Tuesday, October 29, 2013

ဥစ္စာစောင့် တစ်ကယ်ရှိတာလား ၊ အပိုင်း(၁)

ကျွန်တော့်ကို ဒီလိုလာမေးရင်တော့ ရှိတယ်ဆိုတာဖြစ်နိုင်တယ်။  ယုံလားဆိုတော့ ယုံတယ်လည်း မဟုတ်ဘူး၊ မယုံဘူးလည်းမဟုတ်ဘူး။  သူ့ဟာသူနေသူ နေကြတယ်။  ကိုယ်လည်း ကိုယ်ဟာကိုနေ တယ်ပေါ့လေ။  ဥစ္စာစောင့်တွေကြောင့် စီးပွားတက်တာ ဟုတ်လားမေးရင်လည်း ဟုတ်ချင်လည်းဟုတ်မယ်၊ ဒါပေမယ့် ကျွန်တော်တို့ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး အလုပ်နဲ့ ရတဲ့ငွေကိုပဲလိုချင်တယ်။  ဘယ် ပစ္စည်းမှ အလကားမရတာ၊ဥစ္စစောင့်က စီးပွားတက်အောင်လုပ်ပေးတယ် ဆိုရင်လည်း သူတစ်ခုခုလိုချင်လို့ လုပ်ပေးတာဖြစ်မှာပေါ့။  အဲ့ဒီတော့ ကိုယ်က သူ့အတွက် အလုပ်အပိုတွေလုပ်ပေးရဦးမယ်။  အဲ့ဒီတော့ သူ့ဟာသူနေ ကိုယ်ဟာကိုယ်နေလို့ပဲ ကျွန်တော်က ခံယူတယ်။ 

          ဥစ္စာစောင့်တစ်ကယ်ရှိတာလား ဆိုတဲ့ မေးခွန်းလေးကိုကျွန်တော် ငယ်ငယ်လေးထဲက မယုံတာပါ။ ဗိုလ်တစ်ထောင်က မြနန်းနွယ်ဆိုတဲ့ ဥစ္စာစောင့် အကြောင်လည်းကြားဖူးပါရဲ့။  ဒါပေမယ့် ကိုယ်တွေမဟုတ်လေတော့ယုံရခက်ခက်ကြီးရယ်။  ဒါပေမယ့် ကျွန်တော်ထင်တယ်ကျွန်တော် ၇ တန်းလောက်မှာ ကိုယ်တွေ့အဖြစ်လေးတစ်ခု တွေ့ဖူးပါရဲ့။  ကိုယ်တွေ့ဆိုပေမယ့် အမေက ကျွန်တော်ငယ်သေးတာကို စိုးရိပ်ပြီးခေါ်မသွားလို့ နောက်ပိုင်းမှာ အမေ့ဆီက ပြန်ကြားရတာတွေကိုပဲ နားထောင်ရတာပါ။  အဖြစ်ကဒီလို။

          ကျွန်တော် က ပုသိမ်ဇာတိ။  မူလတန်း၊ အလယ်တန်း၊ အထက်တန်း အားလုံး ပုသိမ်ကကျောင်းတွေမှာပဲတက်ခဲ့တာ။  အမေကလည်း ပုသိမ်မှာပဲ ဆေးခန်းဖွင့်တယ်။  အမေဆေးခန်းဖွင့်တဲ့ အိမ်လေးက ကျွန်တော်တို့အိမ်နဲ့အတော်လေးလှမ်းသဗျ။  တစ်ခါတစ်လေ တစ်ပတ်ကို ၁ရက် ၂ ရက်လောက်တော့ အမေ့ဆေးခန်းကို လိုက်ပြီး ဆော့လေ့ရှိသဗျ။  ဆေးခန်းက ဆေးဘူးခွံကလေးတွေကို အိမ်ပြန်သယ်လာ၊  အဲ့ဒီဆေးဘူးခွံလေးတွေနဲ့ အိမ်ဆောက်တမ်းဆော့ အဲ့ဒီလိုပေါ့လေ။  အမေ့ဆေးခန်းဖွင့်တဲ့ အိမ်မှာက အပျိုကြီးတစ်ယောက်၊အပျိုကြီးရဲ့အမေနဲ့ တူမနှစ်ယောက်ရှိသဗျ။  ဥစ္စာစောင့်အဖြစ်ကအဲ့ဒီအိမ်မှာ ဖြစ်တာ။  ဖြစ်ပုံကတော့ ဆန်းသား။  အဲ့ဒီတူမနှစ်ယောက်မှာ အကြီးမက တစ်အိမ်လုံး ကျန်တဲ့လူတွေနဲ့မတူဘူးခင်ဗျ။  အသားအရည်က ရွှေဝါရောင် ၀င်းဝင်း၊မျက်နှာကလည်း ချောချောလေးနဲ့ တစ်မိပေါက် တစ်ယောက်ထွန်းဆိုသလို အတော်ချောသဗျ။  ထားပါတော့လေ မမိုးမိုးလို့ပဲ ခေါ်ကြပါစို့။ 

          အဲ့ဒီအချိန်တုန်းက မမိုးမိုးက အထက်တန်းတက်နေတုန်းနဲ့တူတယ်။  အမေကလည်းထုံးစံအတိုင်း ညနေဆိုရင် စက်ဘီးလေးစီးပြီးတော့ဆေးခန်းသွား ညပိုင်းကျတော့ ပြန်လာပေါ့လေ။  ဒီလိုနဲ့တစ်နေ့ကျတော့ ဆေးခန်းပိတ်ပြီး ပြန်မယ်လုပ်တော့ ဆေးခန်းရှေ့၊  အိမ်ရှေ့ပေါ့ဗျာ၊ အဲ့ဒီမှာ မြွေသူတောင် (စပါးအုံးအဖြူရောင် လိုမြွေမျိုး) က ကန့်လန့်ဖြတ်ပြီး ပိတ်နေပါတယ်။  အမေကလည်း ကြောက်တော့ ဆေးခန်းကလည်း မပြန်ရဲ၊ အဲ့ဒါနဲ့ရွှေလက်စွပ်ကို ရေထဲစိမ် ရွှေရေငွေရေ ဖျန်းတယ်ဆိုပြီး မွေကြီးကို ခြောက်ထုတ်၊ မွေကြီးအိမ်ရှေ့က ထွက်သွားတော့မှပဲ အိမ်ပြန်ရဲတော့တယ်။ အဲ့ဒီလိုဖြစ်တာက ကြာသာပတေး နေ့တိုင်းခင်ဗျ။  ကြာသာပေးနေ့ ညရောက်ပြီဆိုရင် အဲ့ဒီမြွေကြီးက အချိန်မှန်ပဲဆေးခန်းရှေ့ ပိတ်ပိတ်ပြီးနေတာ။  ပိတ်တိုင်းလည်းခြောက်လှန့်ထုတ်ရတာပေါ့ဗျာ။  အဲ့ဒီလိုနဲ့ တစ်လလောက်ကြာလာတော့မမိုးမိုးက အမေ့ကိုလာပြောတယ်။  သူ တစ်ပတ်ကိုတစ်ခါလောက် အိပ်မက် မက်တယ်တဲ့။  အိပ်မက်ထဲမှာသူ့ဆံပင်တွေက အရှည်ကြီးပဲ၊ ရှည်တာမှ ခြေမျက်စိလောက်နားအထိရှည်ပြီးတော့ ဆံပင်အဖျားလေးတွေကအပေါ်ကို ပြန်ကော့တက်နေပါသတဲ့။  နောက်ပြီး သူရောက်သွားတဲ့ နေရာက တော်တော်ကို ခမ်းခမ်းနားနားနဲ့ တယ်… မဟာဆန်ဆိုပဲ။  ရွှေတိုင်လုံးကြီးတွေနဲ့၊  ရွှေတွေ ငွေတွေဆိုတာ ရွှေအိုးတွေနဲ့ ထည့်ထားတာ တစ်ခန်းလုံးအပြည့်ဆိုပဲ။  နောက်ပြီးတော့ အိပ်မက်ထဲမှာ သူ့အကို အမတွေနဲ့ တွေ့တယ်ဆိုပဲ။  ဟိုမှာ သူတို့ဒန်းစီးပြီးတော့ သီချင်းတွေ ဆိုကြတာ တယ်ပျော်ဖို့ကောင်းဆိုပဲ။

          အမေကလည်း အို ညည်းအေ…  အိပ်ရေးပျက်တာတို့၊  အားနည်းတာတို့ ဖြစ်ရင် ဒီလိုပဲ အိပ်မက် မက်တယ်ပါတယ်၊  အဟာရညီမျှတဲ့ အစားအစာ များများစားပေး၊  အားဆေးကတော့ လိုအပ်မှသောက်ဆိုပြီးတော့ အားဆေးပေးလိုက်ပါသတဲ့။  ဒါပေမယ့် မမိုးမိုးကတော့ သောကြာနေ့လောက်ဆိုရင် အမေ့ဆီလာပြီးသူ့အိမ်မက်ကို ပြောပြတတ်ပါတယ်။  အိမ်မက်ထဲမှာသူ့အစ်ကို အမတွေက သူ့တို့နဲ့ လာနေမလားလို့ ခေါ်နေကြောင်း။  သူလည်း ဟိုမှာနေရတာ ပျော်ကြောင်း ပြောပါတယ်။  အမေက နင့်အိမ်မက်ထဲမှာနဲ့ အပြင်မှာ ဘယ်ဟာ ပိုပျော်လည်းမေးတော့ သူက ဟိုမှာနေရတာ ပိုပျော်တယ်လို့ ပြောပါတယ်။

          ဒီလိုနဲ့ တစ်လကျော်ကျော်လောက်ထင်တယ်  အဲ့ဒီလို အဖြစ်အပျက်တွေဖြစ်ပြီးနောက်မှာတော့ မမိုးမိုးတစ်ယောက်သတိလစ်သွားပါတော့တယ်။  အိမ်ကို ဖုန်းဆက်ပြီးလှမ်းခေါ်တော့ အမေကလည်း အဲ ဒီကောင်မလေး စိတ်ညစ်စရာတွေရှိလား၊ ရည်းစားသညာတွေ ရပြီးတော့များတစ်ခုခုဖြစ်လေသလားဆိုပြီး နေ့ခင်းကြီး ဆေးခန်းကလေးကို သွားပါတယ်။  ဟိုရောက်တော့ သွေးပေါင်ချိန်ကြည့်၊ မျက်ခွံလှန်ကြည့်၊စသည်အားဖြင့်သူ စစ်ဆေးကြည့်ပါတယ်။  အားလုံးက ပုံမှန်၊  သို့ပေမယ့် သတိကတော့ လစ်နေတာပါပဲ။  အစက သတိလစ်ချင်ယောင်ဆောင်တယ်ထင်ပေမယ့် တစ်ကယ်သတိလစ်နေလေတော့ဘာရယ်ကြောင့် သတိလစ်ရတယ်ဆိုတာကို သူလည်း ရေရေရာရာမသိပါဘူး။  ဒီလိုနဲ့ နောက်တစ်နေ့ရောက် မမိုးမိုးလည်း ပြန်သတိရလာတော့ရှိုက်ကြီး တစ်ငင်ကို ငိုတော့တာပဲ။  သူ့ကို သူ့အစ်ကိုနဲ့အမတွေက ဟိုမှာ အပြီးလိုက်နေဖို့ခေါ်ကြောင်း။ သူတို့မှာ စုစုပေါင်း ညီအစ်ကို မောင်နှစ်မ ငါးယောက်ရှိကြောင်း။  အစ်ကိုက တစ်ယောက်၊ အမက ၃ ယောက်ရှိပြီး သူက အငယ်ဆုံးဖြစ်ကြောင်း။  အငယ်ဆုံးဖြစ်သောကြောင့် သူ့ကို အားလုံးက ချစ်ကြကြောင်း။ဒါပေမယ့် သူလည်း အိမ်ကလူကြီးတွေ စိတ်ပူမှာစိုးလို့ အိမ်ခဏ ပြန်ဦးမယ်ဆိုပြီးတော့ ပြန်လာတဲ့အခါမှာခုလို သတိရလာတာဖြစ်ကြောင်း တစ်ငိုငို တစ်ယိုယိုနဲ့ ပြောပါတယ်။ 

          ဘယ်သူက သူပြောတာ ယုံမှာတုန်း။  လျှောက်ပြောနေတယ်လို့ပဲ ထင်တာပါပဲ။  ဒီလိုနဲ့ မမိုးမိုးတစ်ယောက်ဟာ တစ်ခါတစ်လေ သုံး နာရီလောက်သတိလစ်သွားလိုက်၊ တစ်ခါတစ်လေ တစ်ရက်လောက် သတိလစ်သွားလိုက်၊ နိုးလာရင် တစ်မှိုင်မှိုင်းတစ်တွေတွေနဲ့ သူ ရွေးရခက်နေကြောင်း ဟိုမှာလည်း ပျော်ပေမယ့် ဒီမှာလည်း ပျော်ကြောင်းစတဲ့ တောင်တောင်အီအီတွေ လျှောက်ပြေနေပါတယ်။ အဲ့ဒီကစပြီး အမေက ကျွန်တော့်ကို ဆေးခန်းမခေါ်တော့တာနဲ့ပဲ အိမ်ကနေပြီး အမေပြန်လာတိုင်းပြန်ပြောပြတဲ့ အဖြစ်အပျက်ကလေးတွေကိုပဲ စောင့်ပြီး နားထောင်ရတာပါပဲ။

          ဒီလိုနဲ့ တစ်နေ့တော့ ကရင်ကျောင်းဆရာမတစ်ယောက်အိမ်ကိုလာလည်ပါသတဲ့။  အဲ့ဒီဆရာမက သိုက်တို့ဥစ္စာစောင့်တို့နဲ့ဆိုရင် စကားတွေဘာတွေ ပြောဆိုပဲ။ ပြောတယ်ဆိုတာက သူကလည်း အဆက်ပါဆိုပဲ။ အဆက်ဆိုတာက သိုက်နဲ့ အဆက်ရှိတယ်လို့ ဆိုပါတယ်။  ဟုတ်မှဟုတ်ရဲ့လားလို့ ကျွန်တော်သံသယဖြစ်ပေမယ့် အဲ့ဒီဆရာမနဲ့တွေ့တော့တစ်သက်လုံး ဗမာစကားပြောနေတဲ့ မမိုးမိုးဟာ ကရင်လို ထပြီးရောတော့တာပါဘဲ။  အမေတို့လည်း မျက်လုံး အကြောင်သားနဲ့ ထိုင်ကြည့်နေရတယ်လို့ဆိုပါတယ်။  နောက်တစ်ခုက အသံနေ အသံထားနဲ့ စကားပြောပုံကခဏနေ တစ်ယောက်၊ ခဏနေ တစ်ယောက်က ပြောနေသလို မမိုးမိုးရဲ့ အသံတွေက ပြောင်းနေပါတယ်တဲ့။  သူတို့ဟာ သူတို့ ပတွတ် ပတွတ်နဲ့ ပြောလို့လဲဝရောမမိုးမိုးလည်း သတိပြန်လစ်သွားရောတဲ့။  ကရင်ဆရာမကသူဟာ မမိုးမိုးရဲ့ အမသုံးယောက်နဲ့ စကားပြောဖြစ်ကြောင်း ပြန်ပြောပြပါတယ်။

          အဲ့ဒီကျောင်းဆရာမ ပြန်ပြောပြတာကတော့ မမိုးမိုးဟာခုချိန်အထိ သိုက်ထဲမှာပဲရှိနေကြောင်း၊ စောစောက သူပြောသွားတာတွေဟာ သူ့အစ်မ သုံးယောက်ကသူ့ကိုယ်ထဲ ၀င်ပြီး ပူပြောတာဖြစ်ကြောင်း။  သူတို့ညီမလေးကို အပြီးခေါ်ထားချင်ကြောင်း။  သိုက်စောင့်ဘိုးဘိုးကြီးနဲ့ ဆွေးနွေးဦးမှာဖြစ်ကြောင်း ပြောပါတယ်။  နောက်ပြီး သူတို့ သိုက်က ပုသိမ် ရွှေမုဋ္ဌော ဘုရားအောက်မှာရှိကြောင်းလည်း ပါပါတယ်။  ဒီလိုနဲ့ အဲ့ဒါ ပြီးကထဲကမမိုးမိုးလည်း သတိလစ်သွားတာ သတိကို ပြန်လည်မလာတော့ပါဘူး။  ကြံရာမရတဲ့ အဆုံး ကြံခင်း က သိုက်နိုင်တယ်ဆိုတဲ့ဆရာတော်ကို အိမ်သားတွေ သွားပင့်ကြပါတယ်။
         
အဲ့ဒီလိုနဲ့ကြံခင်းက ဆရာတော် ရောက်လာရောဆိုပါဆို့ဗျာ။ ဆရာတော်ရောက်လာတော့လည်း မမိုးမိုးက သတိလစ်နေတုန်းခင်ဗျာ့။  ဆရာတော်က ရေမန်းတွေဘာတွေဖျန်းပြီး ဖနောင့်နဲ့ ကြမ်းပြင်လည်းဆောင့် လိုက်ရော မမိုးမိုးလဲ ငုတ်တုတ်ထ ထိုင်ဆိုပဲ။  ငုတ်တုတ်လည်း ထိုင်ပြီးရော ဆရာတော်နဲ့ ကရင်လို ရောကြလေရဲ့။  ကရင်လိုရောရင်း ရောရင်းကနေ နောက်ပိုင်း ဘာသာစကားပြောင်းသွား တာဘေးက လူတွေ လည်း နားမလည်တော့ပါဘူးတဲ့။  ဟို ကရင်ကျောင်းဆရာမလည်းနားမလည်တော့ဘူး။  ထင်တာကတော့ ရှေးဟောင်း ဘာသာစကားတစ်ခုဖြစ်မယ်ထင်ပါတယ်။  

                      ဆရာတော်လည်း ပြောရင်းပြောရင်းနဲ့ ဒေါသတွေ ထွက်လာပြီးတော့ မမိုးမိုးကို ကြိမ်နဲ့ ဆော်ပါတော့တယ်။  မမိုးမိုးလည်း လူးလှမ့် နေတာပေါ့လေ။  အဲ့ဒါနဲ့ သိပ်မကြာပါဘူး မမိုးမိုး အသံက ယောင်္ကျားသံကြီးလိုပြောင်းသွားပြီးတော့ ဆရာတော့နဲ့ အတင်အချ ပြောတော့တာပါဘဲ။  နောက်မှ သိရတာက ဆရာတော်နဲ့ ပထမ ပြောတာက အစ်မ အကြီးဆုံးနဲ့ ပြောတယ်လို့ဆိုပါတယ်။  သူတို့ ရဲ့ အထွေးကလေးကိုလူ့ပြည်ပြန်မပို့တော့ဘူး ပြန်ခေါ်ထားမယ်ဆိုလို့ ဆရာတော်က သဘောမတူကြောင်း၊  လာပြီးမှတော့ သက်တမ်းစေ့နေပြီးမှ ပြန်ခေါ်ရမှာ ဖြစ်ကြောင်း၊ဒီလို ခုလွှတ် ခုပြန်ခေါ် လုပ်ချင်တိုင်းလုပ်ရအောင် မင်းတို့ကိုယ် မင်းတို့ ဘာထင်နေသလဲလို့ ပြန်ပြောကြောင်း။ ဟိုက ဘူးခံနေတာနဲ့ ဆရာတော်လည်း တင်းပြီးတော့ ကြိမ်နဲ့ သမတယ်လို့ဆိုပါတယ်။  သူ့ညီမ ကြိမ် သမခံနေရတာကို အစ်ကိုကတွေ့တော့မခံမရပ်နိုင်ဖြစ်ပြီး အမအစား အစ်ကိုကြီးက ကြိမ်ဒဏ်ဝင်ခံရင်း ဆရာတော်နဲ့ စကားများကြတယ်လို့ဆရာတော်က ပြန်ပြောပါတယ်။ 
          နောက်တော့ အစ်ကိုကြီးသော ဘာသော နားမလည်ဘူးသမ မယ်ဆိုပြီး ကြိမ်နဲ့ ထပ်ဆော်ပြန်ပါတယ်။ မမိုးမိုးက လူးလှမ့်နေတာပါဘဲ။  ကြိမ်လုံးရာတွေလည်းတစ်ကိုယ်လုံးမွနေတာပေါ့လေ။  နောက်ဆုံးတော့ လူကြီးသံလိုမျိုး မမိုးမိုး ဆီက အသံထွက်လာပါတယ်။  ဆရာတော်ပြောတာကတော့အဲ့ဒါဟာ သိုက် စောင့် ဘိုးဘိုးကြီးလို့ ဆိုပါတယ်။ နောက်တော့ ဆရာတော်နဲ့ သိုက်စောင့် ဘိုးဘိုးကြီးနဲ့ စကားတွေ အတင်အချ ပြောလိုက်တာအတော်ကြာသွားပါသတဲ့။  နောက်ဆုံးတော့ ဘယ်လိုညှိလိုက်တယ်မသိပါဘူး ဆရာတော်က မင်းတို့လုပ်ချင်တိုင်း လုပ်လို့ရမယ် ထင်နေသလား။ ငါ သိုက်ကျောဖြတ်မယ်ဆိုပြီးတော့ကြံခင်းကို မမိုးမိုးကို ခေါ်သွားဖို့ ပြင်ပါတယ်။

          ကြားထဲမှာ ရထားစီးတာ၊ ကားစီးတာတွေကို ချန်ခဲ့ရင်တော့ကြီးဒေါ်ရယ်၊ မမိုးမိုးရယ်၊ ဆရာတော်ရယ် ကြံခင်းကို ရောက်ပါလေရောပေါ့လေ။  ဟိုရောက်တော့ မြစ်ကူးပြီး ဆရာတော်ကျောင်းကို သွားရမယ့်ခရီးပါ။  ဆရာတော်က သိုက်က အစ်ကိုကြီးရော၊ အစ်မ၃ ယောက်ရောပါ ခေါ်လာပါသတဲ့။  မြစ်ကူးခါနီးကျတော့လှေပေါ်ရောက်တော့ တစ်ယောက်ပြီး တစ်ယောက် တက်ခိုင်းပါသတဲ့။  အဲ့ဒီက အဒေါ်ကြီး ပြောပြတာကတော့ လှေက တစ်ယောက်တက်လိုက်တိုင်းတစ်ယောက်စား မြုတ်မြုတ်သွားတယ်ဆိုပဲ။  ဟုတ်မဟုတ်တော့မသိဘူးပေါ့လေ။  အဲ့ဒါနဲ့ နောက်ဆုံး အစ်ကို ကြီးအလှည့်ကျတော့ အစ်ကိုကြီး က ပေကပ်ပြီး လှေပေါ်မတက်ဘူး လုပ်နေပါသတဲ့။  အဲ့ဒါနဲ့ ဆရာတော်လည်း အတင်းကြိမ်းမောင်းပြီး တက်ခိုင်းတော့မှလှေပေါ်ရောက်ပါသတဲ့။  လှေပေါ်ရောက်တော့ ဆရာတော်ကအဲ့ဒီ မမိုးမိုးရဲ့ အဒေါ်ကို ဟဲ့ဒကမကြီး ဟိုဘက်တိုးလိုက် ဒီမှာ အစ်ကို အကြီးဆုံးက ထိုင်စရာနေရာမရှိဘူးဖြစ်နေတယ်လို့ ဆိုလေတော့ အဒေါ်လည်း လန့်ဖျန့်ပြီး အမလေး အတူတူတော့ မထိုင်ပါရစေနဲ့ရှင်ဆိုပြီး နောက်တစ်တန်း ဆုတ်ထိုင်တယ်လို့ ဆိုပါတယ်။ လှေပေါ်ရောက်တော့ ဆရာတော်က “ကဲ ငါ့ကျောင်းအပိုင်ရောက်ပြီ၊ နင်တို့ မောင်နှစ်မတွေအေးအေးဆေးဆေးလိုက်ခဲ့ လမ်းမှာ လှေကို မှောက်ပစ်မယ် မကျန်နဲ့ သိုက်ပြန်မရောက်ဘူး ဖြစ်သွားမယ်လို့ကြိမ်းပါသတဲ့”။ 

          ဆရာတော်ကျောင်းဝင်ခါနီးတော့ လှေပေါ်က ပါလာတဲ့မောတဲ့မောင်နှမ ၄ ယောက်ကို ဆရာတော်က မှာပါသတဲ့ “နင်တို့ ဟိုရောက်ရင် ငါ့ကျောင်းက ဟာတွေနဲ့တည့်အောင်နေ ရန်မဖြစ်နဲ့တဲ့”။  ကြီးဒေါ် ပြန်ပြောတာကတော့ဆရာတော့် ကျောင်းမှာလည်း ဥစ္စာစောင့်တွေရှိသတဲ့ဗျ။ နောက်ပြီး ဆရာ့တော့် ဗီဒိုထဲမှာလည်း အရုပ်တွေမှ အများကြီး ထူခြားတာက ကျွဲညီနောက်ရုပ်တဲ့ခင်ဗျ။  လပြည့်ညရောက်လို့ အဲဒီ ကျွဲညီနောင်ကိုမှ ဗီဒိုထဲကမထုတ်ဖူးဆိုရင် ကျောင်းတစ်ခုလုံး ဗြောင်းကို ဆန်တယ်လို့ ပြောပါတယ်။ ဟုတ်သည် မဟုတ်သည်ထားစိတ်တော့ ၀င်စားစရာပေါ့ဗျာ။

          အဲ့ဒီလိုနဲ့ ဆရာ့တော့်ကျောင်းမှာ မမိုးမိုးကိုထား၊  ပြီးတော့ ဥပုတ်စောင့်ခိုင်း၊ ၈ ပါးသီလယူ၊ယောဂီဝတ်ပြီးတော့ သိုက်ကျော ဖြတ်တယ်လို့ဆိုပါတယ်။ မည်သို့ပင်ဆိုစေ၊ နောက်ပိုင်းမှာတော့ မမိုးမိုးတစ်ယောက် သတိလည်း မလစ်တော့သလို၊အိပ်မက်လည်း မမက်တော့ပါဘူး။  ထူးဆန်းတာတစ်ခုကမမိုးမိုးဟာ မြန်မာစကား တစ်မျိုးသာ ပြောတတ်သူ (အင်္ဂလိပ်စကားကတော့ ကျောင်းမှာ သင်တယ်၊ဒါကို ထားလိုက်ပါတော့) တစ်ယောက်ပါ။  ဒီလို အဖြစ်အပျက်တွေဖြစ်ပြီးတော့ ကရင်စကားရော၊  တစ်ခြားစကားကိုပါဒေသခံတစ်ယောက်လို မွှတ်နေအောင်ပြောပေမယ့်၊  အခုဆိုရင်သူဟာ အဲ့ဒီ ဘာသာစကားတွေကို လုံးဝ ပြန်မပြောနိုင်တာပါ။  အဲ့ဒီတော့ ယုံရ ခက်ခက်ကြီးရယ်။  လက်တွေ့ ကိုယ့်ရှေ့မှာ အဲ့ဒီလိုမျိုး ဖြစ်သွားတယ်ဆိုလေတော့ဥစ္စာစောင့်ဆိုတာ တစ်ကယ်ရှိတယ်၊ မရှိဘူးဆိုတာ ပြောရမှာ မလွယ်လှဘူး ဖြစ်သွားပါတယ်။  ခုတော့ မမိုးမိုးတစ်ယောက်လည်း အိမ်ထောင်တွေဘာတွေကျပြီးတော့ကလေးတွေတောင် ထွန်းကားနေပြီထင်ပါရဲ့။

ဒါတင်လားဆိုတော့မဟုတ်ပါဘူး။  ကျွန်တော် အဖေရဲ့ ဇာတိမြို့က ကန်ကြီးဒေါင့်မြို့ပါ။  ကန်ကြီးထောင့်မြို့ဆိုတာ ဘယ်ကနေ နာမည်တွင်လာလည်းမသိပေမယ့်၊  အဒေါ်ရဲ့ အိမ်နောက်ဖေးမှာတော့ ကန်ကြီး တစ်ကန်ရှိပါတယ်။  အခုတော့ အိမ်တိုင်းက ကျောပေးပြီး အိမ်သာလှည့်ဆောက်ထားလေရဲ့။  အဲ့ဒီမှာလည်း သိုက်ရှိတယ်ဆိုပါတယ်။  အဲ့ဒီသိုက်က နောက်ပိုင်း လူတွေ က အိမ်သာလှည့်ဆောက်ပါများလာလို့ကန်ကြီးဒေါင့် ရွှေလိပ်ပြာ ဘုရားဘက်ကို သိုက်ပြောင်းတယ်ဆိုပါတယ်။  သိုက်ပြောင်းတဲ့နေ့ကတော့ ညနေ၀င်ရီတလျှောမှာ ရွှေလှေတွေမိုးပေါ်ပျံပြီးတော့ ရွှေလိပ်ပါဘုရားဆီကို ဆည်းလည်းသံ တစ်ချွင်ချွင်နဲ့ ပြောင်းကြတယ်လို့လူတွေဆိုကြပေမယ့် ကျွန်တော်ကတော့ မျက်မြင်ကိုယ်တွေ့မဟုတ်လို့ မယုံပါဘူး။  ဒါပေမယ့် ကန်ကြီးဒေါင့် ဆရာတော် ဘုရားကြီး တည်ထားခဲ့တဲ့လေးမျက်နှာ စေတီတော်ရဲ့ မုဒ်ဦးတစ်ခုကတော့ အမည်မဖော်လိုတဲ့ ဥစ္စာစောင့်တစ်ယောက်က ဆရာတော်ကြီးထံရွှေတွေလာပေးပြီးတော့ ဘုရားတည်ဖို့ လှုဒါန်းသွားတယ်လို့ ဆိုပါတယ်။  ယခုအချိန်အထိ အဆိုပါမုဒ်ဦးမှာ ထိုကဗြည်းစာတမ်းကိုဖတ်နိုင်သေးကြောင်း ကန်ကြီးဒေါင့်မြို့ကို အလည်ရောက်ခဲ့တယ်ဆိုရင် သွားရောက်ကြည့်နိုင်ပါကြောင်း၊ ဥစ္စာစောင့် တစ်ကယ်ရှိသလားဆိုတဲ့ မေးခွန်းလေးကို စဉ်းစားဖို့ ပိုစ်တစ်ခုအနေနဲ့တင်ပေးလိုက်ပါတယ် ခင်ဗျား။

သဘာဝလွန် ဖြစ်ရပ်ဆန်းများ

0 comments:

Post a Comment