမပျက်မကွက် ဖတ်ရှုရင်း ဗိုက်ပြည့်ခဲ့ပါသည်။ စာစီစာကုံးဆုရ ကျောင်းသား၊ ကျောင်းသူများ၏ စာပေရေးသားဖော်ပြမှုလေးတွေကို ဖတ်ကြည့်သည့်အခါတိုင်း အကောင်းဆုံးတန်ဆာဆင် ထားသိုနိုင်ခြင်းများ တွေ့ရပြန်တော့ အားကျစိတ်တွေက တဖွားဖွား။ သူတို့ရေးသားတဲ့ စာကြောင်းလေးတွေမှာ လှပသော စကားလုံးတလုံးချင်းစီကို ပုလဲကုံးတခုနှယ် သီကုံးထားသကဲ့သို့ ခေါင်းစဉ်တခုအဆုံးသတ်ကိုရောက်သည့် အခါတိုင်း တင့်တယ်၍အနှစ်သာရရှိသော စာစီစာကုံးတပုဒ်အဖြစ် ပဏာရမှုအတွက် အားရကျေနပ်မှု ရှိရစမြဲ။ ကိုယ့်ထက် အရေးအသား ထူးချွန်ထက်မြတ်သောသူများ၏ ခေါင်းစဉ်ကွဲအကြောင်းအရာများကို လေ့လာရင်း စိတ်ကြိုက်ဖြည့်စွက် ပြန်လည်လေ့ကျင့်ရေးသားခြင်း လုပ်ငန်းစဉ်များကိုသာ ထပ်ခါတလဲလဲ အာရုံစူးစိုက်၍ ရေးသားလာခဲ့ပါတော့သည်။

“မနေ့က ရေးခိုင်းတဲ့ခေါင်းစဉ်နဲ့ စာစီစာကုံးစာအုပ်တွေ ဆရာ့စားပွဲပေါ်လာတင်ပါ”
ဒါဆရာပြောနေကြစကားပါ။ စာအုပ်ထပ်ဖို့၊ တင်ဖို့တာဝန်က ကျွန်တော့မှမရှိသလို၊ ကျွန်တော်သည် ဆရာ့ကျောင်းသားတယောက်မဟုတ်သလိုနေလိုက်ရင်းက “နောင်ဘယ်တော့မှငါ့ကို စာလာမပြနဲ့” ဆိုသော စကားလုံးများကိုသာ နားထဲမှာပဲ့တင်ထပ်အောင် ကြားယောင်နေမိပါတော့သည်။ ဒီစကားတခွန်းကြောင့်လည်း ကြိုးစားပမ်းစားရေးထားတဲ့ စာစီစာကုံးတွေ များလာခဲ့ပေမဲ့ ဆရာဆီစာအုပ်မပုံခဲ့တာ အတော်အသင့်ကြာခဲ့ချေပြီ။ ယခုလည်း အရင်လိုမတုန်မလှုပ်အမူအယာဖြင့် ထိုင်ရာမှမထစတမ်း နေနေလိုက်ပါသည်။ ဘတရာသားသမီးများကို အုပ်ချုပ်လာသောဆရာဖြစ်သည့်အတွက် ယခုကျွန်တော့လုပ်ရပ်အပေါ် ဆရာရိပ်မိမှန်းသိသိရက်နှင့် နာကျည်းစိတ်တခုကြောင့် ဆရာ့အပေါ်မထီမဲ့မြင်ပြုရာကြခဲ့လေပြီ။

အခန်းတွင်းက ကျောင်းသား၊ ကျောင်းသူများအားလုံး၏ စာအုပ်များဆရာ့ဆီရောက်သွားချိန်ထိ ခေါင်းငုံ့ကာ နေရာမှမထသောကျွန်တော့ကို ဆရာကစတင်၍….
“သူရ စာအုပ်လာတင်လေ”
နှုတ်ဖျားကမပြောဖြစ်ခဲ့သော ကျွန်တော့ရင်တွင်းမှစကားလုံးများကို ဆရာက တတ်သိနားလည်စွာ စကားတခွန်းဆက်ပြောပါတော့သည်။
“ယောက်ျားဆိုတာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရတယ်ကွ”
လာပြန်ချေပြီ။ စကားလုံးတခုကတိုတောင်းလွန်းပေမဲ့ အဓိပ္ပါယ်သက်ရောက်မှုက ခပ်များများရယ်လေ။ စာအုပ်မပုံရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိရာရောက်ရုံမက ယောက်ျားမဟုတ်တော့သည့် အနေအထားမျိုး။ မဖြစ်တော့။ ကျွန်တော့ဒေါသများကို သက်ပြင်းတချက်မှုတ်ထုတ်လိုက်ရင်း ဆရာ့စားပွဲပေါ်အရောက် စာအုပ်ကို ပို့ဆောင်ပေးလိုက်ပါတော့သည်။ အခန်းတွင်းရှိ ကျောင်းသားများအားလုံး၏ စာအုပ်များကိုကျော်လွန်၍၊ ကျွန်တော့ထက် အမှတ်အရေအတွက် ခပ်များများရသည့် စာရေးကောင်း ကျောင်းသားများကို ကျော်လွန်၍ ကျွန်တော့ စာအုပ်ကို ဦးစားပေးဖတ်ရှုနေခြင်းကို မြင်ရပြန်တော့ “ငါ့ကို ဘယ်အငြိုးနဲ့ နှိပ်ကွပ်အုံးမှာပါလိမ့်”လို့ ခပ်နာနာလေးတွေးမိပါလာပြန်ပါသည်။ မိနစ်အနည်းငယ်ကြာတော့….
“ဟာ.. မောင်သူရ… ငါမဖတ်ဖြစ်တဲ့ ရက်တွေမှာ မင်းအရေးအသားတွေက သိသိသာသာတက်လာပါလား…”
နားရှိလို့သာကြားရသည်။ ဆရာ့စကားတွေကို ကျွန်တော်မယုံချင်။ ထိုင်ရာမှထလာသော ဆရာ့ခြေလှမ်းများက ကျွန်တော်ရှိရာသို့ ဦးတည်နေသည့်တိုင် မယုံမကြည်ဖြစ်နေသော ကျွန်တော့မျက်လုံးများက ခပ်ပေပေ။
“မောင်သူရ… ချီးကျူးပါတယ် ငါ့တပည့်ရာ။ ငါမင်းကိုအပြစ်တင်တာ၊ မာန်မဲတာ လူအများရှေ့တခမ်းတနားကြီးဖြစ်သွားတယ်ဆိုတာ ငါသိပါတယ်။ မင်းနဲ့ငါဆိုတာ မစိမ်းတဲ့ဆရာတပည့်မှန်းငါသိလို့ ဒီလိုလုပ်လိုက်တာပါ။ မင်းနဲ့ ထဲထဲဝင်ဝင် ပြောဆိုဆက်ဆံမိလေ မင်းအကြောင်းကို ငါသိလေပဲ။ မင်းမှာမခံချင်စိတ်ရှိတယ်။ ဒါပေမဲ့ ကြိုးစားအားထုတ်မှုက လျော့ရဲ၊ ပေါ့ပျက်လွန်းတယ်။ အားလုံးရှေ့မှာ ငါပြောဆိုခဲ့သလို အားလုံးရှေ့မှာပဲ ငါဖြေရှင်းပါတယ်။ မင်းငါ့ကိုနားလည်ပေးပါကွာ။”
ကျွန်တော့ခေါင်းကို တချက်ပုတ်ရင်း ကရုဏာစကားများဆင့်ကာဆင့်ကာ ချွေနေရှာပါသော ဆရာ့အား ကျွန်တော်မျက်ရည်ကြည်များထဲမှ ၀မ်းမြောက်စွာပြုံးပြလိုက်သည်အခါ ဆရာက…
“တပည့်တို့အားလုံး မောင်သူရရေးထားတဲ့ စာစီစာကုံးလေးကို လိုက်ရေးကြ။ ပြီးရင် သူ့အရေးအသားလေးကို နမူနာယူကြပေါ့ကွာ”
ပြောပြောဆိုဆိုကျွန်တော့ စာအုပ်လေးကိုကိုင်ကာ စကားလုံးတလုံး၊ စာကြောင်းတကြောင်းချင်းစီကို ဖြေးနှေးမှန်ကန်စွာ ရွတ်ဆိုပြနေသော ဆရာ့အားကြည့်မိသည့်တခဏ ဆရာ့ရုပ်သွင်မှာ ၀ါသနာ၊ စေတနာ၊ အနစ်နာ နာ(၃)နာဖြင့် စည်းစနစ်တကျပါဝင်ရောစပ်ထားကြောင်း သိသာလာသည်။ မိမိ၏ပြောဆိုဆုံးမမှုတခုကြောင့် တပည့်တယောက်အရောင်တက်လာခြင်းအပေါ် အားရ၀မ်းသာဖြစ်နေသည့် ပျော်ရွှင်ဝမ်းမြောက်မှုက အထင်းသားပေါ်လွင်နေသည်။ မိမိပြုလုပ်ခဲ့သော ပြစ်တင်မှုတခုအား ပြန်လည်ဖြေရှင်းနိုင်သည့် ကျိုးကြောင်းစီလျော်သော အားအင်များက စီးဆင်းနေသည်။ ထိုသူသည် ကျွန်ုပ်ကို ကျောက်ကောင်းတပွင့်ဖြစ်အောင် သွေးယူနိုင်သော မြတ်ဆရာမည်ထိုက်သည့် အနန္တဂိုဏ်းဝင် ကျေးဇူးရှင်တစ်ဦးသာ ဖြစ်ပါတော့သည်…..။

(ဤဆောင်းပါးဖြင့် ကွယ်လွန်သွားကြပြီဖြစ်သော ဖခင်ကြီးဦးဝင်းကြည်(ယခုဆောင်းပါးတွင် အမည်ပြောင်းထားသည်)နှင့် ဖခင်ကြီး၏ ဆရာ အဘဦးသိန်းဟန်တို့၏ ဖြစ်ရပ်တခုအား အခြေခံရေးသားခြင်းဖြင့် ရိုသေစွာ ကန်တော့အပ်ပါသည်)

ရေကြည်သူ

0 comments:

Post a Comment