Monday, October 21, 2013

" ခေါ်ပုံရယ် ဆန်းလေသည်လား "

ခရစ်သက္ကရာဇ် ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလ ၂ ရက် သောကြာနေ့၏ ညပိုင်းအချိန်တွင် စာရေးသူ၊ စာရေးသူ၏မိဘနှစ်ပါးနှင့် စာရေးသူ၏ သား စုစုပေါင်းမိသားစုလေးယောက်တို့ Taxi တစီးငှား၍ ဘူတာရုံသို့ထွက်လာခဲ့ကြသည်။ ယခုအခေါက်ထွက်လာသည့်ခရီးကား စာရေးသူ၏မွေးသမိခင်၏ ဇာတိရပ်ရွာဖြစ်သည့် ညောင်လေးပင်မြို့သို့သွားရောက်ကာ နှစ်စဉ်နှစ်တိုင်းပြုလုပ်နေကျ ကထိန်အလှူ ပွဲဆင်နွှဲရန်အလို့ငှာ ထွက်လာခဲ့ကြခြင်းဖြစ်လေသည်။ ကံကြမ္မာ၏နှိပ်စက်ခြင်းကို ခံရတော့မည့် စာရေးသူတို့မိသားစု ဘူတာရုံသို့ရောက်သွားသည့်အခါတွင် ယနေ့မှ တိုက်တိုက်ဆိုင်ဆိုင် ရထားနောက်ကျ မည့် အဖြစ်နှင့် ကြုံလိုက်ရလေသဖြင့် စာရေးသူ၏မိခင်မှ ကိုယ့်ကားနှင့်ကိုယ်သွားရန် အစီအစဉ်ပြောင်းလျက် နောက်ကြောင်းပြန်လှည့်ကာ အိမ်ပြန် ကားယူပြီး ညောင်လေးပင်မြို့ဆီသို့ ချီတက်လာခဲ့ကြပါတော့သည်။



                 စာရေးသူတို့မိသားစု ရန်ကုန်မှထွက်ခွာလာခဲ့သည့်အချိန်မှာ အတော်ပင် ညည့်နက်လှပြီ ဖြစ်သဖြင့် ပဲခူးသို့ မနက်လင်းခါနီးမှ ရောက်ပါတော့သည်။ ပဲခူးသို့ရောက်ချိန်တွင် နံနက်စာမုန့်ဟင်းခါးစားပြီး ဆက်လက်ခရီးထွက်လာခဲ့သည်။ ကားပေါ်တွင် စာရေးသူ၏မိခင်က ပဌာန်းရွတ်၊ စာရေးသူက သားဖြစ်သူနှင့် စကားပြော၊ စာရေးသူ၏ ဖခင်က ကားကိုမောင်းရင်းဖြင့် ဘုရားကြီး၊ ပျဉ်ပုံကြီး၊ ဖောင်တော်သီ၊ ဒိုက်ဦးမြို့ တို့ကို ဖြတ်သန်းလာခဲ့ပြီး ပြွန်တန်ဆာမြို့အဝင် ဗိုင်းတားတံတားအနီးအရောက်တွင် " ဂျိမ်း "  ကနဲ မြည်ဟည်းလိုက်သော ကြောက်မက်ဖွယ် အသံကြီးတခုနှင့်အတူ စာရေးသူတို့မိသားစု လိုက်ပါစီးနင်းလာသည့် ကားလေးမှာ ရုတ်တရက် ရပ်တန့်ငြိမ်သက်သွားပါတော့သည်။ မိနစ်အတန်ငယ်ကြာမှ စာရေးသူ၏ ဖခင်ထံမှ " သမီးကြီး ဘာဖြစ်သွားသေးလဲ ?? သတိရှိတယ်နော်!!!  သားလေးရော.... သမီးမေမေရော ??  " ဟု စိုးရိမ်တကြီး မေးလိုက်သံကို ကြားမှ ရုတ်တရက်ထိတ်လန့်နေသည့် စာရေးသူမှာ သတိပြန်ဝင်လာပြီး ဘာမှ မဖြစ်ကြောင်း ပြန်ဖြေလိုက်ရသည်။ ဖြေမယ့်သာ ဖြေလိုက်ရပေမယ့် စာရေးသူ၏ မျက်နှာထက်တွင်တော့ သွေးများစီးကျလို့ နေချေပြီ။ အသက်ငယ်ငယ်ရွယ်ဖြင့် ယခုလို ယာဉ်မတော်တဆမှုတခုကို ကိုယ်တိုင်ကြုံလိုက်ရသောကြောင့်လား၊ စာရေးသူမျက်နှာထက်မှ သွေးစီးကြောင်းကို မြင်တွေ့လိုက်ရခြင်းကြောင့်လားတော့ မသိ။

စာရေးသူ၏ သားတော်မောင်မှာ ကြောက်လန့်တကြား ငိုကြွေးနေလေတော့သည်။ ယာဉ်ရှေ့လေကာမှန်မှာ ကွဲအက်ကုန်ပြီး ယာဉ်၏အတွင်းဖက်သို့ ချိုင့်ဝင်သွားသည်။ အပြင်သို့သာ ကွဲထွက်သွားခဲ့ပါလျှင် စာရေးသူ၏သားဖြစ်သူမှာ ရှေ့လေကာမှန်ပေါက်မှတဆင့် လေထုထဲသို့ စူပါမင်းတယောက်နှယ် ဒိုင်ဗင်ပစ်ပြီး လွင့်ထွက်သွားကိန်းရှိသည်။ စာရေးသူ၏ မိခင်ထံမှ မည်သည့်အသံမှထွက်မလာပဲ ငြိမ်သက်နေသဖြင့် စာရေးသူ၏ဖခင်မှ စမ်းသပ်ကြည့်လိုက်ရင်း နှုတ်မှလည်း ''ဟာ…သွားပြီ'' ဟု ထိတ်လန့်တကြား အော်လိုက်လေသည်။ ထို့နောက် စာရေးသူ၏မိခင်အား အတင်းလှုပ်နှိုးနေလေတော့သည်။ စာရေးသူတို့ စီးနင်းလိုက်ပါလာသည့် ကားလေး၏ ဦးခေါင်းပိုင်းမှာ လမ်းဘေးရှိ မလေးရှားပိတောက်ပင်တပင်၏ ပင်စည်နှင့် မိတ်ဖွဲ့လျက်ရှိနေသည်ကိုလည်း စာရေးသူရရှိထားသည့် ဒဏ်ရာကြောင့် မူးနောက်နောက်ဖြစ်နေသည့်အကြားမှ တွေ့မြင်လိုက်ရပါသေးသည်။


               ထိုအချိန်တွင် စာရေးသူတို့ကားနှင့် ခပ်လှမ်းလှမ်းမှ လာနေသည့် အရပ်မြင့်မြင့်ဖြင့် အညိုရောင်အင်္ကျင်္ီ ပုံစံ ဝတ်ဆင်ထားသူ သုံးဦးအား မြင်တွေ့လိုက်ရသဖြင့် စာရေးသူ၏ သားငယ်လေးအား လာရောက်ခေါ်ယူပေးရန် အော်ဟစ်အကူအညီ တောင်းလိုက်မိပါတော့သည်။ သို့သော် ထိုလူသုံးယောက်မှာ စာရေးသူတို့ထံရောက်မလာသဖြင့် ဦးခေါင်းဒဏ်ရာကြောင့် မူးနောက်နောက်ဖြစ်နေသည့်အကြားမှ ထိုသူသုံးယောက်အား မဆီမဆိုင် စိတ်ဆိုးမိလိုက်ပါသေးသည်။ ( စာရေးသူ၏ ဦးခေါင်းမှ ဒဏ်ရာကြောင့် အမြင်အာရုံချွတ်ယွင်းခြင်းမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။) ထိုအချိန်တွင် စာရေးသူ၏မိခင်မှာ " အင်း.... အဲ " ညည်းငြူပြီး သတိပြန်ရလာသည်။
စာရေးသူတို့ကားအနီးသို့ လူနှစ်ဦးရောက်ရှိလာပြီး ဒဏ်ရာရရှိထားသည့် စာရေးသူတို့မိသားစုကို ကားအပြင်သို့ထွက်နိုင်ရန် ဝိုင်းဝန်းကူညီပေးကြသည်။ ဒတ်ဆန်းမော်တော်ယာဉ်တစီး မောင်းလာသည်ကို တွေ့လိုက်ရသဖြင့် တားပြီး  ညောင်လေးပင်ဆေးရုံသို့ပို့ပေးရန် အကူအညီတောင်းရပါတော့သည်။


                  ညောင်လေးပင်ဆေးရုံသို့ရောက်မှပင် ကိုယ်စီကိုယ်ငှ ရထားသည့်ဒဏ်ရာဒဏ်ချက်တွေကို ပြန်ကြည့်ဖို့ သတိရတော့သည်။ စာရေးသူ၏မျက်နှာတွင် ကားမှန်ကွဲစများစိုက်ဝင်ထားပြီး မျက်ခုံးတဖက်လျှင် သုံးချက်စီ ချုပ်လိုက်ရသည်။ မေးစေ့ကိုလည်း ငါးချက်ခန့်ချုပ်လိုက်ရသည်။ ယာဉ်ကိုမောင်းနှင်လာခဲ့သည့် စာရေးသူ၏ ဖခင်ကြီးကတော့ သူကိုင်နေကျ NOKIA တယ်လီဖုန်းကလေးကပင် သူ၏အသက်ကို ကယ်တင်သွားသည်ဟု ပြောရပေမည်။ ထိုတယ်လီဖုန်းကြောင့်  နံရိုးကျိုးပြီး နှလုံးတွင်စိုက်မည့်ဘေးမှကင်းလွတ်ကာ စာရေးသူ၏မိခင်ကြီးမှာ မုဆိုးမဘဝသို့ မရောက်ရခြင်းဖြစ်သည်။

ထို့ကြောင့်ပင် ဖခင်ကြီးမှာ ယခုထက်တိုင်ပင် သူ၏အသက်သခင်ကျေးဇူးရှင် နိုကီရာတယ်လီဖုန်းကလေးအား သွားလေရာသို့ ကိုယ်နှင့်မကွာ ယူသွားတတ်မြဲပင်။ ယခုအခါ စာရေးသူ၏မိဘနှစ်ပါး မလေးရှားနိုင်ငံ Johor Baru သို့ရောက်နေသည့်အချိန်အထိတိုင် ဖခင်ကြီးထံတွင်ထို တယ်လီဖုန်းကလေး ရှိနေပါသေးသည်။  အဆိုးထဲမှ အကောင်းဟုပင်ပြောရလေမည်လား မသိ။ ညောင်လေးပင်ဆေးရုံတွင်တာဝန်ကျနေသည့် မြို့နယ်ဆရာဝန်ကြီးက  လူနာမှတ်တမ်းဖတ်မိပြီး စာရေးသူ၏ဖခင်ကို ဆရာဝန်ကြီးမှန်းသိသွားသည်။ ထို့ကြောင့်ပင် မြို့နယ်ဆရာဝန်ကြီးက စာရေးသူ၏ဖခင်ကို "  ခင်ဗျားလည်း ဆရာဝန်ပဲ၊ အဆင်ပြေသလိုကြည့်လုပ်လိုက် "  ဟုဆိုကာ မြို့နယ်မှူးအစည်းအဝေးတက်ရန်ရှိနေသဖြင့် ကပျာကယာထွက်သွားပါတော့သည်။

ယာဉ်တိုက်မှုအတွက် စစ်ချက်ရယူရန်ရောက်ရှိလာသည့် ရဲတပ်သားအား စာရေးသူ၏မိခင်က " ကျွန်မအစ်ကိုက ပဲခူး ခယက မှ တာဝန်ရှိပုဂ္ဂိုလ်တယောက်ပါ " ဟု ပြောလိုက်မိသဖြင့် ထိုရဲတပ်သား၏ အကြောင်းကြားမှုဖြင့် မြို့နယ်မှူးအစည်းအဝေး ပြုလုပ်နေသည့်  ညောင်လေးပင်မြို့နယ်မှူးနှင့်တကွ အခြား တာဝန်ရှိအကြီးအကဲများပါ ဆေးရုံသို့ရောက်လာကြပါတော့သည်။  ထို့နောက်တွင်တော့ လိုအပ်သည့်ဆေးဝါးကုသမှုများ ပြုလုပ်ပေးကာ စာရေးသူတို့မိသားစုအား ရန်ကုန်ဆေးရုံကြီးသို့ ချက်ချင်းပင် ပို့ဆောင်ကြပါတော့သည်။

           ကထိန်ပွဲသွားမည့် အစီအစဉ်ကိုဖျက်သိမ်းကာ  ထိခိုက်ပျက်စီးသွားသည့် မော်တော်ယာဉ်ကို ပြန်လည်ပြုပြင်ရန်အတွက် ညောင်လေးပင်တွင်နေထိုင်သည့် ဆွေမျိုးများထံအကြောင်းကြားထားခဲ့ပြီး ရန်ကုန်သို့ပြန်လာခဲ့ကြပါတော့သည်။ စာရေးသူတို့ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့သည့် ဗိုင်းတားတံတားအနီးအရောက်တွင် စာရေးသူ၏ဖခင်က " ဘယ်သူမှ အဲ့ဒီနေရာကို လှည့်မကြည့်ကြနဲ့ " ဟူသော အမှာစကားကြောင့် ထိုနေရာသို့ မကြည့်ဖြစ်ခဲ့ကြပါတော့ချေ ။

 ညောင်လေးပင်မြို့တွင်နေထိုင်သော စာရေးသူ၏ ဦးလေးနှင့် သူ၏အပေါင်းအသင်းများ စာရေးသူတို့ကားလေးကို သွားယူသည့်အခါတွင် ထူးဆန်းသည့်မြင်ကွင်းတခုကို မြင်တွေ့လိုက်ရလေသည်။ စာရေးသူတို့၏ ကားအတွင်းတွင် အမွှေးအမျှင်ရှည်လျားထူထပ်သည့် ပုံပန်းသဏ္ဍာန်ရှိသော အရာသုံးခု ( အမျိုးအမည်ကို ခွဲခြားမသိသဖြင့် အရာဟုသာ သတ်မှတ်ညွှန်းဆိုလိုပါသည်။) သည် စာရေးသူတို့ယာဉ်မတော်တဆမှုဖြစ်စဉ်က ကျခဲ့သော သွေးအစအနများကို လျှာဖြင့်လျက်ကာ စားနေကြသည်ကို အသေအချာမြင်တွေ့လိုက်ကြရသည်။ မျက်စိသိပ်မကောင်းသည့် စာရေးသူ၏ ဦးလေးက အမြင်မှားခြင်းသာ ဖြစ်လိမ့်မည်အထင်ဖြင့် ဘာမှမပြောမိသော်လည်း အတူပါလာသည့် သူ၏သူငယ်ချင်းတဦးကလည်း ထိုမြင်ကွင်းကို မျက်စိဖြင့်တပ်အပ်မြင်တွေ့လိုက်ရသည်တွင် ပုံမှန်မဟုတ်သည့်အခြေအနေကို ချက်ချင်းလက်ငင်းရိပ်စားမိလိုက်ပြီး  နှုတ်မှအသံထွက်၍  ''နင်တို့လည်း စားစရာရှိတာစားပြီးပြီ ငါတို့လည်း ငါတို့ကားကို ပြန်သယ်သွားတော့မယ် နင်တို့ ဒီကားကနေ ဖယ်ပေးပါ''  ဟု ပြောလိုက်လေသည်။  ဦးလေးသူငယ်ချင်း၏ စကားသံကြောင့် အမျိုးအမည်ကို ခွဲခြားဖော်ပြရန်ခက်ခဲသော ထိုအရာသုံးခုမှာ ဦးလေးတို့လူစုအား မကျေမနပ်သည့်အသွင်ဖြင့် မှုံတေတေလှည့်ကြည့်ကာ မလှမ်းမကမ်းရှိလယ်ကွင်းများဆီသို့ ရှေးရှုထွက်ခွာသွားကြပါတော့သည်။

(ဤနေရာတွင် စာရေးသူအနေဖြင့် သတိထားမိသည့်အရာတခုရှိသည်။ ယာဉ်မတော်တဆဖြစ်စဉ်က ယာဉ်ပေါ်မှနေ၍ အညိုရောင်ဝတ်စုံဝတ်ဆင်ထားသူ သုံးဦးကို မြင်တွေ့လိုက်ရခြင်းနှင့် ဦးလေးတို့လူစု တွေ့လိုက်ရသည့် အရာများသည်လည်း သုံးခုဖြစ်နေခြင်းသည် တိုက်ဆိုင်သည်ဟု တွေးတောသုံးသပ်နိုင်ပါသည်။) သွေးများဖြင့်စွန်းထင်းပေကျံနေသည့် မော်တော်ကားကို ညောင်လေးပင်မြို့တွင်းသို့ ပြန်သယ်ယူရန် စိတ်မသန့်ဖြစ်နေသည့် စာရေးသူ၏ဦးလေးဖြစ်သူမှာ ရုတ်တရက်ရွာသွန်းလိုက်သည့်မိုးကြောင့် သွေးစသွေးနများ အတန်ငယ်သန့်စင်သွားမှသာ ကားကို ညောင်လေးပင်မြို့တွင်းသို့ သယ်ဆောင်သွားချေသည်။ ထိုသို့ဖြင့် စာရေးသူတို့မိသားစု၏ ကားကလေးမှာ ညောင်လေးပင်မြို့တွင် စခန်းချနားနေရပါတော့သည်။ 

စာရေးသူတို့၏ကားကို မြင်တွေ့ရသူတိုင်းတညီတညွတ်တည်း မေးကြသည့်မေးခွန်းတခုမှာ " ကားထဲမှာ ပါလာတဲ့လူတွေ ပွဲချင်းပြီးပဲလား " ဟူသတည်း။သူတို့မေးလျှင်လည်း မေးချင်စရာကောင်းလောက်အောင်ပင် စာရေးသူတို့ကားကလေးမှာ အတော်ပင် ပျက်စီးချို့ယွင်းသွားခဲ့ပြီး အကယ်၍သာ မလေးရှားပိတောက်ပင်နှင့် တိုက်မိခြင်းမဟုတ်ပဲ မလေးရှားပိတောက်ပင်နှင့်ကပ်လျက်ရှိနေသည့် ကုက္ကိုပင်နှင့်သာ ဝင်တိုက်မိခဲ့လျှင် ယခုအချိန်တွင် စာရေးသူအနေဖြင့် ဤအတွေ့အကြုံများကို ကုက္ကိုပင်ထက်မှနေ၍ ရုက္ခစိုးတို့၏ အင်တာနက်လိုင်းကိုအသုံးပြုပြီး ရေးသားနေရလောက်ပေပြီ။

စာရေးသူ၏ဖခင်ပြောပြချက်အရ သိရသည်မှာ ယာဉ်ကိုမောင်းနှင်လာရင်း ရုတ်တရက် စတီယာရင်ကို ဆွဲချသွားခြင်းခံရသလို ဖြစ်သွားပြီး မလေးရှားပိတောက်ပင်ကို ယာဉ်၏ဘယ်ဘက်ခြမ်းဖြင့် ဝင်တိုက်မိသွားခြင်းဖြစ်လေသည်။ စက်ဘီး၊ ဆိုင်ကယ်၊ ကုန်တင်ကား၊ ခရီးသည်တင်ကားများဖြင့် ယာဉ်သွားယာဉ်လာများပြားလွန်းလှသည့် ထိုနေရာတွင် ထိုအချိန်က ယာဉ်တစီးတလေ၊ လူတဦးတယောက်မျှ ရှိမနေခဲ့ခြင်းအတွက် ယခုမှပင် ကံကြမ္မာကို ကြံဖန်ကျေးဇူးတင်ရပြန်ပါသည်။
      
                  စာရေးသူနှင့် မိခင်ကြီးတို့နှစ်ဦးရရှိထားသည့် ဒဏ်ရာဒဏ်ချက်များကြောင့် ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုကို နှစ်လကျော်ခန့် ဆက်လက်ခံယူရပြန်သည်။ ဖခင်ကြီးနှင့် စာရေးသူ၏သားဖြစ်သူမှာ ပြောပလောက်အောင် ထိခိုက်ဒဏ်ရာမရှိခြင်းကြောင့် အိမ်ပြန်သွားကြပါသည်။ အိမ်ပြန်အရောက်တွင် စာရေးသူ၏သားတော်မောင်မှာ သူ့မျက်နှာသူ မှန်ထဲတွင်ပြန်ကြည့်ပြီး ငိုပွဲဆင်ပါလေတော့သည်။ အကြောင်းမှာကား ယာဉ်တိုက်မှုဖြစ်စဉ်အချိန်က နဖူးတွင်အရှိန်ဖြင့်ဆောင့်မိထားခြင်းကြောင့် ဖူးယောင်နေရာမှ နဖူးနေရာမှ ဒဏ်ရာမရှိတော့ပဲ မျက်လုံးတွင် အညိုအမည်းများ ထင်ကျန်နေသဖြင့် ရုတ်တရက်ကြည့်မိပါက
ပန်ဒါဝက်ဝံတကောင်နှင့် ဆင်ဆင်တူနေသောကြောင့် ''ဟင်းးး အဲ့ဒါ သားသားလဲ အဟုတ်ဘူး'' ဟု ငိုနေခြင်းဖြစ်ပေသည်။

နောက်တနေ့တွင် စာရေးသူ၏ဖခင် စာရေးသူတို့သားအမိကို ဆေးရုံတွင်လာကြည့်တော့ သားတော်မောင်လည်း ဆေးရုံသို့ အတူလိုက်လာသည်။ လူနာသတင်းမေးရန်ရောက်နေနှင့်သည့် စာရေးသူ၏အဒေါ်တဦးက သူ့မြေးတော်မောင်အတွက် ဘေးကင်းရန်ကာသဘောမျိုးဖြင့် ပရိတ်ကြိုးဆွဲပေးရာတွင်
''ပူတယ် ပူတယ် ဖြုတ်ပေးဖြုတ်ပေး''  ဟူ၍ လူနာဆောင်တခုလုံး အလန့်တကြားဖြစ်သည်အထိ သံကုန်ဟစ်ပါလေတော့သည်။

သူ့အသံကြောင့် အနီးတွင် လူနာကိုအဖျားသွေးတိုင်းနေသည့် သူနာပြုတဦးယောင်ယမ်းပြီး ပြဒါးတိုင်ကို လူနာ၏ နှာခေါင်းတွင်းသို့ ထိုးထည့်လိုက်မိသည်ကို ငိုရခက်၊ ရယ်ရခက် လှမ်းတွေ့လိုက်ရပါသေးသည်။ စာရေးသူ၏အဒေါ်က ''ငါချည်ပေးထားခဲ့တဲ့ ပရိတ်ကြိုးတွေကို ဘယ်သူကမှမဖြုတ်ပေးရဘူး'' ဟု တင်းတင်းကြပ်ကြပ်မှာခဲ့ပြီး စာရေးသူ၏မိခင်လည်ပင်းတွင်ပါ ပရိတ်ကြိုးဆွဲပေးထားခဲ့သည်။ သို့ရာတွင် စာရေးသူ၏မိခင်လည်ပင်းမှ ပရိတ်ကြိုးမှာ မည်သည့်အချိန်က မည်သို့မည်ပုံ ပျောက်ဆုံးသွားမှန်း မသိလိုက်ရပဲ စာရေးသူသတိထားမိချိန်တွင် မိခင်ကြီး၏လည်ပင်းတွင် ရှိမနေတော့ချေ။

               စာရေးသူတို့သားအမိနှစ်ဦး ဆေးရုံတက်နေချိန်အတွင်းတွင် စာရေးသူ၏မိခင်ကြီးသည် သတင်းမေးရန်ရောက်လာသည့် ဆွေမျိုးမိတ်သင်္ဂဟများနှင့် စကားတွေရွှန်းရွှန်းဝေအောင် ဖောင်ဖွဲ့ပြောသည်။ ပြီးလျှင် အစားအစာတွေကို ခါတိုင်းနှင့်မတူ နင်းကန်စားသည်။ စားပြီးလျှင်လည်း " ခေါင်းမူးတယ်... ခေါင်းမူးတယ် " ဟုဆိုရင်း စားထားသမျှ အစာများ ပြန်အန်တတ်သည်။  အပေါ်ထပ်အခန်းမှ အောက်ထပ်သို့ပြောင်းရွှေ့လိုက်ချိန်တွင်တော့အခြေအနေက ပိုမိုဆိုးရွားလို့လာပါတော့ သည်။ စာရေးသူ၏ဦးခေါင်းဒဏ်ရာမှာ အတော်အတန်သက်သာနေပြီဖြစ်သဖြင့် ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်သော်လည်း မိခင်ဖြစ်သူကို တပြန်တလှည့် စောင့်ရှောက်ပေးရန်အတွက် လူနာအဖြစ်မှ လူနာစောင့်ဘဝသို့အသွင်ကူးပြောင်းပြီး နေရပြန်ပါသည်။ မနက်မိုးလင်းသည်နှင့် ဘုရားပန်းကပ်၊ ဆွမ်းကပ် ကောင်းမှုကုသိုလ်ပြုလုပ်ပြီး ညရောက်လာလျှင် တရားခွေဖွင့်၊ တရားနာရင်းဖြင့် ဆေးရုံပေါ်တွင် တနေ့တာအချိန်များကို ကျော်လွန်ဖြတ်သန်းလာရင်း တညတွင် စာရေးသူတရားခွေဖွင့်ထားစဉ် စာရေးသူ၏ မိခင်ကြီးက 

" နားငြီးတယ်... ပိတ်ထားလိုက် " ဟု ခက်ထန်စွာပြောလာပါတော့သည်။  စိတ်ထဲတွင် အထိတ်တလန့်ဖြစ်နေမိသော်လည်း ''မပိတ်ဘူး။ ဖေဖေက အမြဲဖွင့်ထားရမယ်လို့  မှာထားတယ်''    ဟု ပြန်ပြောလိုက်ရာ မိခင်ကြီးလည်း ဘာမှမပြောတော့ပဲ တဖက်သို့လှည့်ကာ စာရေးသူကို ကျောပေးလျက်နေပါတော့သည်။ စာရေးသူလည်း မိခင်ကြီး၏ခွဲစိတ်မှုခံယူထားရသည့် နေရာကို တတ်သမျှမှတ်သမျှ ဘုရားစာများရွတ်ပေးရင်း အသာအယာပွတ်သပ်ပေးနေစဉ် ရုတ်တရက် စာရေးသူ၏လက်ကို ပုတ်ထုတ်လိုက်ပြီး " ပူတယ်... လာမထိနဲ့ " ဟု အော်ဟစ်ကာ " ဟင်း ဟင်း ဟင်း .... ဟီး.. ဟီး... ဟီး.. "  အသံပေးကာ ညည်းငြူလို့နေပြန်ပါသည်။ စာရေးသူလည်း ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားကာ ကြောက်အားလန့်အားဖြင့် ဒရင်းဘက်ကို မိခင်ကြီးအနီးသို့ယူလာပြီး ညလုံးပေါက် ဘုရားဂုဏ်တော်၊ ပရိတ်၊ ပဌာန်းများကို ရွတ်ဖတ်ပူဇော်နေမိရာ မည်သည့်အချိန်တွင် အိပ်ပျော်လို့ အိပ်ပျော်သွားမှန်းပင် မသိလိုက်ပါတော့ချေ။

                      မနက်မိုးလင်းအိပ်ယာနိုးချိန်ရောက်တော့ စာရေးသူ၏မိခင်မှာ ညတုန်းက အဖြစ်အပျက်တွေနှင့် မည်သို့မျှ မပတ်သက်ခဲ့လေသည့်အလား ပုံမှန်ပင်။ ထိုသို့ဖြင့် စာရေးသူ၏ မောင်အငယ်နှင့် နှစ်ဖက်မိဘများသဘောတူထားသည့် ချွေးမလောင်းရောက်လာချိန်တွင် အမှုက ထပ်တိုးလာပြန်သည်။ " ပုဇွန်အစိမ်းတွေ ဝယ်လာခဲ့။ ဒီမှာ စားမလို့ " ဟုဆိုကာ သူ့ချွေးမလောင်းကို အမှာတော်ပါးလေသဖြင့်စာရေးသူလည်း အထိတ်တလန့်ဖြစ်သွားရပြီး ဝယ်မလာဖို့ တချက်လွှတ် အမိန့်တော် ချမှတ်ရပြန်ပါသည်။ ကိစ္စတွေက သည်မှာတင် ရပ်တန့်မသွားပဲ နောက်တရက်တွင် စာရေးသူတို့ ထမင်းစားနေကြချိန်တွင် စာရေးသူ၏မွေးသမိခင်က ''နင် တို့မြန်မြန်စား။ ဟို အပြင် မှာသရဲမ၊ သရဲမ လမ်းလျှောက်နေတယ် သူလည်းစားဖို့စောင့်နေတယ်'' ဆိုလေသဖြင့် ထမင်းစားနေ သည့် စာရေးသူတို့ ထမင်းသီးသူက သီးကုန်ကြပြီး ထိတ်ထိတ်ပျာပျာ ဖြစ်သွားရပြန်ပါသေးသည်။

                  ထိုသို့ဖြင့် စာရေးသူ၏မိခင်မှာ နေ့ဘက်တွင်အကောင်းပကတိအတိုင်းရှိနေပြီး ညအချိန်ရောက်သည်နှင့် သာမန်မဟုတ်တော့သည့် အခြေအနေများဖြစ်လာသဖြင့် စာရေးသူမှာ ဖခင်ဖြစ်သူအား ဖွင့်ပြောရပါတော့သည်။ သို့ကြောင့်ပင် စာရေးသူ၏ဖခင်လည်း စိုးရိမ်တကြီးဖြစ်သွားကာ မော်လမြိုင်တွင်နေထိုင်သည့် မိတ်ဆွေတဦးထံသို့ တယ်လီဖုန်းဖြင့် အဆက်အသွယ်လုပ်ကာ ဝင်းစိန်ဆရာတော်ကြီးထံ လျှောက်တင်ရလေသည်။ ဆရာတော်ဘုရားမှစာရေးသူ၏မိခင်ခန္ဓာကိုယ်တွင် မမြင်အပ်သည့် ပရလောကသားတဦး ပူးကပ်ဝင်ရောက်နေခြင်းဖြစ်ပြီး စိုးရိမ်ရန်မလိုကြောင်း၊ ဆရာတော်ကြီးမှ မေတ္တာပို့ပေးပါမည့် အကြောင်းတို့ကို  ပြန်လည်မိန့်ကြားတော်မူပါသည်။ ထို့နောက်ဆက်လက်၍ ဆရာတော်ကြီးက မြက်ချိုရွက်ကိုရအောင်ရှာဖွေ၍ အမြစ်ရော၊ အရွက်ကိုပါ ရေစင်အောင်ဆေးကြောပြီး ထုထောင်း အရည်ညှစ်ကာ စာရေးသူ၏မိခင်ကြီးအား တိုက်ရန်ဆက်လက် မိန့်ကြားလေသည်။

                    ဆရာတော်ကြီးမိန့်ကြားသည့်အတိုင်းဆောင်ရွက်ရန်အတွက် စာရေးသူ၏ဖခင်နှင့် သူ့မိတ်ဆွေမြို့နယ်မှုးတဦးတို့မှာ ရန်ကုန်မြို့အနှံ့လှည့်လည်ကာ မြက်ချိုရွက်ရှာပုံတော်ခရီးကို စတင်ကြပါတော့သည်။ ကုသိုလ်ကံကောင်းချင်ပြန်တော့ မြန်မာ့အသံဝင်းအနောက်ရှိ မြက်တောထဲတွင် ထိုမြက်ချိုရွက်ပင်ကို ဆိုက်ဆိုက်မြိုက်မြိုက်သွားတွေ့သည်။ ရှာဖွေရရှိလာသည့် မြက်ချိုကို ငြုပ်ဆုံထဲထည့်ထောင်းအရည်ညှစ်ပြီး ရေခဲသေတ္တာထဲထည့်ထားကာ ညနေဆေးရုံသို့လာချိန်တွင် ယူလာပြီး မိခင်ဖြစ်သူအား တိုက်သည့်အခါတွင် ခါးခါးသီးသီးငြင်းပါတော့သည်။ အတင်းမရမက ပါးစပ်ကိုဖြဲဟပြီးတိုက်မှပင် အဆင်ချောသွားသည်။ ထိုသို့ဖြင့် မနက်တဇွန်း၊ ညတဇွန်းတိုက်လာရင်းမှ နှစ်ရက်မြောက်ခန့်ဖြစ်သည့် တနင်္ဂနွေနေ့တွင် ဆရာဝန်များမရှိခိုက်တွင် အနီးတွင်ရှိနေသူတဦးအား စာရေးသူ၏ မိခင်က ''ဆရာဝန်က ငါ့ကို ထိုင် လို့ရပြီလို့ ပြောတယ် ''  ဟုပြောရင်း ထ အထိုင်တွင် အရုပ်ကြိုးပြတ်လဲကျသွားပြီး သွားများပါ စိ ကုန်ပါတော့သည်။ စာရေးသူ၏ဖခင်က "သွားမစိစေနဲ့
ရအောင်ဆွဲ"  ဟုဆိုသဖြင့် မိခင်ကြီး၏ ပါးစပ်ကို အစွမ်းကုန် ဆွဲဟရပြန်ပါသည်။ (သွားစိသွားလျှင် အသက်ပါ ပါသွားတတ်ကြောင်းကို နောင်မှ သိရပါသည်) ထိုသို့ပြုလုပ်ခြင်းကြောင့်ပင် ဖြစ်မည်ထင်ပါသည်။  " ဟင်းးးး " ခနဲ အသံရှည်ကြီးတခုကို ပြုရင်း စာရေးသူ၏မိခင် သတိပြန်လည်လာပါသည်။
                      
                  ထို့နောက်ပိုင်းတွင်တော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်နှင့် သူနာပြုများ၏ ကုသမှုနှင့် ဆရာတော်ဘုရားကြီးပို့သသော မေတ္တာတို့ကြောင့် မိခင်ကြီး၏ ကျန်းမာရေးမှာ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိလာခဲ့ပါသည်။ ညအချိန်ရောက်လျှင် အော်ဟစ်ခြင်းမျိုးလည်းမရှိတော့ပဲ အသားစိမ်းများလည်း တောင်းစားခြင်း မရှိတော့ချေ။ ထူးခြားချက်တခုအနေဖြင့် ကျန်းမာရေးအခြေအနေ ရာနှုန်းပြည့်ကောင်းမွန်ပြီးနောက်ပိုင်းတွင် ယခင်ဆေးရုံတက်စဉ်ကတည်းက လူနာသတင်းမေးလာရောက် သူများအား " စဖြစ်ကတည်းက ဘာလို့ လာမတွေ့ကြတာလဲ " ဟု  ဒေါသထွက် စိတ်ဆိုးပါသေးသည်။ ( ယခင်ရက်များက ထို ဆွေမျိုးများနှင့် ပြုံးပြုံးရွှင်ရွှင် စကားပြောနေကြောင်း စာရေးသူ အထက်တွင် ရေးသားခဲ့ပြီး ဖြစ်ပါသည်။)

                   ဝတ္ထုဇာတ်လမ်းများမှာဆိုလျှင် ဇာတ်လမ်းက ဤမျှဖြင့် ပြီးသွားလိမ့်မည်ဖြစ်သော်လည်း အမှန်တကယ်လက်တွေ့ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ပရလောကဖြစ်ရပ်မှန်များသည် ရပ်တန့်မသွားခဲ့ပါ။ စာရေးသူတို့မိသားစုလေးဦးအား တမလွန်ဘဝသို့ခေါ်ဆောင်မသွားနိုင်ခြင်းကြောင့်လော၊ သို့တည်းမဟုတ် တိုက်ဆိုင်ခြင်းလေလော မပြောတတ်ပါ။ စာရေးသူ၏မိခင်ဆေးရုံမှဆင်းပြီး နောက်တနေ့တွင်ပင် ရွှေဂုံတိုင် Excel Tower  ဂုံးအဆင်းတွင် ယာဉ်မတော်တဆမှုတခုဖြစ်ပွားခဲ့လေသည်။ ယာဉ်ပေါ်တွင်လိုက်ပါလာသူ ခြောက်ယောက်အနက် နှစ်ဦးသာလျှင် အသက်ရှင်ကျန်ရစ်ပြီး ကျန်လေးဦးမှာ အသက်ဆုံးရှုံးသွားခဲ့ရသည်။ ထိုကားကို မောင်းနှင်သူမှာ စာရေးသူ၏မိခင်ဆေးရုံတက်နေစဉ် သတင်းလာမေးသွားသည့် စာရေးသူ၏ မောင်ဝမ်းကွဲဖြစ်ပြီး ၄င်းမှာ ယာဉ်တိုက်မှုဖြစ်လျှင်ဖြစ်ချင်း ကွယ်လွန်သွားခဲ့ရပြီး ကျန်လူများအနက် တဦးမှာ ဆေးရုံရောက်ရောက်ချင်း၊ ရောက်ပြီး မကြာခင် တယောက်၊ မနက်မိုးလင်းချိန်တွင် တယောက် စုစုပေါင်း လေးယောက်တိတိ သေဆုံးခဲ့ပါသည်။ ကွယ်လွန်သွားကြသူများအားလုံးမှာ စာရေးသူ၏ မိခင်ဘက်မှ တော်စပ်သော ဆွေမျိုးများပင်ဖြစ်သည်။ ကွယ်လွန်သူအားလုံးမှာ တဦးနှင့်တဦး ညီအစ်ကိုဝမ်းကွဲတော်စပ်နေကြပြီး ၄င်းတို့အားလုံးမှာ တဦးတည်းသောသားများ ဖြစ်ကြသည့်အတွက် ကျန်ရစ်သူမိသားစုများ၏ ကြေကွဲမှုကို ခန့်မှန်းတွက်ဆနိုင်ပါသည်။ ကွယ်လွန်သူများမှာ ဗဟန်း (၂)လမ်းတွင်နေသူ သုံးယောက်နှင့် ဗဟန်း(၃)လမ်းတွင်နေသူတယောက်တို့ ဖြစ်လေရာ ၄င်းတို့အကြောင်းမှာ ထိုအချိန်က အတော်ပင် ဂယက်ထသွာခဲ့ပါသေးသည်။

အသက်မသေပဲကျန်ခဲ့သူ နှစ်ယောက်အနက်မှ တယောက်မှာ ဒဏ်ရာများကုသပျောက်ကင်းပြီး ဆေးရုံမှ ဆင်းလာချိန်တွင် ယာဉ်တိုက်မှုမြင်ကွင်းကြောင့်လား၊ အခြားသော ပယောဂတစုံတရာကြောင့်လားမသိရပဲ ဂယောင်ဂတမ်းစိတ်ချောက်ချားပြီး အော်ဟစ်နေတတ်သဖြင့် သင်္ကြန်တွင်းတွင် ဒုလ္လဘရဟန်း ဝတ်ပေးလိုက်ပြီးမှ နဂိုအတိုင်းပြန်ဖြစ်သွားခဲ့ပါသည်။

                    ယာဉ်တိုက်မှုဖြင့် ရုတ်တရက်ကွယ်လွန်သွားခဲ့ကြရှာသော ဆွေမျိုးများ၏နာရေးသတင်းကို ကြားသည့်အချိန်တွင် မိခင်ဖြစ်သူထံမှ ရုတ်တရက်ကြားလိုက်ရသော စကားတခွန်းက စာရေးသူ၏ နှလုံးသားတွင် ယနေ့ထက်ထိတိုင် စွဲထင်ကျန်ရစ်နေပါသေးသည်။ မိခင်ကြီး၏ ပြောစကားမှာ     "  ဆေးရုံက ဆင်းကာနီး အခန်းအပြင်မှာ အရိပ်မည်းမည်းတွေ ငါ့ကို လက်ယပ်ခေါ်ပြီး သူတို့နဲ့အတူတူ လိုက်ခဲ့ဆိုပြီး လှမ်းပြောတယ်။ ငါမလိုက်ဘူးငြင်းလိုက်တော့
သားကြီး (ရွှေဂုံတိုင် Excel Tower အနီး ယာဉ်တိုက်မှုတွင် ပွဲချင်းပြီးကွယ်လွန်သူ) တို့ပြန်တော့ သူတို့နောက်ကနေ လိုက်သွားကြတာ တွေ့လိုက်တယ် "
ဟူ၍ပင်။

                 
စာရေးသူအနေဖြင့် တစ္ဆေ၊သရဲ၊ နာနာဘာဝ အစရှိသည့် ဘဝတပါးမှ ပရလောကသားများအကြောင်းကို ငယ်စဉ်ကတည်းကပင် ကြားဖူးနားဝဖြင့် အတန်အသင့်ဗဟုသုတရှိ ထားသော်လည်း ကိုယ်တွေ့ကြုံဆုံရလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်မှတ်ခဲ့ပါ။ ယခုဖြစ်ရပ်ကို အသက်နှင့်ရင်းနှီး၍ကြုံလိုက်ရသည့်တိုင်အောင် ပဟေဠိပေါင်းမြောက်များစွာက စာရေးသူ၏ အတွေးတွင် နေရာယူလျက်ရှိနေပါသေးသည်။ မည်သို့ပင်ဆိုစေ အသက်ဆုံးရှုံးသွားသူများကလည်း ဆုံးရှုံးသွားခဲ့ကြ ရပေပြီ။ 

အသက်အရွယ်ငယ်ငယ်ဖြင့် ဘဝတပါးသို့ ကူးပြောင်းသွားကြရသူလေးဦးတို့သည် စာရေးသူတို့ မိသားစုလေးဦး၏ကိုယ်စား ဘဝတပါးသို့ ကူးပြောင်းသွားရခြင်းဖြစ်ခဲ့ပါက ကောင်းရာမွန်ရာဘုံဘဝ များသို့ရောက်ရှိနိုင်ကြပါစေဟု ဆုတောင်းရင်း။

Thanks to Mrs.Katty K Khine

One of Admins
သရဲအကြောင်းပြောကြမယ် (ပေတလောကကိုစိတ်ဝင်စားသူများ) 

0 comments:

Post a Comment