Friday, October 18, 2013

နယူးကာဆယ် - လီဗာပူးလ်ပွဲမတိုင်မီ ထူးခြားချက်များ


ပရီးမီးယားလိဂ် ပွဲစဉ် (၈) ပြိုင်ပွဲများမှာ အစောဆုံး ပွဲဖြစ်သည့် နယူးကာဆယ်အသင်းနှင့် လီဗာပူးလ်အသင်းတို့ယှဉ်ပြိုင်မည့် ပွဲမတိုင်မီ ဒါဏ်ရာရ ပွဲပါယ် ကစားသမားစာရင်းများ၊ ထူးခြားချက်များကို တင်ပြအပ်ပါသည်။
နယူးကာဆယ်အသင်းခေါင်းဆောင် ကိုလိုချီနီဟာ ကြွက်သား ဒါဏ်ရာကြောင့် ယခုပွဲစဉ်မှာ လွဲချော်မည် ဖြစ်သည်။ ဂျိုးနက်စ် ဂူတီယာရက်ဇ်ဟာလည်း ကိုယ်ရေးကိုယ်တာ အကြောင်းကြောင်းကြောင့် ယခုပွဲစဉ်မှာ ပါဝင်မည် မဟုတ်ကြောင်း သိရသည်။ စတီဗင် တိုင်လာဟာလည်း တံကောက်ကြောဒါဏ်ရာမှ ပြန်လည်သက်သာလာဖွယ် မရှိသေးသည့်အတွက် အမ်မ်ဘီယာနှင့် ဝီလီယံဆင်တို့ ဗဟိုခံစစ်မှာ ပူးတွဲ ပွဲထွက်လာဖွယ် ရှိနေသည်။

လီဗာပူးလ်အသင်းမှာ ဂလင်းဂျွန်ဆင်၊ ဂျိုး အလန်နှင့် အာလီ ဆစ်ဆိုခို တို့ဟာ ဒါဏ်ရာမှ သက်သာလာပြီး လေ့ကျင့်ခန်းဆင်းနိုင်ပြီ ဖြစ်သည့်အတွက် ယခုပွဲစဉ်မှာ ပါဝင်လာဖွယ် ရှိနေသည်။ ပွဲပါယ် ပြစ်ဒါဏ်ခံနေရသည့် လူးကပ်စ်ဟာလည်း ပွဲပါယ်ပြစ်ဒါဏ်မှ လွတ်မြောက်လာပြီ ဖြစ်ပြီး အီယာဂို အက်စ်ပက် ကတော့ ပေါင်ဒါဏ်ရာကြောင့် ဒီဇင်ဘာလအထိ အနားယူရဖွယ် ရှိနေသည်။

☻ ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး ၁၀ ပွဲမှာ လီဗာပူးလ်အသင်းက ၇ ပွဲ အနိုင်ရထားပြီး ၁ ပွဲသရေ ၂ ပွဲ ရှုံးနိမ့်ခဲ့သည်။

☻ ဧပြီလတုန်းက နယူးကာဆယ်ကွင်းမှာ လီဗာပူးလ်အသင်းကို ၀-၆ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဟာ ၁၉၂၅ ခုနှစ်နောက်ပိုင်း နယူးကာဆယ်အသင်းအတွက် အကြီးမားဆုံး အိမ်ကွင်းရှုံးပွဲ ဖြစ်ခဲ့သည်။ ၁၉၂၅ ခုနှစ်က ဘလက်ဘန်းအသင်းကို ၁-၇ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

☻ လက်ရှိ နယူးကာဆယ် မန်နေဂျာ အလန်ပါဂျူး၏ ပထမဆုံး နယူးကာဆယ်ကို ကိုင်တွယ်ခဲ့သည့် ပွဲဟာ ၂၀၁၀ ဒီဇင်ဘာလတုန်းက  လီဗာပူးလ်အသင်းနှင့် ယှဉ်ပြိုင် ကစားခဲ့ရသည့် ပွဲဖြစ်ပြီး ထိုစဉ်က နယူးကာဆယ်အသင်းက ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။

☻ နယူးကာဆယ်အသင်း သွင်းယူနိုင်ခဲ့သည့် နောက်ဆုံး ပရီးမီးယားလိဂ် ၁၂ စလုံးဟာ အားလုံး ပြင်သစ် ကစားသမားများမှ သွင်းယူခဲ့ခြင်း ဖြစ်သည်။

☻ ပြင်သစ်ကစားသမားမဟုတ်သည့် နယူးကာဆယ်အတွက် နောက်ဆုံး ဂိုးသွင်းယူနိုင်သူမှာ ပါပစ် ဆစ်ဆီ ဖြစ်ပြီး ဧပြီလက ဖူလ်ဟမ်အသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့စဉ်က ဖြစ်သည်။

☻ ဆစ်စီဟာ နောက်ဆုံး ကစားခဲ့သည့် ၁၃ ပွဲဆက် ဂိုးပေါက် ပျောက်နေခဲ့ပြီး အငှားစာချုပ်ဖြင့် လာရောက် ကစားနေသူ ရမ်မီကတော့ နယူးကာဆယ်အတွက် နောက်ဆုံး ပါဝင်ကစားပေးခဲ့သည့် ၃ ပွဲမှာ ၅ ဂိုး သွင်းယူထားသည်။

☻ နယူးကာဆယ်အသင်းဟာ နောက်ဆုံး ၄ ပွဲမှာ ၈ ဂိုး သွင်းယူနိုင်ခဲ့ပြီး နောက်ဆုံး ၄ ပွဲထက်အရင် စောစောပိုင်း ၁၄ ပွဲမှာ ၈ ဂိုးသာ သွင်းယူနိုင်ခဲ့သည်။

☻ လီဗာပူးလ်အသင်းဟာ နောက်ဆုံး အဝေးကွင်း ၇ ပွဲမှာ ရှုံးပွဲ မရှိသေးပဲ ၅ ပွဲနိုင် ၂ ပွဲ သရေကျထားသည်။ ၁၇ ဂိုး သွင်းယူနိုင်ခဲ့ပြီး ၅ ဂိုးသာ ပေးဂိုး ရှိခဲ့သည်။ လီဗာပူးလ်အသင်း၏ နောက်ဆုံး အဝေးကွင်း ရှုံးပွဲဟာ မတ်လတုန်းက ဆောက်သမ်ပ်တန် အသင်းကို ရှုံးနိမ့်ခဲ့သည့် ပွဲဖြစ်သည်။

☻ လီဗာပူးလ်အသင်းဟာ ယခုနှစ် ပရီးမီးယားလိဂ်မှာ ၁၁ ဂိုး သွင်းယူနိုင်ခဲ့ပြီး ပထမပိုင်းမှာ ၁၀ ဂိုး သွင်းယူခဲ့ခြင်း ဖြစ်သည်။ ဆန်းဒါးလန်းအသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့သည့် ပွဲစဉ်မှာ လူးဝစ်ဆွာရက်ဇ်က ဒုတိယပိုင်းမှာ တစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး တစ်ရာသီလုံးမှာ တစ်လုံးတည်းသော ဒုတိယပိုင်း သွင်းဂိုး ဖြစ်ခဲ့သည်။

☻ အကယ်၍ ဒုတိယပိုင်း ရလာဒ်များကိုချည်း ရမှတ် ရေတွက်ပါက လီဗာပူးလ်အသင်းဟာ အဆင့် ၁၉ မှာ ရပ်တည်နေပြီ ဖြစ်ပြီး ရမှတ် ၄ မှတ်သာ ရရှိနေမည် ဖြစ်သည်။

☻ လီဗာပူးလ်အသင်းခေါင်းဆောင် စတီဗင် ဂျရတ်ဟာ ပရီးမီးယားလိဂ် သွင်းဂိုးပေါင်း ၁၀၀ ပြည့်ဖို့ တစ်ဂိုးသာ လိုတော့သည်။ ဂျရတ်သွင်းယူနိုင်ခဲ့သည့် နောက်ဆုံး ၄ ဂိုးဟာ ပယ်နယ်တီ သွင်းဂိုးများ ဖြစ်ပြီး ပုံမှန် ကစားချိန်မှာ ဂျရတ်သွင်းယူနိုင်ခဲ့သည့် နောက်ဆုံးဂိုးဟာ ဖေဖော်ဝါရီလက မန်စီးတီးအသင်းကို သွင်းယူနိုင်ခဲ့သည့် ဂိုး ဖြစ်သည်။
Written by အောင်စိုးမိုး(နတ်ရွာ) 
FOOTBALL CAFE

0 comments:

Post a Comment